ဆောင်းပါးအတွေးအမြင်

မြန်မာစစ်အုပ်စုသည် တရုတ်-မြန်မာ နယ်စပ်ကို မထိန်းချုပ်နိုင်တော့ချေ

မြန်မာစစ်အုပ်စုသည် တရုတ်မြန်မာ နယ်စပ်ကို မထိန်းချုပ်နိုင်တော့ချေ

တရုတ်၏ နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်းရေးလုပ်ငန်းများနှင့် ချိတ်ဆက်ထားသော  တော်လှန်ရေး တပ်ပေါင်းစု များ၏ လက်ရှိစစ်ဆင်ရေးများက တော်လှန်ရေး တစ်ဆစ်ချိုးကို  ဖွင့်လှစ်လိုက်လေသည်။

By: Priscilla A. Clapp and Jason Tower

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သည့် အတိုက်အခံအင်အားစုများက မဟာမိတ်ဖွဲ့ကာ တိုက်ခိုက်နေသောကြောင့် မြန်မာစစ်တပ်သည် တရုတ်နိုင်ငံနှင့် ထိစပ်လျက် ရှိသော နယ်စပ်ဒေသအချို့ကို မထိန်းချုပ်နိုင်တော့ပေ။ ထိုမဟာမိတ်တို့၏ လတ်တလောရည်မှန်းချက်မှာ စစ်တပ်ကျောထောင့် နောက်ခံဖြင့် လှုပ်ရှားနေ ကြသော နယ်ခြားစောင့်တပ်များ ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် အထူးဒေသများရှိ တရားမဝင် ရာဇဝတ်မှုများ ရပ်တန့်ရန် ဖြစ်သည်။ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားပြီး လိမ်လည်မှုများကို  အဆိုပါအထူးဒေသများကို အခြေစိုက်ဖြစ်ပေါ်လျှက်ရှိသောကြောင့် တရုတ်က မကြာသေးခင်က ဖြိုခွင်း‌ရန် ကြိုးပမ်းခဲ့ရာ တော်လှန်ရေး တပ်ပေါင်းစုများကလည်း ထိုတရုတ်၏ အစီအစဉ်ကို အချိန်ကိုက် အသုံးချခဲ့ပါသည်။ လက်ရှိအချိန်သည်  မြန်မာနိုင်ငံရှိ စစ်အုပ်ချုပ်ရေးကို တိုက်ဖျက်ရာတွင် သိသာထင်ရှားသော အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည် ဖြစ်ရာ ဤအခြေအနေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသော ခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများအတွက်လည်း  စိန်ခေါ်မှုအသစ်များ သယ်ဆောင်လာနိုင်ပါသည်။

မြန်မာနယ်ခြားစောင့်တပ်များက အကာအကွယ်ပေးထားသော နေရာများတွင် မိမိနိုင်ငံသားများ လူကုန်ကူးခံရပြီး ဝန်ထမ်းအဖြစ် အသုံးချခံနေရခြင်းများကို တိုက်ဖျက်ရန်နှင့် ထိုအမှုများကျူးလွန်နေကြသော ရာဇ၀တ်ဂိုဏ်း များကို တရုတ်ဘက်က နှိမ်နင်းရာတွင် မြန်မာစစ်တပ်အနေနှင့် ထိုနယ်ခြားစောင့်တပ်များနှင့် ၎င်းတို့ စောင့်ရှောက်ထားသော ဒုစရိုက်လုပ်ငန်းများကို ဖြိုခွင်းပေးပါရန် မြန်မာဘက်ကို တရုတ်က ဖိအားပေးသည့် နည်းလည်း ပါဝင်ခဲ့သည်။ သို့သော် စစ်ဗိုလ်ချုပ်များက ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောအခါတွင် တရုတ်သည် စစ်ကောင်စီနှင့် ဆက်ဆံရေးပျက်ကာ ပြတ်ပြတ်သားသားပင် တော်လှန်ရေးအင်အားစုများ စုပေါင်း စစ်ဆင်ရေးများနှင့်ညှိကာ တရုတ်နှင့် မဟာမိတ်ဖွဲ့ ဆောင်ရွက်ကြ‌သည့်ဘက်သို့ ရောက်လာခဲ့သည်။ အကယ်၍ စစ်ဆင်ရေးစတင်သည့် ရက်စွဲ အောက်တိုဘာ ၂၇ ကို အစွဲပြု၍ မှည့်ထားသော “၁၀၂၇ စစ်ဆင်ရေး”မှာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ခြေလှမ်းသစ်တစ်ခုကို ရည်ညွှန်းနေသော်လက်ရှိတော်လှန်ရေးနှင့် ဆက်နွှယ်နေသောအုပ်စုများနှင့် ကြားနေအုပ်စုများအပါအဝင် လူမျိုးစုလက်နက်ကိုင်အဖွဲ့များစွာ၏  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ထူထောင်ရေးရည်မှန်းချက်ကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် စစ်ကောင်စီ ဆန့်ကျင်နေသော အင်အားစုများအပေါ် တရုတ်၏ သြဇာကို လည်း တဟုန်ထိုးမြင့်မားလာစေမည်ဖြစ်သည်။ အကယ်၍ မြန်မာ၏ အိမ်နီးချင်းများက တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပိုမို တံခါးဖွင့်လာသည့် အခြေအနေရှိခဲ့သော် ဒီမိုကရေစီအရေး လုပ်ရှားနေကြသော တော်လှန်ရေး အင်အားစုများအနေနှင့် ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ကြရန် အခွင့်သာသည့် အခြေအနေသစ်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

