သတင်း

သီပေါ-ကျောက်မဲလမ်းမကြီးရှိ စစ်ကောင်စီစခန်းကို TNLA သိမ်းပိုက်

သီပေါ-ကျောက်မဲလမ်းမကြီးရှိ စစ်ကောင်စီစခန်းကို TNLA သိမ်းပိုက်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၂၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဘောကြိုကျေးရွာအနီး၊ သီပေါ-ကျောက်မဲ ပြည်ထောင်စုလမ်းမကြီးရှိ ကျင်သီတံတားစစ်ကောင်စီစခန်းကို TNLAက ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။
ဒီကနေ့မနက် ၅နာရီ၊ ၃၀မိနစ်ဝန်းကျင်မှာ ဝင်သိမ်းခဲ့တာဖြစ်တယ်လို့ TNLAက ကြေညာထားပြီး၊ လက်ရှိအချိန်မှာတော့ အိမ်စီးကား၊ ခရီးသည်တင်ကားတွေကို စစ်ဆေးရေးပြုလုပ်နေသလို စစ်ကောင်စီသတင်းပေးတွေပါလာမှာစိုးတဲ့အတွက် ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ သိရပါတယ်။
“တံတားကို TNLAက ထိန်းထားတယ်၊ ကားနဲ့ ဖုန်းတွေကို စစ်ဆေးရေးလုပ်နေကြတယ်၊ လောလောဆယ်တော့ ပိတ်မိကြနေတာပေါ့။ ပေးမဖြတ်သေးဘူး။
တံတားကကျိုးတာသွားတာတော့မဟုတ်ဘူး၊ မိုင်းထိတော့ တစ်ခန်းစာလောက်ထိသွားလို့ ပိတ်ထားတာ။ မိုင်းခွဲတာတော့ ဘယ်အဖွဲ့ကခွဲလဲ မသိဘူး၊ ဒီမနက်မှပဲဖြစ်သွားတာပါ”လို့ ဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း ကျင်သီကျေးရွာထဲကို ဘယ်ဖက်ကပစ်ခတ်မှန်းမသိတဲ့ လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၁ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်တစ်လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ မကြာခဏကြားနေရသလို သီပေါ-ကျောက်မဲလမ်းမကြီးတလျှောက်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲအရှိန်မြှင့်လာနိုင်သလို ဘေးပတ်ဝန်းကျင်ကျေးရွာတွေအနေနဲ့ လက်နက်ကြီးကျရောက်နိုင်တာကြောင့် သတိထားနေထိုင်ကြဖို့ လူမှုကူညီရေး အဖွဲ့အစည်း တွေကသတိပေးပြောဆိုထားကြပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button