မြန်မာ့တော်လှန်ရေး သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ခြင်း (စကားဝိုင်းအနှစ်ချုပ်)
– အောင်မြင်တဲ့ နွေဦးတော်လှန်ရေးဖြစ်လာဖို့နဲ့ ဖက်ဒရယ်အရွေ့အတွက် အကြံပြု ဆွေးနွေးခြင်း
၁။ လက်ရှိ နွေဦးတော်လှန်ရေးအရွေ့ကိုလည်း ပြန်သုံးသပ်ကြည့်ရအောင်ပါ။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်မယ်ဆိုတဲ့ ပန်းတိုင်နဲ့ ချီတက်နေတဲ့ နွေဦးတော်လှန်ရေးအရွေ့ဟာ ဘယ်လောက်ထိ ခရီးပေါက်ခဲ့ပြီလဲ။
– ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
၁၉၄၈ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု စစ်စစ်နဲ့ တည်ဆောက်ကြဖို့ ရည်မှန်းပြီး သွားခဲ့ကြပေမယ့် အချိန်ကြာလာတဲ့နဲ့အမျှ ပြည်ထောင်စု အနှစ်သာရ ပျောက်ကွယ် သွားခဲ့တယ်။ အဲဒီနောက် တိုင်းပြည် မငြိမ်မသက် ဖြစ်လာပြီးတော့ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တော့ ဖက်ဒရယ်ဆိုတာတဲ့ အသုံးအနှုန်းတွေ အနှစ်သာရတွေ ပျောက်ကွယ်သွားခဲ့ရတယ်။
၂၀၁၄ ခုနှစ်ရောက်မှ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို သုံးခွင့် ရလာတယ်။ သို့ပေမယ့် စကားလုံးအသံးအနှုန်းသာ ရှိပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ဖို့ ပြဿနာတွေ အများကြီး ရှိခဲ့တယ်။ အဓိက ပြဿနာကတော့ ဖက်ဒရယ်ပြောပြီး ဗဟိုချုပ်ကိုင်မှု စနစ်ကို ဗဟို ဦးစီးစနစ်ကိုဘဲ သွားချင်ခဲ့တာကြောင့် အဆင်မပြေခဲ့ဘူး၊ ဖက်ဒရယ် အရွေ့မရှိခဲ့ဘူးလို့ ပြောရမှာ ဖြစ်တယ်။
အခု နွေဦးတော်လှန်ရေးမှာတော့ ဖက်ဒရယ်ကို တတိုင်းပြည်လုံးပြောလာကြပြီ ဖက်ဒရယ်အရွေ့ကို အမှန်တကယ် သွားချင်တယ်ဆိုရင်တော့ ဖက်ဒရယ် သဘောသဘာ၀ ဖြစ်တဲ့ တန်းတူရေး ဖော်ဆောင်ရမှာ ဖြစ်သလို အထူးသဖြင့် အာဏာခွဲဝေရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အဆင့်မှာ ဘယ်လို ခွဲဝေမလဲ၊ ပြည်နယ်(ယူနစ်)အဆင့်တွေက တန်းတူညီမျှစွာ ပေါ်ပေါက်လာပြီး ဘယ်လိုခွဲဝေကျင့်သုံးခွင့်ရှိမလဲဆိုတာ ရိုးရိုးသားသားနဲ့ လက်တွေ့ အကောင် အထည် ဖော်ဆောင်ပြဖို့ လိုပါတယ်။
အရင်က ဖြစ်ခဲ့တဲ့ အခြေအနေတွေကို သင်ခန်းစာယူပြီး တဘက်နဲ့ တဘက် ကောင်းမွန်တဲ့ ယုံကြည်မှုကို တည်ဆောက်ပြီး သွားနိုင်မှ ဖက်ဒရယ်အရွေ့က ပိုပြီးမြန်လာနိုင်ပါတယ်။
– နိုးနိုးထက်စံ (လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ – ဗဟိုစည်းရုံးရေးကော်မတီဝင်)
၁၉၆၂ ခုနှစ် တောင်ကြီးညီလာခံမှာ နိုင်ငံရေးစည်းထဲမှာရှိနေတဲ့ တာဝန်ရှိ ခေါင်းဆောင်တွေက ဆွေးနွေးခဲ့တဲ့ ကာလတခုရှိခဲ့တယ်။ အဲ့ဒီကာလတွေမှာလည်း ကိုယ့်ရဲ့ပြည်နယ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူမှုရအောင် ဒါကဖက်ဒရယ်ပဲ။ ဒီကိစ္စမျိုးကို ဆွေးနွေးတာကို လက်မခံဘဲရှိခဲ့တယ်။ ပြောချင်တာက သမိုင်းတွေလည်း အများကြီးဖျောက်ခံထားရတာတွေရှိခဲ့တဲ့အခါမှာ တဖြည်းဖြည်းနဲ့ သမိုင်း ပျောက်လာတယ်။ ဖျောက်ခံရတဲ့အခါမှာ ဖက်ဒရယ်ဆိုတဲ့အသံလည်း တဖြည်းဖြည်းနဲ့သိပ်သွားတာပေါ့။
ဒါစစ်အုပ်စုရဲ့ အကောင်စဆုံးလုပ်တတ်တဲ့အရာပဲ။ ဘာလဲဆိုတော့ သမိုင်းမှန်သမျှကို သူတို့ဖျောက်ခဲ့တယ်။ အဲ့တော့ လူငယ်တွေကို လက်ဆစ်မကမ်းနိုင်ခဲ့ဘူး။ အခုချိန် မှာ ဖက်ဒရယ်တကြိမ်ထပ်ပြီးတော့ တော်တော် လည်း ကျယ်ကျယ်ပြန့်ပြန့်ပြောလာတဲ့ အခါမှာတော့ လက်တွေ့ပိုကျလာတယ်လို့မြင်တယ်။
လက်တွ့ကျ လာတယ်ဆိုတာက တိုင်းရင်းသားအင်အားစုတွေ ကြားထဲမှာလည်း ဖက်ဒရယ်ယူနစ်တွေကအစ ပိုင်းဖြတ်လာ တယ်၊ ဖော်ဆောင်ဖို့ကြိုးစားလာတယ်။ တစ်ပြိုင်နက်ထဲမှာ ပေါ်လစီ မူအရသဘောတူလာတဲ့ အချက်တွေရှိ လာပြီ။ သို့သော်လည်း မူအရသဘောတူပြီးတော့ လက်တွေ့ကျဖို့လိုနေသေးတယ်။