နိုင်ငံတကာအသိုက်အဝိုင်းအတွက် စိန်ခေါ်မှုမှာ တိုင်းရင်းသား လူနည်းစုအဖွဲ့ဝင်များအပါအဝင် တော်လှန်ရေး ခေါင်းဆောင်များနှင့် ပိုမိုကောင်းမွန်ထိရောက်သော ဆက်ဆံရေးဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်သို့ အသွင်ကူးပြောင်းရေးတွင် အထောက်အပံ့ပေးနိုင်ရေး ဖြစ်သည်။ တိုင်းရင်းသားအုပ်စုကြီးများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာချိန်တွင် အမျိုးသားစည်းလုံးညီညွတ်မှုကို မပျက်ဘဲ ထိန်းထားနိုင်မည့် အခြေအနေကို ဖော်ဆောင်နိုင်ကြရာတွင် ထိုခေါင်းဆောင်များကို အားပေးကူညီနိုင်ရန်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် တော်လှန်ရေးအင်အားစုများနှင့် ခိုင်မာသော ချိတ်ဆက်မှုများ တည်ဆောက်ထားသည့် တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် စစ်တပ်ကိုသာ အားကိုးနေကြခြင်းမှာ အလုပ်မဖြစ်တော့သည့် မဟာဗျူဟာဖြစ်ကြောင်း ဒေသတွင်းမဟာမိတ်နိုင်ငံများသဘောပေါက်လာအောင် တိုက်တွန်းသင့်ပေသည်။  

—————————-

စစ်ကောင်စီက အလိမ်အညာဂိုဏ်းများအားနေရာပေးနေမှုကို ရပ်တန့်ရန် တရုတ် ဖိအားပေးလျက်ရှိ

မေလကတည်းက တရုတ်နိုင်ငံသည် မြန်မာစစ်ဗိုလ်ချုပ်များအား ရှင်းလင်းသောသတင်းစကား ပေးပို့ခဲ့သည်။ ကမ္ဘာတဝှမ်းမှ လူရာပေါင်းထောင်ပေါင်းများစွာကို လူကုန်ကူးခြင်း၊ တစ်ကမ္ဘာလုံးမှ အလိမ်အညာမိသူများထံမှ ဒေါ်လာဘီလီယံနှင့်ချီ၍ ခိုးယူခြင်း၊ ငွေကြေးခဝါချခြင်းများ လုပ်ဆောင်နေသူများကို မြန်မာနိုင်ငံတွင် လူစုပေးထားခြင်းကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။ မြန်မာစစ်တပ်သည် လူလိမ်ဂိုဏ်းများ စားကျက်ကို လက်ခံထားပေးသော နယ်ခြားစောင့်တပ်များ (BGF)မှာ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် သာရှိသည်ဟု  တရုတ်အစိုးရက တောက်လျှောက်အရေးဆိုနေခဲ့သည်။ စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ တောင်းဆိုချက်များကို လျစ်လျူရှုရုံသာမက ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့အား ထိုင်းနယ်စပ်တွင် ၎င်း၏ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုများကို ပြောင်ပြောင်တင်းတင်း ဆောင်ရွက်ခွင့် ပြုခဲ့သည်။ တစ်ချိန်တည်းတွင် ၂၀၀၉ ခုနှစ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မွေးထုတ်ပေးခဲ့သော ကိုးကန့်နယ်ထဲမှ နယ်ခြားစောင့် တပ်ဖွဲ့သည် တရုတ်နယ်စပ်အနီးတွင် ရာဇ၀တ်မှုများ တိုးမြှင့်လုပ်ကိုင်လာသောအခါတွင်လည်း မြန်မာစစ်တပ်က လက်ပိုက်ကြည့်နေခဲ့သည်။

