ဆောင်းပါးအတွေးအမြင်

Chinland Council ဖွဲ့စည်းမှုအပေါ် သုံးသပ်ချက် | R. Lakher

Chinland Council ဖွဲ့စည်းမှုအပေါ် သုံးသပ်ချက် | R. Lakher

လွတ်လပ်ရေးခေတ်နောက်ပိုင်း ချင်းလက်နက်ကိုင်တော်လှန်ရေးသမိုင်းအစကို ပြန်ပြီးခြေရာကောက် ကြည့်မည်ဆိုပါက ၁၉၈၈ ခုနှစ် Chin National Front (CNF) စတင်တည်ထောင်ချိန်လောက်ကနေစခဲ့ သည်ဟုဆိုရမည် ဖြစ်သည်။ ခုဆို နှစ်ပေါင်း ၃၀ ကျော်ပါပြီ။

သို့သော် ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလက်နက်ကိုင် တော် လှန်ရေးဟာ ချင်းတော်လှန်ရေးသမိုင်းတလျှောက် အပြင်းထန်ဆုံးဟု ဆိုရမည် ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ တော်လှန်ရေးအင်အားစုများအနက် အားအကောင်း ဆုံး တော်လှန်ရေးအင်အားစု တစ်စုဟု လည်း ဆိုရမည်ဖြစ်ပါသည်။

ထို့အပြင် လက်ရှိနွေဦးတော်လှန်ရေးသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ စတင်ခဲ့သည်ဟုပင်ဆိုနိုင်ပါသည်။

၂၀၂၁ နောက်ပိုင်း ချင်းတော်လှန်ရေးသည် အောင်မြင်မှုများစွာ ရရှိခဲ့သလို ဆုံးရှုံးမှုများစွာလည်း ရှိခဲ့သည်ကို တွေ့ရသည်။ ပေးဆပ်မှုများစွာအနက် တချို့ ကို ဖော်ပြရမည်ဆိုလျှင် ထန်တလန်မြို့ကြီး ပြာကျသွားရခြင်း၊ ချင်းပြည်သူ လေးပုံတစ်ပုံနီးပါး ဒုက္ခသည်ဘဝဖြစ်သွားရခြင်း၊ ပညာတတ်လူငယ် လေးများ တိုက်ပွဲတွင် အသက်ပေးသွားကြခြင်းတို့ပင်ဖြစ်ပါသည်။

အောင်မြင်မှုတချို့ကို ဖော်ပြရမည်ဆိုရင် တိုက်ပွဲပေါင်း ၅၅၀ ကျော်ဆင်နွှဲ နိုင်ခဲ့ ပြီး၊ စစ်ကောင်စီ စခန်းပေါင်း ၉ ခုကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် မြေပြင် တော် တော် များများကို ထိန်းချုပ်ထားနိုင်ပြီဟု ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် အောင်မြင်မှုတွေရရှိခဲ့ကြသလို ဆုံးရှုံးမှုတွေ လည်း တန်ဖိုးကြီးတာ မို့ ချင်းတော်လှန်ရေး ကိုပြန်လည်သုံးသပ်ဖို့ရန် အရေးကြီးလှပါသည်။

ထို့အပြင် ချင်းတော်လှန်ရေးကို ခြုံပြီးကြည့်မယ်ဆိုရင် အားသာချက်များစွာ ရှိသကဲ့သို့ အားနည်းချက် များစွာရှိသည့်အနက် တစ်ခုကိုဖော်ပြရမည်ဆိုလျှင် One Chain of Command မရှိခြင်း ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ခိုင်မာ သော စည်းလုံးမှု (Unity) မရှိခြင်းဖြစ်ပါသည်။ ခုလက်ရှိတွင် ချင်းပြည်နယ်၌ လက်နက်ကိုင်အစုအဖွဲ့ပေါင်း ၂၀ ကျော်ရှိနေ သည်။

