ကွမ်းလုံစခန်းကုန်းသိမ်းတိုက်ပွဲမှာ ဓနုPDF က ရဲဘော် ၂ ဦးကျဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၂၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့၊ ကွမ်းလုံစခန်းကုန်းသိမ်းတိုက်ပွဲမှာ ဓနုPDF က ရဲဘော် ၂ ဦးကျဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ၁၀၀၃ တပ်ရင်း၊ ဓနုအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံကနေ သိရပါတယ်။
၁၀၀၃ တပ်ရင်း အခြေစိုက်ရာဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံဒေသရှိ လူငယ်တွေ ဟာ အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်ဖို့ လွတ်မြောက်နယ်မြေအသီးသီးကို ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။
၁၀၀၃ တပ်ရင်းက ရဲဘော်တွေဟာ အလယ်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ရေးလှုပ်ရှားမှုတွေမှာ တိုက်ပွဲတွေဝင်ကာ အတွေ့အကြုံယူနေတာဖြစ်ပြီး ဒေသတွင်းမှာလည်း ပျောက်ကြားမစ်ရှင်စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
တပ်ရင်းက ရဲဘော်တချို့ကိုတော့ မြောက်ပိုင်းတိုင်းစစ်ဒေသ၊ MNDAAထံသို့ အခြေခံစစ်သင်တန်းတွေ တက်ရောက်ဖို့ စေလွှတ်ခဲ့ပြီး တိုက်ပွဲအတွေ့အကြုံယူနေတာဖြစ်သလို လက်ရှိအချိန်မှာ MNDAA၊ TNLA နဲ့ AA ပူးပေါင်ညီနောင်မဟာမိတ် ၃ဖွဲ့က ပြုလုပ်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAAရဲ့ကွပ်ကဲမှုအောက် မြေပြင်တိုက်ခိုက်ရေးအဖွဲ့ ၊ ဝေဟင်တိုက်ခိုက်ရေးအဖွဲဆိုပြီး မြေပြင်ဝေဟင်လက်တွေ့စစ်ပညာတွေ သင်ယူရင်း တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ပွဲဝင်နေရာကနေ နိုဝင်ဘာလ ၁၀ရက်က ကွမ်းလုံစခန်းကုန်းသိမ်းတိုက်ပွဲမှာ (၁၀၀၃) တပ်ရင်းက ရဲဘော် မုန်တိုင်း(ခ)စိုးမိုးထွန်း( ကိုယ်ပိုင်နံပါတ် P3 1003 043)နဲ့ နိုဝင်ဘာလ ၁၁ရက်က အဲဒီစခန်းကုန်းသိမ်းတိုက်ပွဲမှာပဲ ရဲဘော် အောင်ပြူး(ခ)သိန်းထိုက်စိုး (ကိုယ်ပိုင်နံပါတ် P3 1003 064)တို့က တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး ရဲဘော်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ရဲဘော် ၂ ယောက်ကတော့ တိုင်းပြည်အတွက် အသက်မြင့်မြတ်စွာပေးလှူသွားပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော် ၃ ဦးကတော့ အရမ်းကြီးတော့ မစိုးရိမ်ရပါဘူး၊ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ ပြောပါတယ်။ လွယ်လွယ်နဲ့သွေးအေးမယ်ကြံတိုင်း တော်လှန်ရေးဟာ အရင်းနှီးကြီးတယ်ဆိုတာ မမေ့ကြဖို့ ပြည်သူတွေကို မှာချင်ပါတယ်”လို့ ၁၀၀၃ တပ်ရင်း၊ ဓနုအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူတစ်ဦးက FJMM ကိုပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေကို အလေးနီပြု ဦးညွှတ်ပြီး မ(၁၀၀၃)တပ်ရင်း၊ဓနုအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြုကြောင်းနဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို အမြစ်ပြတ် တိုက်ထုတ်သွားမှာဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။
၁၀၀၃တပ်ရင်းအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကလည်းရွာငံမြို့နယ် ၊ မအူပင်သစ်တောစခန်းနဲ့ ဂဇက်ကြီးသစ်တောစခန်း(စခန်း (၂)ခုကို တချိန်တည်း ဝင်ရောက်စီးနင်းခဲ့ပြီး မတရားသိမ်းဆည်းခံထားရတဲ့ ဒေသခံပြည်သူပိုင်လှေတွေကို ပြန်လည်ယူဆောင်ခဲ့ကာ လှေပိုင်ရှင်တွေထံ အပ်နှံပေးခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံသစ်တောစခန်းတွေကို မီးရှို့ဖျက်ခဲ့တယ်လို့လည်း သိရပါတယ်။