ပြီးခဲ့သည့် နွေရာသီတွင် တရုတ်မီဒီယာများနှင့် ရုပ်ရှင်လုပ်ငန်းအား ပရိတ်သတ်အကြိုက် ရုပ်ရှင်များဖြင့် မြန်မာနိုင်ငံရှိ ရုပ်ပျက်ဆင်းပျက်လောင်းကစားဂိုဏ်းများဖြစ်ပျက်နေကြပုံကို ဇာတ်ရှိန်တက်အောင် ရိုက်ပြရန် တရုတ်အစိုးရက မီးစိမ်းပြခဲ့သည်။ ထိုရုပ်ရှင်များက မြန်မာနယ်စပ်၌ ထောင်ချီသော တရုတ်များ အတင်းအကြပ် စေခိုင်းခံနေရသည့် အလုံပိတ်ခြံဝင်းများထဲသို့ ရောက်ရှိသွားကြပုံကို ဇာတ်နာအောင်ရိုက်ပြခဲ့ကြသည်။  လိမ်လည်မှု နေရာများအတွင်းရှိ သားကောင်ဖြစ်ကြသည့် တရုတ်လူမျိုးများ၏ကံကြမ္မာကို မီးမောင်း ထိုးပြခဲ့သည်။ “No More Bets- နောက်တစ်ခါလောင်းကစားမလုပ်တော့ပြီ”၊ “Tainted Love”- အရောင်ဆိုးထားသော အချစ်” နှင့် “Lost in the Stars- ကြယ်များကြား လမ်းပျောက်ခြင်း” စသည့် ရုပ်ရှင်များကို ရုံတင်ပြသခဲ့စဉ် ဒေါ်လာ တစ်ဘီလီယံကျော်  ရရှိခဲ့သည်။ ဤဇာတ်ကားများအားဖြင့် အရှေ့တောင်အာရှ၌ တရုတ်ပြည်မကြီး၏အကူအညီဖြင့်သာ တရုတ်လူမျိုးများ လုံခြုံနိုင်သည်ဟု သတင်းစကား ဖြန့်ဝေခဲ့သည်။ သို့ရာတွင် အမှန်စင်စစ် တရုတ်သည် ဤပြဿနာ မီးပွားစတင်လာစဉ်က သိသိသာသာပင် ဤသဘောထားမျိုး ရှိခဲ့သည်မဟုတ်ပေ။ ပြီးခဲ့သည့် ဆယ်နှစ်ကျော်အတွင်း ဒေါ်လာဘီလီယံချီသည့် တရုတ်မှ တရားမဝင် အရင်းအနှီးများသည် တရုတ်၏နိုင်ငံရေးစီးပွားရေး ရည်မှန်းချက်များကိုပံ့ပိုးနေသယောင်ဖြင့် လောင်းကစား ရပ်ဝန်းများ တည်ဆောက်သည့်အထဲသို့ အကြီးအကျယ် ဝင်ရောက်လာခဲ့သည်။ ထိုအစီအစဉ်များအားဖြင့် ဒေသတစ်ခွင်မှ အဂတိလိုက်စားသော ဒေသခံခေါင်းဆောင်များ၏ အ‌ရေးပါသော ကျောထောက် နောက်ခံပေးမှုများကိုလည်း ရခဲ့သည်။

တရုတ်က ရုပ်ရှင်နှင့်ဖျော်ဖြေရေးလုပ်ငန်းကို တုံ့ပြန်သည့် အနေဖြင့် စစ်ကောင်စီက  လူထုဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပါသည်။ စစ်ကောင်စီမှတာဝန်ရှိသူများက တရုတ်ရုပ်မြင်သံကြားတွင် ပေါ်လာပြီး အဆိုပါကိစ္စရပ်အား မီဒီယာများက ချဲ့ကားထားသဖြင့်  မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ရဲများကို စေလွှတ်မည့်အစား မြန်မာနိုင်ငံ၏ စီးပွားရေးအခက်အခဲများဖြေရှင်းရာတွင် ကူညီရန် တရုတ်ခရီးသွားများ စေလွှတ်သင့်သည်ဟု ၎င်းတို့က အကြံပြုထားသည်။

စိတ်ပျက်လာသော တရုတ်အစိုးရသည် စက်တင်ဘာလမှ စကာ မြန်မာဘက်နှင့် မတိုင်ပင်တော့ဘဲ အရေးယူမှုများကို စတင်ဆောင်ရွက်လာသည်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းရှိ ဝ နှင့် မိုင်းလားဒေသများရှိ ဗဟိုမြန်မာစစ်အုပ်စု၏ ထိန်းချုပ်မှုသိပ်မရောက်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမြင့်ဆုံးအဆင့် ရရှိထားသည့် တရုတ်နယ်စပ်ရှိ အထူးဒေသနှစ်ခုကို အာရုံစိုက်ခဲ့သည်။ ဤနယ်မြေများကို အင်အားကြီးသော ဒေသခံတပ်များက ချုပ်ကိုင်ထားပြီး တရုတ်သြဇာအောက်တွင်ရှိသော နယ်များလည်း ဖြစ်သည်။ ၎င်းတို့သည် တရုတ်ငွေကြေး၊ လျှပ်စစ်၊ အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးတို့ကို အသုံးပြုနေကြသည်။ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဆိုလျှင်  တရုတ်က ဖန်တီးထားသော ဘဏ်စနစ်ကိုပင် သုံးနေလေသည်။ အခင်းဖြစ်နေသော ဒေသနှစ်ခုလုံးရှိ အထက်တန်းလွှာများသည် တရုတ်နိုင်ငံတွင်ပင် ပညာသင်လာသူများ ဖြစ်ကြပြီး ကြေးရတတ်အများအပြားမှာ တရုတ် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ကိုင်ဆောင်ထားကြသည်။

သို့ဖြစ်ရာ လူလိမ်ဂိုဏ်းများ တိုက်ဖျက်မည့် စစ်ဆင်ရေးများ ဆောင်ရွက်ပြီး အရေးယူရန် နယ်မြေနှစ်ခုလုံးနှင့် တိုက်ရိုက် ညှိနှိုင်းရသည်မှာ တရုတ်အဖို့ ပို၍ပင် လွယ်ကူသေးသည်။ စက်တင်ဘာလလယ်တွင် လူပေါင်း ၁၂၀၇ ဦးကို လူလိမ်ဂိုဏ်းများရှိရာ စခန်းများထဲမှ ကယ်၍ တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။ များမကြာခင်မှာပင်  တရုတ်နိုင်ငံသည်  ‘ဝ’ ထိပ်ဆုံးခေါင်းဆောင် ပေါက်ယူချန်းနှင့် ဆက်နွှယ်နေသည့် အဆင့်မြင့် အရာရှိနှစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါသည်။ ၎င်းတို့မှာ ‘ဝ’ ဒေသအတွင်းရှိ ရာဇ၀တ်ဂိုဏ်းများ နောက်ကွယ်မှ ချုပ်ကိုင်သူများ ဖြစ်သည်ဟု စွပ်စွဲထားသည်။ ထို့အပြင် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ၏ ဒုတိယခေါင်းဆောင်တဦး ဖြစ်သည့် ဝ ခေါင်းဆောင် ၏ အချစ်တော်  တူတော်စပ်သူကိုလည်း တရုတ်ပြည်သို့လာရောက်လည်ပတ်စဉ်  ဖမ်းဆီး ခဲ့သည်။