မူအရသဘောတူအချက် တွေရှိပြီးတော့ မူသဘောဆောင်တဲ့ အသေးစိပ်လုပ်ငန်းဖော်ဆောင်မှုအပိုင်းမှာတော့ လိုနေသေးတယ်လို့ ထင်တယ်။ အဲ့တော့ နိုင်ငံရေးအင်အားစုတွေနဲ့ လက်နက်ကိုင်အင်အားစုတွေကြားထဲမှာ တန်းတူရေးနဲ့ လူတိုင်း အတွက် နိုင်ငံရေးမှာပါဝင်နိုင်ရေး၊ လူတိုင်းဟာ သူ့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖို့လိုတယ်ဆိုတဲ့ အယူအဆကို တော့ လက်ခံဖို့တယ်။ ဒီအချိန်မှာပဲ တစ်ပြိုင်နက်ထဲ တချို့လှိုင်းတွေကရှိတယ်။ ဖက်ဒရယ်လို့ပြောရင် အကွဲကွဲ အပြဲပြဲဖြစ်တော့မှာပဲဆိုတဲ့အတွေး။ ဆိုတော့ သူ့ရဲ့တန်းတူခွင့် သူ့ရဲ့ကိုင်ပိုင်ပြဋ္ဌာန်းခွင့်ရှိနေ သ၍တော့ အဲ့ဒီအတွေးရှိနေရာမလိုဘူး။
ဘာလို့ဆို တိုင်းရင်းသားတွေရဲ့လိုလားချက်က တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စီမံခွင့်ဖြစ်တယ်။ ဆိုတော့ အဲ့ဒီနေရာတွေကို ဗဟိုချုပ်ကိုင်မှု အားကောင်းကောင်း နဲ့ သိမ်းကျုံးယူနေတာဟာ ဘာနဲ့တူလည်းဆိုတော့ ဗမာတွေက ပဒေသရာစ် အတွေးအခေါ်ကလည်း မပျောက် ဘူး။ မပျောက်တဲ့အခါ အဲ့ဒီ ပဒေသရာစ်အတွေအခေါ်နဲ့ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို ပိုပြီး တင်းတင်းကြပ်ကြပ် လုပ်တဲ့အခါကျတော့ မခံနိုင် ဘူးပေါ့။
ဒါဟာတိုင်းပြည်တိုးတက်ဖို့ အရွေ့အတွက် လည်း ခက်ခဲတယ်။ ဒါကြောင့် ဒီနေ့ကာလမှာ ပိုပြီးတော့ လူငယ်တွေရော၊ နေရာဒေသအသီးသီးက ဖက်ဒရယ်ဆိုတာကို လက်ခံလာတယ်။ တည်ဆောက်ဖို့ကြိုးစား လာကြတယ်။
ဒီအပေါ်မှာ ကျမတို့ ပြောနေတဲ့ ဖက်ဒရယ်၊ စစ်တပ်ကပြောနေတဲ့ ဖက်ဒရယ်၊ တခြားသူတွေ ပြောနေတဲ့ ဖက်ဒရယ်။ ဖက်ဒရယ်ရှုတောင့်တွေအများကြီး ပေါ်လာတယ်။ ဒါတွေကတော့ စိတ်ပိုစရာကောင်း တယ်ပေါ့။ အခု လောလော ဆယ် နွေဦးတော်လှန်ရေးထဲမှာ လုပ်ကိုင်နေကြတဲ့ အစုအဖွဲ့တွေတော်တော်များများ ကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စုကို နားလည်နေပြီလို့ ကျမ ကတော့ အဲ့လို နားလည်ပါတယ်။
၂။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီရဲ့အရွေ့ကရော ဘယ်လိုအနေအထားမျိုးရှိပြီလို့ ပြောလို့ရနိုင်ပါသလဲ။
– နိုင်ဗညားမွန် (မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ – ဒါရိုက်တာ)
ကျနော်တို့နားလည်တဲ့ ဖက်ဒရယ်စနစ်သည် အာဏာခွဲဝေအုပ်ချုပ်တဲ့စနစ်ဖြစ်တယ်။ အာဏာခွဲဝေ အုပ်ချုပ်ရေး စနစ်ဆိုရာမှာ (Constitutional Power-sharing) ဖွဲ့စည်းပုံဆိုင်ရာ အာဏာခွဲဝေရေးစနစ် ဖြစ်တယ်။ ဆက်ဆံရေး အရ ပြောရရင် ဖက်ဒရယ်စနစ်သည် အပေါ်အောက်ဆက်ဆံရေးမဟုတ်ဘူး။
အလျား လိုက် ဆက်ဆံရေးဖြစ်တယ်။ ဆိုတော့ ဖက်ဒရယ်လို့ပြောတဲ့အခါမှာ ပြည်နယ်နဲ့ပြည်ထောင်စု အကြားမှာ အာဏာခွဲဝေရေး၊ သူ့လုပ်ပိုင်ခွင့်တွေကို လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရဖို့ပေးတဲ့ အုပ်ချုပ်ရေး ပုံစံဖြစ်တယ်။ အဲ့ဒါက ကျနော်တို့ပြောတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဖော်ဆောင်ပေးနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်၊ ဒါက ကျနော်တို့နားလည်တဲ့ ကျနော်တို့သွားချင်တဲ့ ဖက်ဒရယ်ပုံစံမျိုးဖြစ်တယ်။
ဒီနေရာအချို့သော အင်အားစုတွေ၊ ခေါင်းဆောင်တွေက ဖက်ဒရယ်စနစ်ကို ဗဟိုချုပ်ကိုင်မှုလျော့လိုက်တဲ့ပုံစံနဲ့ ရောလိုက်တယ်။ ဗဟိုချုပ်ကိုင်မှုစနစ်ကိုလျော့လိုက်ရင် တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရောက်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ က ကျနော်တို့ အနာကို ကုတဲ့ပုံစံမဟုတ်ဘူး။
ကျနော်တို့ တိုင်းရင်းသား ခေါင်ဆောင်တွေ ပြောတဲ့စကားရှိတယ်။ ဒီတိုင်းပြည်ကို အတူတကွတည်ဆောက် မယ်ဆိုတဲ့ ၁၉၄၇ ခုနှစ်မှာချ ထားတဲ့ ရေရှည်မျှော်မှန်းချက်က တိုင်းပြည်ကို ဖက်ဒရယ်ပြည်စုနဲ့ အတူ တည်ဆောက်မယ်။ အတူသွားမယ် ဆိုတဲ့ အချက်ဖြစ်တယ်။
နောက်တခုက ၁၉၆၂ ခုနှစ်ကနေ ၁၉၆၄ အထိ ဖက်ဒရယ်စကားတခွန်းပြောရင် ထောင် (၈)နှစ်ပေါ့၊ အဲ့လိုအနေအထားကနေ ၂၀၁၄ မှာ ပြန်ပွင့်လာတယ်။ ဖက်ဒရယ်ဆိုတဲ့စကား ပြောလို့ရလာ တယ်။
သို့သော် အဲ့တုန်းက အစိုးရနဲ့ အခုစစ်ကောင်စီ ပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုက ကျနော်တို့ နားလည်တာကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံပြီးတော့ ၂၀၀၈ ထဲက ဇယား(၁) ဇယား(၂)ကို နည်းနည်း ပြောင်းလိုက်ရင် ဖက်ဒရယ် ပြည်ထောင်စုသွားလို့ရတယ်ဆိုတဲ့ ပုံစံမျိုးလို့ ကျနော် နားလည်တယ်။
