သတင်း

ဦးရွှေမင်းပြည်သူ့စစ်ကို လီဆူပြည်သူ့စစ်လို့ မသုံးနှုန်းကြဖို့ လီဆူတိုင်းရင်းသားတွေ တောင်းဆို

လီဆူတစ်မျိုးသားလုံးကို ကိုယ်စားမပြုတဲ့အတွက် ဦးရွှေမင်းပြည်သူ့စစ်ကို လီဆူပြည်သူ့စစ်လို့ မသုံးနှုန်းကြဖို့ လီဆူတိုင်းရင်းသားတွေ တောင်းဆို

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၄၊ ၂၀၂၃
 
လီဆူနိုင်ငံရေးသမား ဦးရွှေမင်း ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ လီဆူတစ်မျိုးသားလုံးကို ကိုယ်စားမပြုတဲ့အတွက် ဦးရွှေမင်း လီဆူပြည်သူ့စစ်လို့ မသုံးနှုန်းကြဖို့ လီဆူတိုင်းရင်းသားတွေ အသိပေးတောင်းဆိုလိုက်ပါတယ်။
 
“မြန်မာနိုင်ငံလီဆူ စစ်တပ်ခေါ်ယူရန် ဖိတ်စာ “လို့အမည်ပေးထားတဲ့ ဖိတ်ခေါ်စာတစ်ခုကို ဦးရွှေမင်းက ဖြန့်ဝေထားကာ မြန်မာနိုင်ငံတဝှမ်းလုံးမှ လီဆူလူမျိုးစုတွေအနေနဲ့ တစ်အိမ်တစ်ယောက် စစ်မှုထမ်း ရမယ်လို့ ပါရှိနေပြီး အဲဒီစာနဲ့ပါတ်သက်လို့ ဦးရွေမင်းအနေနဲ့ ကိုယ်ကျိုးအတွက် လီဆူတိုင်းရင်းသား တွေကို အသုံးချတာဖြစ်တယ်လို့ ဆိုပါတယ်။
 
“ကိုယ်ကျိုးအတွက် ကျွန်တော်တို့တိုင်းရင်းသားတွေကို အသုံးချတာလို့ပဲပြောချင်တယ်။ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့လက်နက်ကိုင်ရမယ်ပေါ့၊ လီဆူတွေဆိုတာ အရင်ကတည်းက အေးအေးဆေးဆေးလုပ်ကိုင်စားသောက်နေတဲ့သူတွေပါ။ သူနဲ့အတူ ပုလင်းတူဗူးဆို့သမားတွေတော့ ပါသွားမှာပေါ့။ ဒါပေမယ့် လီဆူတိုင်းရင်းသားတွေအားလုံးကို ကိုယ်စားမပြုတဲ့အတွက် လီဆူ ပြည်သူ့ စစ်လို့ မခေါ်ဘဲ ဦးရွှေမင်းပြည်သူ့စစ်လို့ပဲ ခေါ်ဖို့ အသိပေးချင်တယ်”လို့ လီဆူတိုင်းရင်းသားတစ်ဦးက FJMMကို ပြောပါတယ်။
 
အဲဒီဖိတ်ခေါ်စာမှာ လီဆူတိုင်းရင်းသားတွေအနေနဲ့တစ်အိမ်တစ်ယောက် မဖြစ်မနေ ပါဝင်ရမှာဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်ကနေ ၂၂ ရက်အထိ အမည်စာရင်းထည့်သွင်းတာမရှိပါက နိုဝင်ဘာလ ၂၃ ရက်မှာ နေအိမ်အထိ လာရောက်ခေါ်ယူမယ်လို့ ထည့်သွင်းရေးသားထားပါတယ်။
 
ဒီလိုရေးသားခြိမ်းခြောက်ထားတာပါတ်သက်ပြီး လီဆူတိုင်းရင်းသားတစ်ဦးက “ဗမာစစ်တပ် အားကိုး ရှိလို့ ဒီလိုခြိမ်းခြောက်ရဲတာပေါ့၊ ပြီးတော့ သူက လီဆူတိုင်းရင်းသား ခေါင်းဆောင်ဆိုပြီး အားလုံးက အသိအမှတ်ပြုထားတာလည်းမဟုတ်ဘူး။ ရွေးကောက်ပွဲနိုင်ထားတာတော့ရှိပေမယ့် ခေါင်းဆောင်လို့ သတ်မှတ်လို့မရဘူးလေ။ အရင်ကတော့ အဲဒီလိုလုပ်လို့ရရင်ရမယ်။ အခုနောက်ပိုင်းမှာက လီဆူ လူငယ်တွေအနေနဲ့ ပညာတတ်တွေပေါလာပြီဆိုတော့ မရတော့ဘူးလေ။ လူမျိုး၊ ဘာသာ သာသနာ ဆိုတဲ့ စကားလုံးလှလှလေး‌တွေသုံးပြီး ကိုယ့်လူမျိုးကို တစ်သက်လုံးအမှောင်ချထားချင်လို့ မရတာ”လို့ FJMMကို ပြောပါတယ်။
 