 ‘ဝ’ ဘက်ကလည်း တုံ့ပြန်အရေးယူ ပေးဆောင်ရွက်ပေးရာ လူလိမ်ဂိုဏ်များတည်ရာ နေရာပေါင်း ၄၀ ကျော်ကို ဝင်ရောက် စီးနင်းကာ အခြားနိုင်ငံများမှာ လူရာပေါင်းများစွာအပါအဝင် စုစုပေါင်း ၄,၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့သည်။ လိမ်လည်သည့်အဖွဲ့များနှင့် ပတ်သက်သော သန်းပေါင်းများစွာသော အချက်အလက် များပါဝင်သည့် ကွန်ပျူတာနှင့် ဖုန်း ထောင်ပေါင်းများစွာကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဝနှင့် မိုင်းလားတို့နှင့်ပတ်သက်၍ တရုတ်၏ မထင်မှတ်ထားသော ခပ်ပြင်းပြင်း လှုပ်ရှားဆောင်ရွက်မှုမှာ လိမ်လည်လှည့်ဖြားမှုများ ထိန်းချုပ်မရအောင်ပေါ်ပေါက်နေသည့် ကိုးကန့်အထူးဒေသတွင် စစ်ကောင်စီက ကိုးကန့်နယ်ခြားစောင့်တပ်(BGF)အား အရေးယူပေးရန် တစ်စုံတရာလုပ်ဆောင်လာအောင် မစွမ်းနိုင်ခဲ့ချေ။ စက်တင်ဘာလတွင် နယ်စပ်ဖြတ်ကျော် မာရသွန် နှင့် ရိုးရာပွဲတော်များကျင်းပခြင်းအားဖြင့် တရုတ်နိုင်ငံသည် ကိုးကန့် အထက်တန်းလွှာအုပ်စုကို မျှားခေါ်ပြီး ကိုးကန့်ရှိလူလိမ်ဂိုဏ်းစခန်းများကို လည်ပတ်နေသူများဟု နာမည်ဆိုးနေသော Fullylight Group ၏ CEO ဖြစ်သူ Liu Zhengqi အပါအဝင် ၁၁ဦးကို တရုတ်အာဏာပိုင်တို့က ဖမ်းဆီးခဲ့သည် အခြေအနေအထိ စစ်ကောင်စီက ခေါင်းမာနေခဲ့သည်။ Liu Zhengqi သည် မင်းအောင်လှိုင်နှင့် ပလဲပနံသင့်သော စီးပွားရေးခရိုနီတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ ထင်ရှားသော အရာရှိတစ်ဦး ဖြစ်သလို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (SAZ) နှင့် စစ်တပ်နိုင်ငံရေး ပါတီဖြစ်သော USDPပါတီ၏ ကော်မတီဝင် တစ်ဦးလည်း ဖြစ်သည်။ တရုတ်နိုင်ငံအား ပိုမိုစိတ်ပျက်စေသည့် အကြောင်းမှာ အောက်တိုဘာလလယ်အထိ ကိုးကန့်တပ်ဖွဲ့သည် အမေရိကန်မှ Rhode Island ပြည်နယ်လောက် ကြီးသော အရွယ်အစားရှိသည့် ဒုစရိုက်စခန်းနယ်မြေ ၁၀၀ ကျော်ထဲတွင် ဖမ်းဆီးခံထားရသော ဓားစာခံ ခန့်မှန်းခြေ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထဲမှ ၃၇၇ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