နောက်တခု အယူအဆ ရေးရာမှာတောင်မှ မနေ့တနေ့က ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မိန့်ခွန်းထဲမှာ ကျနော်တို့ နိုင်ငံသည် တိုင်းရင်းသားအခြေပြု ဖက်ဒရယ်ပြည်ထောင်စုသွားရင် ကမှောက်ကမ ဖြစ်သွားနိုင်တာကြောင့် နယ်မြေဒေသကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုသွားမှဖြစ်မယ်ဆိုတဲ့ သူ့တို့ရဲ့ အယူအဆအထိုင်နဲ့ပဲ သူပြောသွားတယ်။
အဲ့လိုအနေအထားမျိုးဖြစ်တဲ့အခါကျတော့ ကျနော့်အမြင် ကျနော့်ရဲ့ နည်းလည်မှုသည် စစ်အစိုးရပဲပြောပြော စစ်ကောင်စီပဲပြောပြော သူတို့ပြောတဲ့ ဖက်ဒရယ်ကြွေးကြော်သံက ၂၀၀၈ မှာ အခြေခံပြီး သွားနေတဲ့ ကာလ ပတ်လုံး ဘယ်လိုမှဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။
ဘာလို့ဆို ၂၀၀၈ သည် ဒီမိုကရေစီရဲ့ အနစ်သာရလည်း ဘာမှမရှိဘူး။ အဲ့တော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် တဲ့အခါမှတော့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ တပါးတည်းကပ်ပါလာတဲ့ ဒီမိုကရေစီစနစ်သည် တပြိုင်တည်း ဆက်စပ်ပြီးတော့ အတူသွားရမဲ့ ဖြစ်စဉ်မျိုးဖြစ် တယ်။ တစ်နိုင်ငံလုံးရဲ့ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရှိ သင့်သလို၊ နယ်မြေ ဒေသအရ အုပ်ချုပ်မှု၊ တန်းတူမှုကိုဖော်ဆောင်ပေးတဲ့ အထူးသဖြင့် ယူနစ်လို့ခေါ်တဲ့ ဒေသ ကို ဖော်ဆောင်ပေးတဲ့ အခွင့်မျိုးလည်း ဖွင့်ထားပေးဖို့လိုတယ်။ ဆိုတော့ ကျနော့်ရဲ့အမြင် စစ်ကောင်စီ ပြောနေတဲ့ ၂၀၀၈ ပေါ်မှာအခြေပြုတဲ့ ဖက်ဒရယ်တည်ဆောက်ရေးကြွေးကြော်တာဟာ ဘယ်အရာမှ ရွေ့စရာ အကြောင်း မရှိဘူး။
၃။ အာဏာသိမ်းမှုမတိုင်ခင်မှာ အရပ်သားအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား နိုင်ငံရေးယုံကြည်မှု တင်းမာခဲ့တဲ့ အခြေအနေမျိုးတွေ ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ရှိခဲ့တော့ လက်ရှိမှာ အားလုံး စုစည်းညီညွတ် ကြဖို့ ဆိုတဲ့အပေါ် ဘယ်လောက်ထိ လက်တွေ့ကျကျ ယုံကြည်ချက်ရှိအောင် ပေါင်းစည်းနိုင်မလဲ။ အဲဒီအတွက် ဘာတွေက အဓိက စိန်ခေါ်မှု ဖြစ်နေပါသလဲ။ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှာသင့်တယ်လို့ ယူဆပါသလဲ။
– နိုးနိုးထက်စံ (လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ – ဗဟိုစည်းရုံးရေးကော်မတီဝင်)
အာဏာသိမ်းမှုမတိုင်ခင်မှာတော့ ရှိခဲ့တဲ့အစိုးရက စစ်တပ်နဲ့ရင်ကြားစေ့ရေးဆိုတဲ့ပေါ်လစီ ထားခဲလို့ တိုင်းရင်းသား အင်အားစုတွေနဲ့ တင်းမာမှုဖြစ်ခဲ့တာပေါ့နော။ စစ်တပ်ဆိုတာ မျက်နှာမူလို့ရကောင်း တယ်လို့ ကျမတို့က မထင်ကြဘူး။ စစ်တပ်ရဲ့စနစ်ကို အဓိကတိုက်နေတာဖြစ်တဲ့အတွက် စစ်တပ်ကို မျက်နှာမူတယ် ဆိုတော့ ဘယ်လိုမှ လက်ခံလို့မရတော့ ဒီတင်းမာမှုဖြစ်ခဲ့တာပေါ့။
တစ်ပြိုင်နက်ထဲ အခုအာဏာသိမ်းလိုက်တဲ့ အခါမှာ အဲ့လိုပဲ ရင်ကြားစေ့ဖို့ကြိုးစားတဲ့သူတွေလည်း သပ်သပ် ရှိတာပဲ။ အခုဆိုရင် NLD ရဲ့ခေါင်းဆောင်ဖြစ် သလို၊ နိုင်ငံတော်ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထောင်ချ ပလိုက်တာပဲ။ သူတို့ကို အပျော့ပြောင်းဆုံး ကိုင်သွယ်တဲ့သူ သူတို့မျက်နှာကို မူပြီးတော့ ကြည့်ပြီးတော့ အလုပ် လုပ်ခဲ့တဲ့ သူပဲ။ ဒါတောင်မှ သူတို့က လက်ခံတာမဟုတ်ဘူး။
ဆိုလိုတာက တင်းမာတဲ့စစ်တပ် အကြောင်းကို ကောင်းကောင်းသိဖို့လိုတယ်။ မြန်မာပြည်က စစ်တပ်ဆိုး ယုတ်မှုကိစ္စကို ကောင်းကောင်းသိဖို့လိုတယ်။ အဲဒါကို လက်မခံကြတာ။ နားမလည်ကြတာ။ နိုင်ငံရေးကနေတောင် တဖြည်းဖြည်းဖယ်ထုတ်လိုက်ဖို့ ကြိုးစားနေတဲ့ ဟာကို သွားပြီး မျက်နှာမူပြီး ဆွေးနွေးတော့ နေရာပေးခဲ့သလို ဖြစ်နေတယ်။
တစ်ချို့တော်လှန်ရေးသမားတွေ ကိုယ်တိုင်ကလည်းရှိတယ်၊ စစ်တပ်လုံးဝမပါလို့ ဘယ်ဖြစ်မလဲဆိုတာမျိုး အဲ့စိတ်ဓါတ်မျိုးကို ကျမ ကတော့ နားမလည်ဘူး။
