သတင်း

ကရင်နီစစ်ဘေးရှောင်တွေကို လက်မခံဖို့ ထွေအုပ်နဲ့ PNO ပြည်သူ့စစ်က လိုက်လံညွှန်ကြားနေ

ကရင်နီစစ်ဘေးရှောင်တွေကို လက်မခံဖို့ ထွေအုပ်နဲ့ PNO ပြည်သူ့စစ်က လိုက်လံညွှန်ကြားနေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၇၊ ၂၀၂၃
 
ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်အချို့မှာ ကရင်နီစစ်ဘေးရှောင်တွေကို လက်မခံဖို့ စစ်ကောက်စီ လက်အောက်ခံ ထွေအုပ်နဲ့ Pa-O National Organization (PNO) ပြည်သူ့စစ်က လိုက်လံညွှန်ကြား နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တွေထံကနေ သိရပါတယ်။
 
တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းစတဲ့ မြို့နယ်တွေမှာ ကရင်နီပြည်နယ်က လာရောက်တဲ့ စစ်ဘေးရှောင်တွေကို ညအိပ်ညနေလက်ခံခြင်းမပြုဖို့ နိုဝင်ဘာလ ၁၆ရက်ကစတင်ပြီး ညွှန်ကြား နေတာဖြစ်တယ်လို့ သိရပါတယ်။
 
“စစ်ဘေးရှောင်တွေထဲမှာ နိုင်ငံရေးအမှုနဲ့ပါတ်သက်သူတွေပါလာနိုင်တာမလို့ လက်မခံဖို့ဆိုပြီး ရာအိမ်မှူးတွေက လာပြောတယ်”လို့ တောင်ကြီးဒေသခံတစ်ဦးက FJMMကို ပြောပါတယ်။
 
အကယ်လို့ လက်ခံထားပါက လာစစ်ချိန်မှာ တွေ့တယ်ဆိုရင် အိမ်ရှင်က တာဝန်ခံဖြေရှင်းရမယ်လို့ ကြေငြာထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
အဲဒီဒေသတွေက မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ဘေးရှောင်တွေလာရောက်ပါက ရပ်ကွက်ရုံးကို လာရောက်အကြောင်းကြားဖို့၊ အိမ်ရှင်တွေအနေနဲ့ မိမိသဘောနဲ့ မိမိ ညအိပ်လက်ခံတာ၊ အိမ်ငှားရမ်းတာတွေ မပြုလုပ်ဖို့ အသံချဲ့စက်နဲ့ ကြေညာနေသလို ကျေးရွာတွေမှာလည်း PNOတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်ဘေးရှောင်တွေကို လက်မခံဖို့ တစ်အိမ်တက်ဆင်းလိုက်လံပြောကြားနေတယ်လို့ သိရပါတယ်။
 
” ကရင်နီက လာတဲ့သူတွေဆိုရင် ငှားမပေးဖို့ကိုပဲ အဓိကထားပြောသွားတယ်”လို့ ပင်လောင်းဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။
 
လက်ရှိအချိန်မှာ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံတွေဟာ နီးစပ်ရာ ဆီဆိုင်၊ ပင်လောင်း၊ တောင်ကြီး၊ ကလော၊ အောင်ပန်းစတဲ့မြို့နယ်တွေကို တိမ်းရှောင်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲဒီဒေသက မြို့ဝင်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာလည်း ကရင်နီပြည်နယ်က လာရောက်တဲ့ အရပ်သားပြည်သူတွေကို စစ်တေးမှုတင်းကြပ်ထားပြီး စစ်ဘေးရှောင်အချို့ကို သွားလာဖြတ်သန်းခွင့်မပြုတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
 
NCA ထိုး PPST အဖွဲ့ဝင်ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO) ကတော့ ကယား ပြည်နယ်(ကရင်နီပြည်နယ်)မှ စစ်ပြေး၊ စစ်ရှောင်လာသော ပြည်သူ များကို ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Related Articles

Back to top button