———————————————

စစ်ကောင်စီဆန့်ကျင်ရေး အုပ်စုများက တိုက်ခိုက်ရေး အစီအစဉ်များရေးဆွဲနေခဲ့ခြင်း

မင်းအောင်လှိုင်ညွှန်ကြားသည့် ၂၀၀၉ခုနှစ် စစ်ဆင်ရေးတွင် ကိုးကန့်နယ်ခြားစောင့်တပ်ကို မြန်မာစစ်တပ်က မျက်နှာသာပေးပြီး  မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဖယ်ရှားလိုက်သည့် ကာလမတိုင်မီအထိ MNDAAသည်  ကိုးကန့် နယ်မြေကို ထိန်းချုပ်ထားနိုင်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သည်။  MNDAA သည် ကိုးကန့်မှ နှင်ထုတ်ခံရပြီးနောက်ပိုင်း ၎င်းအားအကာအကွယ်ပေးထားသော ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် NDAA (မိုင်းလား) တို့နှင့် ရင်းနှီးသော  မဟာမိတ်ဆက်ဆံရေးရှိသည်။ စစ်ကောင်စီထံမှ နယ်မြေကို ပြန်လည်ရယူရန် ကြိုးပမ်းနေသည့် MNDAAသည် အခြားအရေးပါသည့် လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်မတော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ နှင့်အတူ မြောက်ပိုင်းညီနောင်သုံးဖွဲ့ (Three Brotherhood)ဟုခေါ်သော မဟာမိတ်အဖွဲ့ကို ခိုင်မာစွာ ဖွဲ့စည်းခဲ့သည်။ MNDAA သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေးကို ထားရှိပြီး KIA ကို မြန်မာနိုင်ငံ မြောက်ပိုင်းတွင် စစ်ဆင်ရေး၊ လေ့ကျင့်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ရာ တွင် မဟာဗျူဟာအရ နေရာပေးခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းရှိနယ် စပ်စစ်စခန်းများကို တိုက်ခိုက်ရန် စုပေါင်း၍ အစီအစဉ်ရေးဆွဲနေချိန်တွင် စစ်ကောင်စီနှင့် ၎င်း၏ ကိုးကန့် နယ်ခြားစောင့်တပ် (BGF) အပေါ် တရုတ်၏ မကျေနပ်မှုကို  MNDAA နှင့်  မဟာမိတ်စစ်ကောင်စီဆန့်ကျင့်ရေးတပ်ဖွဲ့များက သတိမပြုဘဲရှိမည် မဟုတ်ချေ။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် MNDAA၊ ညီနောင်မဟာမိတ်များနှင့်အတူ စိတ်တူသဘောတူ PDFများ ပါဝင်သည့် စစ်ဆင်ရေး စတင်ကြောင်း ကြေညာသောအခါ စစ်တပ်က  ရာဇ၀တ်ဂိုဏ်းများအား ထိန်းချုပ်နိုင်ခြင်း မရှိပုံကို ‌အကြောင်းရင်းခံအဖြစ်ကြေညာခဲ့သည်။ တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်ဆင်နွှဲမည့် စစ်ဆင်ရေးများမှာ ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန် စစ်အုပ်စုက ပျက်ကွက်နေသည့် အတွက်ဟု ကြေညာခဲ့သည်။ ထိုစစ်ဆင်ရေးမှာ  “မူးယစ်ဆေးဂိုဏ်း”ဟု MNDAA မှ  ရည်ညွှန်းထားသော မြန်မာစစ်တပ်ကို ဖယ်ရှားရန်ဟူသည့် ပိုမို ကျယ်ပြန့်သော အားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

ဤစစ်ဆင်ရေးမျိုးကိုကျင်းပရန် ရက်သတ္တပတ်များစွာ အချိန်ယူစီစဉ်ရမည် ဖြစ်သော်လည်း ရုတ်တရက် စတင်ဖြစ်သောအကြောင်းမှာ အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သော ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခု က စတင်ခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း ကိုးကန့်နယ်ခြားစောင့်တပ် (BGF)၏ ဒုစရိုက်ဂိုဏ်းခြံဝင်းအပြင်ဘက်တွင် အစောင့်များက  တရုတ်နှင့် ထိုင်းလူမျိုးအချို့ကို တရုတ်ရဲက လွှတ်ထားသည့် ထောက်လှမ်းရေးဟု ယူဆပြီး သတ်ပစ်ခဲ့သည်။ ထိုအဖြစ်အပျက်မှာ တရုတ်နိုင်ငံကိုများစွာ အမျက်ထွက်စေပြီး အချို့သုံးသပ်သူများက ယခုလူသတ်မှုကို ၂၀၁၁ ခုနှစ်တွင် မဲခေါင်မြစ်ဝှမ်း၌ တရုတ်သင်္ဘောသား ၁၃ ဦး သေဆုံးခဲ့ရသည့်  အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် နှိုင်းယှဥ်ပြခဲ့ကြသည်။ အကယ်၍ စစ်ကောင်စီကိုဆန့်ကျင်သည့် တော်လှန်ရေး တပ်ဖွဲ့များသည် “စစ်ဆင်ရေး ၁၀၂၇” ကို တရုတ် အကျိုးစီးပွားဖြစ်သော ရာဇ၀တ်မှု များ နှိမ်နင်းရေးအတွက် မထိရောက်ပါက တရုတ်၏ ပြင်းပြင်းထန်ထန်မနှစ်မြို့မှုကို ခံရနိုင်ပြီး တရုတ်နယ်စပ် အနီးတွင် ယခုကဲ့သို့သော စစ်ဆင်ရေးများ မပေါ်လာအောင် တားဆီးခံရနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် စစ်ဆင်ရေး အောင်မြင်မှုအတွက် တရုတ်၏ အသံတိတ်ထောက်ခံမှုက အရေးကြီးပါသည်။