ဆိုတော့ အခုကာလမှာတော့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဆိုတာကို ကောင်းကောင်းသိတဲ့ အတွက် စစ်အုပ်စုနဲ့ အတူ သူ့ကိုထောက်ပံ့ထားတဲ့သူတွေကို ဖြုတ်မှရမယ်ဆိုတဲ့ အသိစိတ်ကတော့ အကုန်လုံး မှာ တော်တော်လည်း ညီညွတ်သွားပြီလို့ထင်တယ်။ ဒါပေမဲ့ စစ်အုပ်စု ပြုတ်ပြီးရင် ဘယ်လိုပေါင်းစည်းပြီးတော့ တည်ဆောက်ကြ မလဲဆိုတဲ့ နေရာမှာတော့ တချို့လက်ကျန် အတွေခေါ်တွေရှိနေတယ်။
ဆိုတော့ ကျမတို့ အားလုံးကတော့ ပေါင်းစည်းပြီးတော့ လုပ်ရမယ်လို့ နုတ်ကလည်းပြောတယ်။ လက်တွေ့လည်း ကြိုးစားဖို့ စဉ်းစားကြတယ်။ နည်းနာတွေလည်း တွက်ချက်ပြီးတော့ ပူးပေါင်းကြတယ်။ ဒါပေမဲ့ အလုပ်လုပ်တဲ့ အခါမှာ အတွေးခေါ်လက်ကျန်တွေ ပေါ်လာလို့ရှိရင် အဲ့ဒါတကယ်ပြဿနာရှိတယ်။ အဲ့ဒါတကယ် စိန်ခေါ်မှု ဖြစ်တယ်။
– ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
အာဏာမသိမ်းမှု မတိုင်မီ ကာလက အခြေအနေကတော့ အရှိတရား ဖြစ်ခဲ့ပြီ ဖြစ်တယ်။ အဲဒီတုန်းက အခြေနေက NLD အရပ်သားအစိုးရ ခေါင်းဆောင်တွေက စစ်တပ်နဲ့ အဆင်ပြေရေးကို အဓိက ဦးတည်သွားတော့ ကျန်တဲ့ သူတွေနဲ့ အဆင်မပြေတော့ဘူးဆိုတာ ရှင်းပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးလည်း အဆင်မပြေတော့ဘူးလို့ ပြောရမှာ ဖြစ်တယ်။
အဲဒီအခြေအနေအားလုံးကတော့ အခု စစ်တပ်က အာဏာသိမ်းမှု လုပ်လိုက်တော့ လူထုတွေက ရှင်းရှင်းလင်းလင်း မြင်သွားလို့ နားလည်တယ်။
သို့သော် အခု အခြေအနေမှာ တချို့အဖွဲ့အစည်းတွေက အရပ်သားအစိုးရ လက်ထက်မှာ ခါးတည်းတဲ့ အတွေ့အကြုံ တွေကို ဖြတ်သန်းခဲ့ရတာကြောင့် အခုချိန် ဘာထူးမှာလဲဆိုပြီး စစ်တပ်နဲ့ သွားပေါင်းနေတဲ့ အဖွဲ့တွေတောင် ရှိနေတာ မြင်ရတယ်။ အဲဒါကြောင့် အဲဒီတော်လှန်ရေး အဖွဲ့အစည်းတွေက ဒီကနေ့ နွေဦးတော်လှန်ရေးမှာတော့ ခပ်လှမ်း လှမ်းကနေ ရပ်နေတဲ့ အနေအထား ဖြစ်သွားတယ်။ ဖြစ်သွားတဲ့ အခြေအနေတွေက သိပ်မကြာသေးတော့ သူတို့တွေက အခု တော်လှန်ရေးမှာ ပေါင်းစည်းလာနိုင်ဖို့ဆိုတာ ခက်ခဲနေဦးမယ်လို့ ထင်ပါတယ်။ ယုံကြည်မှု ပြဿနာတွေက အများကြီး ရှိနေသေးတယ်။
ကျနော်တို့ကြတော့ ဒီစစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင်စနစ်ကို ဘယ်လိုမှ လက်ခံလို့မရတော့ဘူးဆိုတဲ့ မူရှိ တာကြောင့် စစ်အာဏာရှင်တွေနဲ့ အရင်က အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် အခုကာလမှာတော့ လုံး၀ လက်ခံလို့မရတော့ဘူးဆိုတာ ယုံကြည်တာကြောင့် ပြန်လည် တိုက်ခိုက်နေတာဖြစ်တယ်။
ကျနော်တို့ အတူလက်တွဲခဲ့တဲ့ အဖွဲ့တွေကိုတော့ နွေဦးတော်လှန်ရေးမှာ မပါဝင်လာနိုင်သေးတဲ့အဖွဲ့တွေကို အခုချိန်မှာ ပြန်လည်ပေါင်းစည်းရေး ညီညွတ်ရေးကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ပျက်သွားတဲ့ ယုံကြည်မှုကို ပြန်လည်အစားထိုးပြီး ကုသပေးဖို့ လိုပါတယ်။ ဘာကြောင့် ယုံကြည်မှု ပျက်သွားရသလဲဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ အဲဒီအတွက် ပြန်လည်အစားထိုး ကုသပြီး အမြန်ဆုံး တည်ဆောက် စေချင်တယ်။
၄။ တိုင်းရင်းသား အင်အားစုတွေ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြန်မာ စစ်တပ်ကို နိုင်ငံရေးမှာ ဆုံးဖြတ်ခွင့်၊ ပါဝင်ခွင့် မရှိအောင် လိုလားကြပါတယ်။ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍက ဘာလဲ။
– နိုင်ဗညားမွန် (မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ – ဒါရိုက်တာ)
နိုင်ငံတနိုင်ငံမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက အရေးတဲ့ နေရာမှာ ရှိပါတယ်။ သို့သော် မြန်မာစစ်တပ်လိုမျိုး မြန်မာ့ နိုင်ငံရေးမှာ အဓိက နေရာယူပြီး စွက်ဖက်နေတာမျိုးကတော့ နိုင်ငံတကာမှာ မရှိဘူး၊ လက်ခံလို့မရတဲ့ အနေအထားဖြစ်တယ်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာတော့ ဖက်ဒရယ်တပ်မတော်လိုမျိုးပေါ်ပေါက်လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံက လက်နက်ကိုင်တပ်များက ပါဝင်ကြပြီးတော့ အဲဒီ ဖက်ဒရယ်တပ်မတော်ဟာ အုပ်ချုပ်သူ အစိုးရရဲ့ လက်ခံမှာ ရှိရမှာ ဖြစ်တယ်။ အဓိက နိုင်ငံတော် ကာကွယ်ရေးကို ဦးစားပေးပြီး ဆောင်ရွက်တာမျိုးဖြစ်ဖို့ လိုပါတယ်။
– ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
နိုင်ငံရေးမှာ ဝင်စွက်ဖက်နေတဲ့ လက်ရှိ မြန်မာစစ်တပ်ဟာ နိုင်ငံရေးကနေ လုံး၀ စွန့်ခွာဖို့ လိုပါတယ်။ အရပ်သား အုပ်ချုပ်မှု အောက်မှာ နေရမယ်။ ပြီးတော့ မြန်မာစစ်တပ်က ကျုးလွန်ခဲ့တဲ့ နိုင်ငံတကာအဆင့်ရှိတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေး ရောက်ခဲ့မယ်ဆိုရင် ပြစ်မှုကျူးလွန်ပြီး လွှတ်ငြိမ်းခွင့်ရနေတဲ့ အနေအထားကို ဘယ်လိုမှ လက်ခံလို့မရဘူး။ အရေးယူမှုတွေကို လက်ခံ ရမယ်။
အနာဂတ် ပြည်ထောင်စု တပ်မတော်ကို တည်ဆောက်လာတဲ့အခါ နိုင်ငံတကာ စံသတ်မှတ်ချက်များကို အခြေခံပြီး တပ်မတော်ရဲ့ အင်္ဂါရပ်နဲ့အညီ ခေတ်မှီတဲ့ တပ်မတော်တရပ် တည်ဆောက်မှုကို မြန်မာစစ်တပ်ဟာ လက်ခံပြီး အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ လုံး၀ ပါဝင်ရမှာ ဖြစ်တယ်။
– နိုးနိုးထက်စံ (လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ – ဗဟိုစည်းရုံးရေးကော်မတီဝင်)
ဘယ်စစ်တပ်ဘဲ ဖြစ်ဖြစ် လက်နက်ကိုင်တပ်ဘဲ ဖြစ်ဖြစ် ဒီမိုကရေစီအစိုးရအောက်မှာ ရှိရမှာဖြစ်တယ်။ ဗမာပြည်ထဲမှာ သောင်းကျန်းနေတဲ့ မြန်မာစစ်တပ်ကိုတော့ ဖြုတ်လိုက်ရမယ်။
အနာဂတ် ပြည်ထောင်စု ဖက်ဒရယ်တပ်မတော် ပေါ်လာရင်တော့ တပ်မတော်ဟာ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ် ရေးကို အဓိက လုပ်ကိုင်ရမှာ ဖြစ်သလို ဒီမိုကရေစီ အစိုးရရဲ့ လက်အောက်မှာ စီမံခန့်ခွဲမှုတွေကို နာခံပြီး သွားရမယ်။ အဲဒီတပ်မတော်ကိုလည်း ပြည်ထောင်စု တခုလုံးက လူထုတွေ ပါဝင် ပတ်သက်နိုင်တဲ့ အခြေအနေကို ဖန်တီး ပေးထားရမှာ ဖြစ်တယ်။
အနာဂတ် ပြည်ထောင်စု ဖက်ဒရယ်တပ်မတော် ပေါ်လာနိုင်ရေးအတွက် လက်ရှိတော်လှန်ရေးနဲ့ ဆက်စပ်ပြီး ပြင်ဆင်ဖွဲ့စည်းသွားဖို့ လိုအပ်ပါတယ်။
၅။ နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှု ရရှိဖို့ ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။ ဘယ်လို လမ်းကြောင်းတွေနဲ့ ချဉ်းကပ်သင့်ပါသလဲ။ လက်ရှိ NUG ရဲ့ နိုင်ငံတကာကို ချည်းကပ်နေတဲ့ လမ်းကြောင်းအပေါ် သုံးသပ်ပေးပါရှင့်။
– နိုင်ဗညားမွန် (မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ – ဒါရိုက်တာ)
–
လက်ရှိနွေဦးတော်လှန်ရေး လှုပ်ရှားမှုကို နိုင်ငံတကာက အသိအမှတ်ပြုမှု အရင်က တော်လှန်ရေးတွေထက် အများကြီးရှိတယ်လို့ ယူဆတယ်။ ဖက်ဒရယ်တည်ဆောက်ရေး၊ ဒီမိုကရေစီရရှိရေး တိုက်ပွဲတွေအတွက် စာအရ အသိအမှတ်ပြုမှုရှိသလို နိုင်ငံတကာအဆင့် ကုလသမဂ္ဂမှာတော့ ဦးကျော်မိုးထွန်းကို နေရာပေးထားတာ ရှိနေ တယ်။ တချို့နိုင်ငံတွေကလည်း စပြီး အသိအမှတ်ပြုလာကြတာတွေ ရှိနေတာလို့ ထောက်ခံပြောဆိုမှုတွေ ရှိနေ တယ်လို့ နှစ်ပိုင်း တွေ့ရတယ်။
သို့သော် လက်တွေ့ နိုင်ငံတကာအဆင့်မှာ အစိုးရတရပ်အနေနဲ့ ဆက်ဆံနိုင်ဖို့ ဆိုရင်တော့ ဒီတော်လှန်ရေးမှာ လူထုတွေရဲ့ပါဝင်မှုက အရေးကြီးသလို တဖက်က နယ်မြေစိုးမိုးနိုင်ရေးက အဓိက ကျတာ ဖြစ်တယ်။
နယ်မြေစိုးမိုးမှု အရေးကြီးကြောင်းပြောတာက လက်တွေ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ တော်လှန်ရေး အင်အားစုတွေကို နုတ်အရ ရုပ်ပိုင်းဆိုင်ရာအရ အားပေးထောက်ခံမှု ရှိနေတယ်ဆိုပေမယ့် လက်တွေ့ ဆက်ဆံ ဖို့ကြတော့ သံရုံးတွေက ပြည်တွင်းထဲမှာ မဖြစ်မနေ ဆက်လက် ဖွင့်လှစ်ထားကြရတယ်၊ ကုလသမဂ္ဂ အဖွဲ့အစည်း တွေအပါအဝင် နိုင်ငံအများစုကတော့ တဖက်က စစ်ကောင်စီ ကိုလည်း မလွဲသာမရှောင်နိုင်ဘဲ ဆက်ဆံ နေရတဲ့ အနေအထား ဖြစ်နေတယ်။