ဤ အစုအဖွဲ့ ၂၀ ကျော်ကို ဘယ်လိုစုစည်းပြီး One Body/One Army အဖြစ် ပြောင်းလဲဖွဲ့စည်းရမည် နည်းဆိုသည့်မေးခွန်းသည် ချင်းတော်လှန်ရေး သမား များ အတွက် စိန်ခေါ်မှုအကြီးမားဆုံး ဖြစ်နေ သည်ကို တွေ့ရသည်။

ဤအစုအဖွဲ့အားလုံးကို စုစည်းနိုင်ရန် အကြိမ် ကြိမ် ကြိုးစားခဲ့ကြသည်။ ဥပမာ- Chinland Joint Defense Committee (CJDC)နှင့် Interim Chinland National Consultative Council (ICNCC) တို့ကို ဖွဲ့စည်းခဲ့ ကြသော်လည်း လိုချင်သော အတိုင်း အတာအထိ အောင်မြင်မှု မရနိုင်ခဲ့ သောကြောင့် ယနေ့တွင် CJDC ကို ဖြတ်သိမ်းပြီး အသစ်ဖြစ်သော Chinland Council ကို ဖွဲ့စည်းရန် ကြိုးပမ်းလာကြခြင်းဖြစ်ပါသည်။

Chinland Council ဖွဲ့စည်းမှုသည် လက်ရှိချင်းတော်လှန်ရေး၊ ချင်းအမျိုးသား ရေး နှင့် ချင်းအနာဂတ် နိုင်ငံရေးတို့ကို အပြောင်းအလဲဖြစ်စေနိုင်တာကြောင့် အင်မတန်အရေးကြီးပြီး စိတ်ဝင်စရာ ကောင်းလှ ပါသည်။

သေချာသောအချက်တစ်ခုမှာ စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်ပါ သည်။ ချင်းပြည်နယ် စည်းလုံးရေး ကို အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ကြသော သမိုင်း များရှိ သည်။

ထို့ကြောင့် သမိုင်းကပေးသော သင်ခန်းစာများကိုယူသင့်ပါသည်။ Chinland Council ဖွဲ့စည်းရန် ကြိုးပမ်းမှုကို အချက် (၃) သုံး ချက် ဖြစ်သော ရည်ရွယ် ချက် (Objectives)၊ ခေါင်းဆောင်းမှု (Leadership) နှင့် ချဥ်းကပ်မှု ပုံစံ (Approach) တို့ကို အခြေခံပြီး သုံးသပ်ချင်ပါသည်။

ပထမ အချက်ဖြစ်သော Chinland Council ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကို ကြည့်မယ်ဆိုရင်ဆိုလျှင် ချင်းတော်လှန်ရေး အင်အားစုများကို စုစည်းပြီး One Army/One Chain of Command ဖြစ်ပေါ် လာနိုင်ရေး၊ ချင်းအမျိုးသား တည်ဆောင်ရေး (Chin Nation Building)၊ ချင်းပြည်နယ် အခြေခံ ဖွဲ့စည်း ပုံ ပေါ်ပေါက်လာရေး (Chinland Constitution)၊ တော်လှန်ရေး ကာလ ချင်းပြည်နယ် အစိုးရ (Chin Revolutionary Government) ပေါ်ပေါက် လာမ ည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ချင်းကိုယ် စားပြု နိုင်ငံရေးဆွေးနွေးမည့် နိုင်ငံ ရေးဖွဲ့စည်းမှုတစ်ခု ဖြစ်ထွန်းလာရေး စသည့်တို့ဖြစ်ပါသည်။

အထက်ပါရည်ရွယ်ချက်များအားလုံးသည် အင်မတန်ကောင်းသော အချက်များ ဖြစ်သည် မှာ ငြင်းစရာမရှိပါ။ ချင်းပြည်သူတစ်ဦးအနေဖြင့် ထောက်ခံအားပေး ရမည် ဖြစ်ပါသည်။