ရလဒ်မှာ 1027 စစ်ဆင်ရေးက မြန်မာစစ်တပ်ကို များစွာ အထိနာစေခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတရုတ်နယ်စပ်ရှိ ကင်းစခန်း ၁၀၀ ကျော်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်နိုင်ငံမှ မန္တလေးကြား အသုံးများသော ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ အရေးပါသော နယ်စပ်မြို့များနှင့် စစ်ဆေးရေးဂိတ်များကို သိမ်းပိုက်နိုင်ခဲ့သည်။ ဤစစ်ဆင်ရေးသည် စစ်ကောင်စီ ဆန့်ကျင်ရေး တပ်ဖွဲ့များကြား မကြုံစဖူး ပေါင်းစပ်ညှိနှိုင်းမှုကို ပြသခဲ့ပြီး အဆင့်တိုင်းနီးပါးတွင် စစ်တပ်ကို အရှိုက်ထိသွားစေခဲ့သည်။ ယခုအခါ စစ်ကောင်စီသည် အခွန်အကောက်အတွက်အရေးပါလှသည့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းအထိ ဖြတ်သန်းသော အရေးအကြီးဆုံး နယ်စပ်ဖြတ်ကျော် စခန်းများကို ဆုံးရှုံးရလုနီးနီး အခြေအနေသို့ရောက်ရှိခဲ့ပြီ။ ကိုးကန့်ရှိ ဒေါ်လာဘီလီယံပေါင်းများစွာ တန်သော ဒုစရိုက်လုပ်ငန်းများမှ စစ်ကောင်စီ၏ ဝင်ငွေ ဆုံးရှုံးခြင်းသည်လည်း နောက်ထပ် ဆုတ်ယုတ်မှုတစ်ခုဖြစ်သည်။ အကယ်၍ ကိုးကန့် BGF ကျဆုံးပါက မြောက်ပိုင်းတွင် စစ်တိုက်ပေးနိုင်သော အင်အားများထဲက တစ်ခုကို စစ်ကောင်စီသည် ဆုံးရှုံးရပေလိမ့်မည်။
————————————-

ဒုစရိုက်ဂိုဏ်းနှိမ်နင်းရေးက တရုတ်လုံခြုံရေးခြေလှမ်းပိုကျယ်စေ

ဒုစရိုက်လုပ်ငန်းများနှိမ်နင်းရန် တရုတ်၏ နယ်စပ်တလျှောက် လှုပ်ရှားမှုများသည် မြန်မာနိုင်ငံရှိတရုတ်၏ လုံခြုံရေးဆိုင်ရာ သြဇာကို ပိုမိုကျယ်ပြန့်စေသည်မှာ ထင်ရှားသည်။

ပထမ- တရုတ်နိုင်ငံအနေနှင့် လူမျိုးစုတပ်များ၏ စစ်ရေးလှုပ်ရှားမှုများအပေါ် သြဇာပေးနိုင်သည့်  အစွမ်းအစကို  သံသယရှိစရာမလိုအောင် ပြသခဲ့ပြီးဖြစ်၏။ တရုတ်မှ ဖမ်းဝရမ်းထုတ်လိုက်သည်နှင့် ဝ တို့က ၎င်းတို့၏ အရာရှိများကို  တရုတ်အလိုကျ စောဒကတက်ခြင်းမရှိ ရာထူးမှ ချက်ခြင်းဖယ်ရှားပေးခဲ့သည်။ ‘ဝ’ နှင့် ကိုးကန့် မှ စစ်ကောင်စီလူများ ဖြစ်ကြသော အကြီးတန်းခေါင်းဆောင်များကို ဖမ်းဆီးပေးရန် တရုတ်အကြိုက်ဆောင်ရသည့် အရေးက မြန်မာနိုင်ငံမှ အရေးကြီးပုဂ္ဂိုလ်များအပေါ် တရုတ်က အလိုကျခြယ်လှယ်နိုင်ပုံကို မီးမောင်း ထိုးပြ နေသည်။

ဒုတိယအနေဖြင့် မြောက်ပိုင်းဒေသတွင် မြန်မာစစ်တပ်၏ ထိန်းချုပ်နိုင်စွမ်း ကျဆင်းလာခြင်းနှင့်တကွ MNDAA က ကိုးကန့်ကို ပြန်လည်သိမ်းယူမည့် အလားအလာက တရုတ်-မြန်မာနယ်စပ်ရှိ  ကျယ်ပြန့်လှသော နယ်မြေ အစိတ်အပိုင်းများစွာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို များစွာ မှီခိုနေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်အောက်သို့ ကျရောက်သွားနိုင်သည့် အချက်ကို ညွှန်ပြနေသည်။ အဆိုပါအဖွဲ့များ၏ ပါဝါနှင့် သြဇာလွှမ်းမိုးလာနိုင်မှုများ ကျယ်ပြန့်လာသည်နှင့်အမျှ အနာဂတ်တွင်ပေါ်လာမည့် နိုင်ငံသစ်အတွက် ပဋိဉာဉ်အသစ်နှင့် ပတ်သက်သော ရင်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲများတွင် ၎င်းတို့၏အနေအထားကို ပိုမို အားကောင်းလာစေမည် ဖြစ်သည်။