အဲဒါကြောင့် နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်နေတဲ့ တော်လှန်ရေး အစိုးရဟာ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိဖို့ဆိုရင် ၁) နယ်မြေထိန်းချုပ်နိုင်မှု အနေအထား ဘယ် လောက်ထိ ရှိနေလဲအပေါ် မူတည်တယ်။ ၂) နိုင်ငံတကာကို ချဉ်းကပ်တဲ့အခါ ဖက်ဒရယ်အရေးဘဲ ပြောပြော၊ ဒီမိုကရေစီအရေးဘဲပြောပြော နိုင်ငံရေးအရ ချဉ်းကပ်တဲ့အခါ တနိုင်ငံလုံးကို ကိုယ်စားပြုမှု အားလုံးရဲ့အသံပါဝင်ဖို့လိုတယ်။ လက်ရှိနွေဦး တော်လှန်ရေး ဟာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ တော်လှန် ရေးဖြစ်တာကြောင့် အုပ်စုတစုတည်းကိုဘဲ ကိုယ်စားပြုတဲ့ ချဉ်းကပ်မှုမျိုး မဖြစ်ဖို့လိုပါတယ်။
အထူးသဖြင့် ပြည်တွင်းလှုပ်ရှားမှုမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လက်နက်မကိုင်တဲ့ တော်လှန်ရေး အင်အားစု အားလုံးရဲ့ အသံပါဝင်ပြီး ကိုယ်စားပြုဖို့ လိုပါတယ်။
၆။ စစ်တပ်အနေနဲ့ အကျပ်အတည်း တအားကြီးလာတဲ့အချိန်မှာ စစ်တပ်အနေနဲ့ သီးသန့်အခြေကုတ်ဒေသကို အခြေခံပြီး အုပ်ချုပ်ရေးတွေ ဖော်ဆောင်လာနိုင်ချေရှိပါသလား။ သို့မဟုတ် စစ်တပ်အနေနဲ့ အကျပ်အတည်းကို ဘယ်လိုပုံစံမျိုးနဲ့ ဖောက်ထွက်လာနိုင်ပါသလဲ။
– ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သူထင်ထားတာထက် နယ်မြေစိုးရှုံးမှုက ပိုများလာ တယ်လို့ မြင်ရတယ်။ အဓိကတော့ သူမထင်မှတ်ထားတဲ့ လူထုတွန်းလှန်တိုက်ခိုက်မှုက အကြီးများဆုံးနဲ့ ကြုံတွေ့ ခဲ့ရတာ ဖြစ်တယ်။ အထူးသဖြင့် မြို့ပြတွေနဲ့ ကျေးလက်ဒေသ အများစုကို မြင်ရတယ်။
နိုင်ငံတကာမျက်နှာစာ၊ နိုင်ငံရေးတိုက်ပွဲတွေမှာ ဆုံးရှုံးမှုတွေ ကြီးမားလာပြီးနောက် အထူးသဖြင့် စစ်ရေးဘက် မှာလည်း ထိခိုက်ဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်လာတာ မြင်ရတယ်။
ဒီလိုအကျပ်အတည်းပေါင်းစုံနဲ့ ကြုံနေရတဲ့ မြန်မာစစ်တပ်က သူ့အနေနဲ့ နောက်ဆုံးတလှမ်းဘဲ ရှိတော့တဲ့ ရွေးကောက်ပွဲ ဖြစ်မြှောက်လာရေးအတွက် မဖြစ်မနေ လူမဆန်မှုတွေ အကြမ်းပတမ်းတွေကို ပိုပို ကျင့်သုံး လာပြီးတော့ ကြိုးစား လာနိုင်ပါတယ်။ စစ်တပ်ရဲ့ မတရားတဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်လာရေးအတွက် ကျနော်တို့က နည်းပေါင်းစုံနဲ့ ကြိုးစားတိုက်ထုတ်သွားမှာပါ။ အားလုံးလည်း ဝိုင်းဝန်းဆန့်ကျင်တိုက်ခိုက်ဖို့ လိုအပ်ပါတယ်။
ဆိုတော့ လက်ရှိအခြေအနေတွေအရ စစ်တပ်က အခု မြို့ပေါ်နေရာတချို့လောက်ကိုဘဲ ကိုင်သွယ်နိုင်တော့ တယ်ဆိုတာ သိသာထင်ရှားပါတယ်။
– နိုးနိုးထက်စံ (လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ – ဗဟိုစည်းရုံးရေးကော်မတီဝင်)
စစ်တပ်က ခြေကုတ်ယူမယ့် မူရင်းနေရာကတော့ နယ်ပြည်တော် ဖော်ဆောင်ရေး ဖြစ်တယ်လို့ မြင်ပါတယ်။ ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး ဖွင့်လှစ် ဖော်ဆောင်နေပြီး ဘယ်တော့ ပြန်ပိတ်မလဲဆိုတဲ့ စစ်တပ်ရဲ့ အကြံအစီက တော်တော် ကြီးပုံရပါတယ်။ ပြင်ဆင်ထားတာ တွေ့ရတယ်။
ဒါ့ကြောင့် စစ်ရေးအရ မဟာဗျူဟာကျပြီး အင်မတန်အရေးပါတဲ့ စစ်ကိုင်းလိုဒေသကို တော်လှန်ရေး အင်အားစု တွေက ထိန်းချုပ် လိုက်နိုင်ရင် တော်လှန်ရေး အောင်မြင် ပြီလို့ပြောလို့ ရနိုင်ပါတယ်။ အဲဒါကြောင့်လည်း စစ်တပ်ကို အဲဒီစစ်ကိုင်း ဒေသကို ဖိပြီးတိုက်နေတဲ့ အနေအထားလည်း ဖြစ်နေတာ မြင်ရတယ်။
နောက်တခုကတော့ စစ်တပ်က သူတို့ရဲ့ နိုင်ငံရေးအကျပ်အတည်းကနေ ဖောက်ထွက်နိုင်ဖို့ ရွေးကောက်ပွဲအပြင် တခြား နည်းလမ်း မရှိတော့ဘူး အဲဒါအကောင်းဆုံးဘဲလို့ ယူဆပုံရတယ်။ အဲဒါကြောင့် စမတ်ကဒ်တွေကို ကျင့်သုံးနိုင်ဖို့ ကြိုးစားနေကြတယ်။ ဧည့်စာရင်းစစ်ထုတ်တဲ့ကိစ္စကိုလည်း အထူးလုပ်ဆောင်နေတာ တွေ့ရတယ်။
အဲဒါကြောင့် စစ်တပ်ရဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို တော်လှန်ရေးအင်အားစုတွေ ရတဲ့နည်းတဲ့ ဖြတ်တောက်ကြရမှာဖြစ်တယ်။