ဒုတိယအချက်ဖြစ်သော ခေါင်းဆောင်မှု (leadership) ကို ကြည့်မည်ဆိုရင် အစုအဖွဲ့ ၃ ခုဖြင့်သော CNF-၂၇ ဦး ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် -၂၇ ဦး နှင့် မြို့နယ် နှင့်ဒေသကိုယ်စားလှယ် များ (–) ဖြင့် ဖွဲ့စည်းထားသော စုပေါင်းခေါင်းဆောင်မှု (collective Leadership) ဖြင့် Chinland Council ကိုဖွဲ့စည်းရန်ဟု ဆိုသော် လည်း CNF ၏ပါဝင်မှု အင်မတန်များနေသည်ဟု ကန့်ကွက်သူ များရှိနေသည်ကို တွေ့ရသည်။

CNF ကို အစကတည်းက မယုံကြည်သော အစုအဖွဲ့အချို့အတွက် အခက်ခဲ ဖြစ်စေသည်။ ဤအချက် ကြောင့် တစ်ချို့ CDF အဖွဲ့ဝင်များသော CNO/CNDF နှင့် ZFU တို့ ပထမအကြိမ် အစည်းအဝေး မတက် ရောက်ကြ ခြင်း ဖြစ်သည်။

ဤအချက်ကြောင့် Chinland Council ဖွဲ့စည်းမှုအောင်မြင်မှာမဟုတ်ကြောင်း ထောက်ပြပြောဆို မှုတွေလည်း ပြင်ပတွင် ရှိနေသည်။

ထို့အပြင် Chinland Council ဖွဲ့စည်းအားထုတ်မှု၏ နောက်ထပ်အားနည်းချက် တစ်ခုမှာ ရင့်ကျက် သော ချင်းနိုင်ငံရေးခေါင်ဆောင်များ မပါဝင်ခြင်း ဖြစ်သည်။ ဥပမာ – ဒေါက်တာ လျန်မှုန်းဆာခေါင်း တို့မပါဝင်ခြင်း၊ ချင်းဥပဒေပညာရှင် များ မပါဝင်ခြင်း၊ အခြားသော ဝါရင့် ချင်းနိုင်ငံရေး ခေါင်းဆောင်များ မပါဝင် ခြင်း စသည့်အချက်များကြောင့် Chinland Council အောင်မြင်စွာ ဖွဲ့စည်း နိုင်မှုအား သံသယဖြစ်စေသည်။

ထိုကဲ့သို့ သြဇာရှိသော ချင်းခေါင်ဆောင်းများ မပါဝင်ခြင်းကပြည်သူလူထု၏ ယုံကြည်စိတ်ချမှု (credibility) ကို အားနည်းစေသည်။

တတိယအချက်ဖြစ်သော ချဥ်းကပ်မှုပုံစံ (Approach) မှာလည်း အားနည်းချက် ရှိသည်ဟု မြင်ပါသည်။ ထိုအားနည်းချက် အချို့ကို ဖော်ပြရမည်ဆိုလျှင် အရွေး ကောက်မခံသော ချင်းနိုင်ငံရေးပါတီများ မပါဝင်ခြင်း၊ နိုင်ငံတကာမှ ချင်းပညာ ရှင်များ မပါဝင်ခြင်း၊ Civil Societies များ စုံလင်စွာမပါဝင်ခြင်း၊ စသည့် အချက်များသည် Chinland Council အောင်မြင်စွာ ဖွဲ့စည်းနိုင်မည်လား ဆိုသည့် မေးခွန်းကို ဖြေရခက်စေပါသည်။

အသံပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ ပါဝင်မှုအားနည်းပြီး Inclusiveness ဖြစ်မှု ပိုင်းမှာ အားနည်းချက် ရှိနေသည်ဟု မြင်ပါသည်။ ချင်းလူမျိုးဟာ စုံလင် ကွဲပြားမှုများပြီး၊ သမိုင်း၊ရိုးရားယဥ်ကျေးမှု ကွဲပြား ခြင်း၊ ဘာသာရေး မတူခြင်း နှင့် ဘာသာရေးအယူဝါဒ ကွဲပြားမှုရှိခြင်း ၊ မတူညီသော နိုင်ငံရေး အမြင် များ ရှိနေခြင်းတို့ကြောင့် စည်းလုံးမှုတည်ဆောက်တဲ့နေရာမှာ အထူးသတိပြုပြီး အားလုံး၏ အသံများ စုံလင်စွာစုစည်းနိုင်ရန် အင်မတန်အရေးကြီးပါသည်။

ဒီအချက်ဟာ လှေတစ်စင်းလုံးကို နစ်မြုပ်သွားစေနိုင်တဲ့ အပေါက်တစ်ပေါက် ကဲ့သို့ Chinland Council ဖွဲ့စည်းမှုကို ပြိုကွဲစေနိုင်မည့် အချက်ဖြစ်သည်။

အကျဥ်းချုပ်ရမယ်ဆိုလျှင် Chinland Council ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းမှုသည် ကောင်းသော ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်း ငြင်းစရာမရှိပေ။ One Chain of Command, One Political Body, Chinland Constitution, Revolutionary Chinland Government ပေါ်ပေါက်လာရေးတို့အတွက် အရေးကြီး ပါသည်။ ချင်းပြည်နယ်အတွက် သာမက မြန်မာနိုင်ငံအတွက် အရေးကြီးပါသည်။

ကျွန်တော်တို့အားလုံးအားပေးပြီး ဝိုင်းတွန်းသင့်ပါသည်။ သို့သော် ခေါင်းဆောင် မှု (leadership) မှာ အားနည်းချက်တစ်ချို့ နှင့် ချဥ်းကပ်မှုပုံစံ တို့ မှာ Inclusiveness မဖြစ်ခြင်းကြောင့် Chinland Council ဟာ လိုရာမရောက် ဖြစ်သွားနိုင်တာကို သတိထားစေချင်ပါသည်။

ထို့အပြင် CNF ရဲ့ Chinland Council မှာ အင်မတန်နေရာယူခြင်းဟာ တစ်ချို့ သော CDFs များ နှင့် အစုအဖွဲ့တချို့ကို သံသယတွေဖြစ်စေပြီး ရှေ့ဆက်သွားဖို့ အဟန့်အတား ဖြစ်စေနိုင်ပါသည်။ ဤ အချက် ဟာ CNF နှင့် CDFs များ အကြား အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းရမည့် အချက်တစ်ချက် ဖြစ်မည်မှာ သေချာသည်။

ဖော်ပြပါ အားနည်ချက်တွေကို ဖြည့်စည်းကျော်လွှားနိုင်မည်ဆိုပါက Chinland Council ဖွဲ့စည်းမှုဟာ မြန်မြန်ဆန်ဆန်နှင့် အောင်မြင်နိုင်မည်ဟု ယုံကြည်မိပါ ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

———–
ကြေညာ | အမှတ် ၄၀ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ

ဂျာနယ်စာစဉ်များကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန် ထုတ်ဝေလျက်ရှိနေပါတယ်။

အခုတခေါက် ထုတ်ဝေတဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “မြန်မာ့တော်လှန်ရေး သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ခြင်း” လို့ ပေးထားတာဖြစ်ပြီး စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုနိုင်ဖို့ ဖော်ပြပါ လင့်ခ်မှာ အခမဲ့ ဝင်ရောက်ဒေါင်းလုတ် ရယူနိုင်ပါတယ်။

ဒေါင်းလုတ်လင့်ခ် – https://drive.google.com/file/d/1q18aDDUkHPAP_Bf_H4vlaS4Ze8ucHt0b/view?usp=drive_link

Related Articles

Back to top button