1027 စစ်ဆင်ရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုသည် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် အသွားနှစ်ဖက်ပါသော ဓားတစ်လက်ဖြစ်သည်။ တစ်ဖက်တွင် ကိုးကန့်ရှိ မြန်မာစစ်တပ်၏ရှုံးနိမ့်မှုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် လက်နက်ကိုင်တော်လှန်ရေးသမားများ၏ စိတ်ဓာတ်ကို များစွာ မြှင့်တင်ပေးနိုင်ပြီး တော်လှန်ရေး၏ အခြားနယ်ပယ်များတွင်လည်း စံချိန်သစ်ထူသည့် အောင်မြင်မှုများကို ဖြစ်ပေါ်စေနိုင်သည်။။ ထို့အပြင် မြန်မာနိုင်ငံရှိ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုကွန်ရက်များကို ရှုတ်ချသည့် NUG ၏ လတ်တလော ထုတ်ပြန်ချက်သည် တရုတ်ဘက်မှ အာရုံစိုက်မှုကို ခံရပြီး NUG ကို မြန်မာ့နယ်ထဲမှ တရုတ်လုံခြုံရေးဆိုင်ရာကိစ္စများ ဖြေရှင်းရာတွင် မိတ်ဖက်သဖွယ်ဆက်ဆံနိုင်သည့် အနေအထားသို့ ရောက်ရှိသွားစေနိုင်သည်။

တခြားတဖက်တွင်မူ တရုတ်လုံခြုံရေး လွှမ်းမိုးမှု မြင့်တက်လာခြင်း လက္ခဏာများသည် မြန်မာနိုင်ငံရှိ အစုအဖွဲ့အားလုံးအတွက် စိုးရိမ်စရာ ဖြစ်လာစေနိုင်သည်။ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုသည် လက်ရှိတွင် စစ်ကောင်စီကို  ဖြုတ်ချရန် အဓိက ရည်မှန်းချက်အဖြစ် စည်းလုံးနေသော်လည်း မတူကွဲပြားသော တော်လှန်ရေး အဖွဲ့များကြား စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းမှု ပြိုကွဲသွားပါက တရုတ်၏ ခြယ်လှယ်မှုကို တံခါးဖွင့်ပေးနိုင်သည်။ တရုတ်သည် မြန်မာနိုင်ငံအတွင်းက အချင်းချင်း သဘောထားကွဲလွဲမှုများကို အသုံးချကာ တစ်ပါတီနှင့်တစ်ပါတီ ယှဉ်ပြိုင်ကစားပြီး  မြန်မာနိုင်ငံထက် တရုတ်အမျိုးသားအကျိုးစီးပွားကိုသာ ဦးစားပေး ဆောင်ရွက်သွားနိုင်သည်။ ဤအကြောင်းကပင် တော်လှန်ရေးအဖွဲ့များအချင်းချင်း လျင်မြန်စွာ စုစည်းကြရန်၊ မဟာမိတ်များချဲ့ထွင်ကြရန်နှင့် သဘောတူညီမှုရပြီးသား နိုင်ငံရေးလမ်းစဉ်များကို တရားဝင် အကောင်အထည် ဖော်ကြရန်  တွန်းအားတစ်ခုလည်းဖြစ်လာနိုင်သည်။  

——————————————————–

မြန်မာနိုင်ငံရှိ အမေရိကန် အကျိုးစီးပွား

မြန်မာနိုင်ငံရှိ ရာဇ၀တ်ဂိုဏ်း ကွန်ရက်များနှင့် စစ်ကောင်စီကို ဆန့်ကျင်သည့် လက်နက်ကိုင် တော်လှန်ရေးကြား ယှက်နွှယ်မှုအသစ်များပေါ်လာခြင်းသည် အမေရိကန်အတွက် အဓိကစိုးရိမ်စရာသုံးခု တိုးလာစေသည်။

နံပတ်တစ် စိုးရိမ်ရသည်မှာ နယ်စပ်တလျှောက် ရာဇ၀တ်မှုများ တားဆီးရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများသည် လက်ရှိ တရားဥပဒေစိုးမိုးမှု မရှိသလောက် အားနည်းနေသော မြန်မာနိုင်ငံအတွင်းရှိ အခြားနေရာများသို့ ထို ဒုစရိုက်လုပ်ငန်းများ ရွှေ့ပြောင်းရန် တွန်းအား ဖြစ်ပေါ်စေနိုင်ခြင်းပင် ဖြစ်သည်။ ထိုင်းမြန်မာနယ်စပ်တွင် နာမည်ဆိုးဖြင့်ကျော်ကြားသော ရထိုက်-ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် စက်တင်ဘာလတွင် ခေါင်းဆောင်သစ် ခန့်အပ်ခဲ့ပြီး အောက်တိုဘာလတွင် ဝက်ဆိုဒ်အသစ်နှင့် ကြော်ငြာကမ်ပိန်းကိုစတင်ခဲ့ရာ မြောက်ပိုင်းရှိ နှိမ်နင်းမှုများ အရှိန်မြှင့်နေချိန်နှင့် တိုက်ဆိုင်ပေါ်ထွက်လာခဲ့သည်။