ဦးရွေမင်းကတော့ KIAကို တန်ပြန်ကာကွယ်တိုက်ထုတ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့စစ်ဖွဲ့စည်း ကိစ္စကို အကောင်ထည်ဖော်လုပ်ဆောင်တာဖြစ်ပြီး သူ့အနေနဲ့ ၂၀၂၀ ရွှေးကောက်ပွဲမှာ တိုင်းရင်းသား ရေးရာဝန်ကြီးနေရာက ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မဲ၅၀.၈၁ရာခိုင်နှုန်းနဲ့ အပြတ်သတ်အနိုင်ရရှိခဲ့တဲ့ လီဆူ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် လီဆူလူမျိုးတွေရဲ့ ထောက်ခံမှုအပြည့်နဲ့ ဝိုင်းဝန်းဆွေးနွေးတဲ့ သဘောတူညီချက်ကြောင့် အခုလို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ The 74 Mediaကို ဖြေကြား ထားပါတယ်။
 
လီဆူတိုင်းရင်းသားအများစုကတော့ ဦးရွှေမင်းပြည်သူ့စစ်ဖွဲ့စည်းတာဟာ လီဆူတိုင်းရင်းသားတွေ ကြားထဲမှာ စိတ်ဝမ်းကွဲအောင်လုပ်ဆောင်တာဖြစ်သလို စစ်အာဏာရှင်စနစ်ကို တခြားတိုင်းရင်းသား တွေက တိုက်ထုတ်နေတဲ့အချိန်မှာ လီဆူတိုင်းရင်းသားတွေအပေါ် တခြားတိုင်းရင်းသားတွေ အမြင်စောင်းအောင်၊ ပျက်ရယ်ပြုအောင်လုပ်ဆောင်တာဖြစ်တယ်လို့ ယူဆနေကြပါတယ်။
 
“အချင်းချင်းသွေးကွဲအောင်၊ ဒေသတွင်းပြဿနာဖြစ်အောင် တမင်လုပ်တာလို့ပဲ မြင်တယ်။ အခုချိန်က တစ်နိုင်ငံလုံး စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့အချိန်မှာ လီဆူတွေက ပြည်သူ့စစ်ထဖွဲ့တော့ ကျွန်တော် တို့လူမျိုးတွေကို တခြားတိုင်းရင်းသားတွေက ဘာပြောမလဲ။ နောက်တစ်ခုက အိမ်အထိ လာခေါ်မယ် ဆိုတာက ကိုယ့်လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်ရုံသာမက လူအခွင့်အရေးချိုးဖောက်တာလို့ မြင်တယ်။ အတင်းအဓမ္မလာခေါ်မယ့်ပုံစံမျိုး ပြောထားတယ်လေ။ ဒီလိုဖွဲ့တာက ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ ကောင်းကျိုးထက် အဆိုးဘက်ကို ရောက်သွားနိုင်တယ်လို့ ထင်တာဖြစ်တဲ့အတွက် ဦးရွှေမင်း ပြည်သူ့စစ်ဖွဲ့စည်းတာကို ကန့်ကွက်တာဖြစ်သလို လီဆူပြည်သူ့စစ်လို့ မခေါ်ဝေါ်ဖို့ တောင်းဆိုတာ ဖြစ်ပါတယ်”လို့ လီဆူတိုင်းရင်းသားတစ်ဦးက FJMMကို ပြောပါတယ်။
 
ဦးရွှေမင်း(ခေါ်)ဦးဆီဖာလာလူးနဲ့ အပေါင်းအပါတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး KIA ကိုတိုက်ခိုက်ဖို့ ပြောဆိုနေပေမယ့် လူမျိုးရေးအခြေပြုပြီး ကိုယ်ကျိုးရှာတာဖြစ်တဲ့အပြင် လီဆူလူငယ်တွေကို သေတွင်းပို့နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ လီဆူလူငယ်တွေက ပြောဆို နေကြတယ်လို့လည်း သိရပါတယ်။
 
 ပေးပို့ – ထုတ်ပြန် တောင်းဆိုမှုစာ 

Related Articles

Back to top button