ဒီနေရာမှာ မေးခွန်းထုတ်စရာ တခုပြောသံ ပြည်တွင်းဘက်ပါတီတွေဆီက ကြားရတယ်၊ အဲဒါကတော့ ဒီမိုကရေစီကို လိုလားတဲ့ သူတွေက ရွေးကောက်ပွဲကို ဖျက်ဆီးမယ်ဆိုတာက ဖြစ်သင့်သလားဆိုပြီး ပြောကြပါတယ်။ ဒီနေရာမှာ ရိုးရိုးလေးပဲ စဉ်းစားဖို့လိုတာက လက်ရှိ စစ်တပ် စစ်ကောင်စီဟာ တရားဝင် ဖွဲ့စည်း ထားတဲ့ အဖွဲ့ ဖြစ်သလားဆိုတာကအဓိကကျပါတယ်။ ပြည်သူလူထုက တခဲနက်ပါဝင်ထားတဲ့ ရွေးကောက်ပွဲကို ဖျက်ဆီးပြီး အာဏာသိမ်းလိုက်တာက တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်တာ၊ အထူးသဖြင့် စစ်တပ်က သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး အာဏာသိမ်းတာတွေက တရားမဝင်ကြောင်းပြသ နေတဲ့ အချက်အလက်ဖြစ်ပါတယ်။
ဒါကြောင့် စစ်တပ်က သူရဲ့ နိုင်ငံရေးထွက်ပေါက်အတွက် လုပ်လာမယ့် အတုအရောင် ရွေးကောက်ပွဲကို မဖြစ်မြောက် ရေးအတွက် တားဆီးဖို့ ပြုလုပ်တာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်။
၇။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးခရီးရှည်အတွက် အရွေ့တွေ ပိုမိုသွက်လက်လာအောင် နိုင်ငံရေး၊ စစ်ရေး ဘာတွေ ပြင်ဆင်ထားဖို့ လိုပါသလဲ။ တော်လှန်ရေးအရွေ့အတွက် စစ်ရေးအရှိန်မြှင့်လာချိန်မှာ နောက်ဆက်တွဲ သက်ရောက်မှုတွေအတွက် ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လို ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ။
– ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
နိုင်ငံရေး ရည်မှန်းချက် ရပ်တည်ချက်တွေက ခိုင်ခိုင်မာမာနဲ့ အမြန်ထွက်လာဖို့ အရေးကြီးပါတယ်။ စစ်ရေးဆိုတာ ကလည်း နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ နောက်ဆက်တွဲကိစ္စရပ်ဖြစ်သလို အားလုံးသဘောတူတဲ့ နိုင်ငံရေး ဘုံရည်မှန်း ချက် ခပ်မြန်မြန် ထွက်လာနိုင်ဖို့ အရေးကြီးတယ်။ အဲဒါမထွက်လာနိုင်ရင်တော့ အားလုံးအတွက် မကောင်းဘူး။
အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက်လာရင်လည်း အရမ်းအရေးကြီးတဲ့ COC လို့ခေါ်တဲ့ change of command အောက်ကို စုဖွဲ့ထားတဲ့ အင်အားစုတွေ ဝင်လာဖို့ ရောက်လာဖို့က အင်မတန်အရေးကြီးပါတယ်။ ပထမဦးဆုံးအနေနဲ့ ချက်ခြင်း မဝင်လာနိုင်သေးရင်တောင် ပူးပေါင်းဆောင်ရွက်တဲ့အဆင့်ကို အမြန်သွားဖို့ လက်တွေ့အကောင်အထည် ဖော်ဖို့ လိုအပ်ပါတယ်။ ဒါကိုတော့ လုပ်နေမယ်လို့လည်း ယုံကြည်ပါတယ်။
နောက်တခုကတော့ နယ်မြေစိုးမိုးရေး အရေးကြီးပါတယ်။ မြန်မာစစ်တပ်စခန်းတွေရှိတဲ့ နယ်မြေတွေကို စစ်ရေး အရ တိုက်ခိုက်သိမ်းပိုက် နိုင်ပေမယ့် အုပ်ချုပ်ရေးကိစ္စကို တပါတည်း မဖော်ဆောင်နိုင်ဘူးဆိုရင်တော့ အဲဒီနေရာ တွေကို ခဏတာအတွင်း ပြန်လည် ဆုံးရှုံးရတက်ပါတယ်။ တည်ငြိမ်အောင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြန်ပြီး အုပ်ချုပ်ရေး ချနိုင်ဖို့က အင်မတန် အရေးကြီးပါတယ်။
နောက်တခုက စစ်ရေးဖော်ဆောင်လာတာနဲ့အမျှ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ စစ်ဘေးရှောင် အရေအတွက် များလာပါတယ်။ စစ်ဘေးရှောင်တွေအတွက် နေရာချထားနိုင်ရေးက အင်မတန်အရေးကြီးပါတယ်။ ဒါကိုလည်း သေချာပြင်ဆင်ပြီး လုပ်ဆောင်ဖို့ အခုကာလမှ အင်မတန်အရေးကြီးနေပါတယ်။
– နိုးနိုးထက်စံ (လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ – ဗဟိုစည်းရုံးရေးကော်မတီဝင်)
နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးကွင်းပြင်အနေနဲ့ ရှိနေတာက အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဖြစ်တော့ NUCC က သေချာ အလုပ်ကို ခပ်သွက်သွက် လုပ်ဖို့လိုပါတယ်။ မူဝါဒနဲ့အတူ စနစ်တွေ ပေါ်ပေါက်လာရေးအတွက် ပုံစံတွေကို ဖော်ဆောင်မယ့် နေရာဖြစ်တယ်လို့ မြင်တယ်။
နောက်တခုကတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် နေရာပြန်လည်ချထားရေးနဲ့ အကူအညီ ပေးရေးကိစ္စတွေမှာ နိုင်ငံတကာ အကူအညီ ရရှိရေး လိုတယ်။ ဒါကြောင့်မို့လို နယ်စပ်စည်းမျဉ်းတွေမှာ ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူ တွေဆီကို နိုင်ငံတကာ အကူအညီတွေ တိုက်ရိုက်အကူအညီ ရောက်နိုင်ဖို့ ပြောကြတာဖြစ်တယ်။