ယခုအချိန်တွင်ပင် ထိုဒုစရိုက်လုပ်ငန်းများသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ကဲ့သို့ မြို့ကြီးများတွင် လှုပ်ရှားပြီး လိမ်လည်နေသည့် အရိပ်အယောင်များတွေ့နေရပြီး ပေကျင်းမှ အာရုံစိုက်ခြင်းကို ရှောင်ရှားရန် တရုတ်နိုင်ငံသား မဟုတ်သူများကို တစစ ပိုပစ်မှတ်ထားလာကြသည်။ ၎င်းသည် အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထားသည့် လိမ်လည်လှည့်စားမှုများကို သိသိသာသာ တိုးလာစေနိုင်ပြီး၊ လိမ်လည်မှု တိုက်ဖျက်ရေးကို ဦးစားပေးမြှင့်တင်ရန် အမေရိကန်အတွက် အရေးကြီးလာသည်။ တရုတ်နှင့် လည်း ဤကိစ္စနှင့် ပတ်သက်၍ တိုက်ရိုက်ဆွေးနွေးနိုင်ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံချင်းဖြစ်စေ၊ ဒေသတွင်း၌ ယခုတရုတ် ပါဝင်ဆောင်ရွက်နေသည့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအခင်းအကျင်းများက တဆင့်ဖြစ်စေ စကားပြောနိုင်ပေသည်။ ရာဇ၀တ်ဂိုဏ်းများ၏ နောက်ကွယ်တွင် ချုပ်ကိုင်ထားသူများသည် တရုတ် နိုင်ငံသားများ ဖြစ်သောကြောင့် အဆိုပါ ပြဿနာအတွက် အဓိကတာဝန်မှာ တရုတ်နိုင်ငံတွင် ရှိသည်။ တရုတ်အစိုးရနှင့် အကျင့်ပျက်အရာရှိများ သည်လည်း ဆယ်စုနှစ်တစ်ခုကျော်ကြာပင် အထောက်အပံ့ ပြုခဲ့ကြသေးသည်။ ယခုမှသာ တရုတ်က    ဤပြဿနာကို စနစ်တကျကိုင်တွယ်ဖြေရှင်းရန် စိတ်ဝင်တစားရှိလာခဲ့ခြင်းဖြစ်သည်။

ဒုတိယအနေဖြင့် ယခုအချိန်မှာ မြန်မာနိုင်ငံတွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ညွန့်ပေါင်းမဟာမိတ် တည်ဆောက်မှု မြှင့်တင်ရေးများအတွက် အမေရိကန်ပြည်ထောင်စု၏ ထောက်ခံအားပေးမှုကို တိုးမြှင့်ရန် အခွင့်အခါကောင်းဖြစ်သည်။ အမေရိကန်၏ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုမရှိပါက  မြန်မာနိုင်ငံသည် တရုတ်သြဇာလွှမ်းမိုးမှုအောက်တွင် လုံးလုံးလျားလျား ရောက်ရှိသွားနိုင်ပြီး အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်များအဖို့ အင်ဒို-ပစိဖိတ်အလယ်ပိုင်းတွင်   တရုတ်၏ သြဇာခံနယ်တစ်ခုနှင့် ဆက်ဆံ နေရတော့မည့် အခြေအနေသို့ ကျရောက်သွားနိုင်သည်။ အမေရိကန်၏ လုပ်ဆောင်ချက်များတွင် ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုလုပ်ငန်းများတွင် တာဝန်ရှိသော မြန်မာနယ်ခြားစောင့်တပ် (BGF) မှ ခေါင်းဆောင်များအား ပိတ်ဆို့အရေးယူရန် ပိုမို ပြင်းထန်စွာ ဆောင်ရွက်ခြင်းများလည်း ပါဝင်နိုင်သည်။

တတိယအနေဖြင့် အမေရိကန်သည် အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် အရပ်သားခေါင်းဆောင်မှုကို ပိုမိုထောက်ခံလာကြအောင် အရေးပေးအားထုတ်ရမည့် အချိန်အဖြစ် လက်ရှိပေါ်ပေါက်လာသော အခင်းအကျင်းကို အသုံးချသင့်လှသည်။ အထူးသဖြင့် အိန္ဒိယ၊ ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဓိကအဖွဲ့ဝင်နိုင်ငံများအနေနှင့် မြန်မာတော်လှန်ရေးထဲမှအရပ်သားခေါင်းဆောင်မှုကို ထောက်ခံလာအောင် ကြိုးစားပေးနိုင်သည်။  ဝါရှင်တန်သည် ဒေသတွင်းတစ်ခုလုံးကို ထိခိုက်စေသည့် ရာဇ၀တ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်သော ဘုံအခင်းအကျင်းများကို ရှာဖွေနိုင်ပါသည်။ ဥပမာ- မြန်မာနိုင်ငံရှိ ရာဇ၀တ်မှုများက ထိုင်းစီးပွားရေးအပေါ် သက်ရောက်နေမှုကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းအစိုးရသစ်က  စိတ်အားထက်သန်နေသဖြင့် ဤသို့ ပူးပေါင်းဆောင်ရွက်နိုင်မှုများမှာ အထူးပင် အရေးကြီးပါသည်။ နိုင်ငံဖြတ်ကျော် မှုခင်းများ- အထူးသဖြင့် မလိုလားအပ်သော တရုတ်ပြည်ဘက်မှ ဒုစရိုက် သမားများကြောင့် ဖြစ်ပေါ်လာသော ရာဇ၀တ်မှုများက ခြိမ်းခြောက်နေသည်ကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိုင်းနိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်ရန် အမေရိကန်ပြည်ထောင်စုက အထောက်အကူ ပေးသင့်ပါသည်။

USIP: Myanmar’s Junta Is Losing Control of Its Border with China

By aligning with China’s anti-transnational crime efforts, the resistance forces’ latest attack may signal a new turn for the movement.

By: Priscilla A. Clapp and Jason Tower

https://www.usip.org/publications/2023/11/myanmars-junta-losing-control-its-border-china

—————————–

igor
Authors are Priscilla A. Clapp and Jason Tower,
translator: The name “Elizabeth”

Related Articles

Back to top button