တိုက်ရိုက်အကူအညီ ပေးနိုင်ရေးအတွက်ဆိုရင်လည်း သက်ဆိုင်ရာဒေသအလိုက် အကူအညီပေးနေတဲ့ ဒေသ အဖွဲ့အစည်းတွေကနေ တဆင့် သွားဖို့ လိုအပ်နေတာဖြစ်တယ်။ ပြည်တွင်းကနေ တချို့ အရပ်ဘက် အဖွဲ့အစည်းတွေ လုပ်ဆောင်နေတာ ရှိတယ်။ သူတို့အနေနဲ့ ထိထိရောက်ရောက် အမှန်တကယ် လုပ်ဆောင်နိုင်ဖို့ လိုတယ်။
တိုင်းပြည်တည်ဆောက်ရေးအတွက် လူသား အရင်းအမြစ်က ဒီစစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကလည်း အဓိက ဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘ၀မြှင့်တင်ပေးရေးတွေက အင်မတန် အရေး ကြီးပါတယ်။
အထူးသဖြင့် နိုင်ငံတကာ ကူညီမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့မှုတွေက မြန်မာစစ်တပ်ရဲ့ စီမံခန့်ခွဲမှုအောက်ကို ရောက်မသွားအောင် ပြုလုပ်ဖို့လိုတယ်။ ဒါကြောင့် နိုင်ငံတကာရောက်နေကြတဲ့ တော်လှန်ရေး အင်အားစု တွေက နိုင်ငံတကာ အဖွဲ့အစည်းတွေကို သေချာနားလည်နိုင်အောင် ရှင်းပြ ကြိုးစားပေးနိုင်ဖို့ လိုပါ တယ်လို့ မြင်တယ်။
– နိုင်ဗညားမွန် (မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ – ဒါရိုက်တာ)
ပထမဦးဆုံးအချက်ကတော့ ဘုံနိုင်ငံရေး ရပ်တည်ချက်ရှိဖို့လိုတယ်။ လက်ရှိအခြေအနေရတော့ ဘုံနိုင်ငံရေး ရည်မှန်းချက် ရပ်တည်ချက်လို့ပြောလို့ရမယ့် ဖက်ဒရယ်ချာတာ အဆင့်ကတော့ တော်လှန်ရေးအင်အားစုတွေမှာ ရှိတယ်။ တဘက်က အားလုံးကို စုစည်းထားတဲ့နေရာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဆိုတာလည်း ရှိပါတယ်။ သို့သော် အခုရှိနေတဲ့ ရပ်တည်ချက်တွေထက် ပိုပြီးတိကျတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဘုံရပ်တည်ချက် ရှိဖို့ ပြင်ဆင် ဖွဲ့စည်းဖို့ လိုနေသေးတယ်လို့ မြင်ရတယ်။
နောက်တခုကတော့ စစ်ကောင်စီကို ဘုံရန်သူအနေဖြင့် ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် သတ်မှတ်တာကိုလည်း ချပြဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ကိုင်ပြီး နေရာပေါင်းစုံ အဖွဲ့ပေါင်းစုံနဲ့ ထိတွေ့ပြီး နိုင်ငံရေးကစားလာတဲ့အခါ တချို့ အဖွဲ့အစည်းတွေက ၂၀၀၈ ဖွဲ့စည်းပုံအရ အခွင့်အရေး ရနိုင်သေး တယ်ဆိုတဲ့ စဉ်းစားချက်မျိုးတွေကို ဖက်တွယ်နေတာ ရှိသေးတော့ ညီညွတ်ရေးကို ထိခိုက် လာစေနိုင်တယ်ဆိုတာ မြင်နေရတယ်။
ဒုတိယအချက် စစ်ရေးအရ ပြောမယ်ဆိုရင်တော့ အရင်ကပုံစုံနဲ့ မတူတော့ဘဲ စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်မှာ တော့ တနိုင်ငံလုံး အတိုင်းအတာအရ တွန်းလှန်တိုက်ခိုက်နေတာ ဖြစ်လို့ အကျပ်ရိုက်နေတယ်လို့ မြင်ရတယ်။ ဒါကြောင့် ဒီစစ်တပ်ကို ပိုပြီးထိရောက်တဲ့ နည်းဗျူဟာနဲ့ တိုက်ခိုက်နိုင်ဖို့က COC (အမိန့်တခုတည်းအောက်ဖြစ်မှု) မဟုတ်ရင်တောင် JOC (ချိတ်ဆက် ညှိနှိုင်းပူးပေါင်းမှု) နဲ့ ဗျူဟာကျကျ တိုက်ခိုက်နိုင်ဖို့ မြင့်တင်နိုင်ရင်တော့ ပိုပြီးထိရောက် မြန်ဆန်လာနိုင်တယ်။
နောက်တခုကတော့ စစ်တပ်က တော်လှန်ရေးအင်အားစုတွေကို လက်ရှိအချိန်မှာ ပိုပြီး မော်ပန်းစေမယ့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ဗျူဟာမျိုး ခင်းကျင်းပြီး လုပ်ဆောင်နေတာလို့ မြင်မိတယ်။ တဘက်က စစ်ရေးအရ ဖော်ဆောင် တယ်ပြောပြီး အထူးသဖြင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတဲ့ နည်းနာက ပိုကျယ်ပြန့်စွာ ကျင့်သုံး လာတယ်။ ပစ်မှတ်ထား တိုက်ခိုက်ခံလာရတဲ့ တော်လှန်ရေး အင်အားစုတွေ ရှိတဲ့နေရာကို ရွေ့လာကြမယ် စစ်ဘေးရှောင် (IDPs) တွေ များလာအောင် ဖန်တီးနေတာဖြစ်တယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ နည်းဗျူဟာတွေ ချဖို့ လိုအပ်သလို နယ်မြေစိုးမိုမှု ပိုပြီး ရှိလာအောင်ဆောင်ရွက်ဖို့ လိုအပ်တယ်။ အဲဒီနယ်မြေစိုးမိုးရေးဆိုတဲ့ထဲမှာတော့ ပြည်သူ့ဝန်ဆောင်မှုလို့ ပြောတဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို မထပ်အောင်ဆောင်ရွက်ဖို့လိုတယ်။ အထူးသဖြင့် EROs တွေက ချမှတ်ကျင့်သုံးနေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေအပေါ် လာရောက်မထပ်အောင်ဖြစ်ဖို့လိုတယ်။
ဖက်ဒရယ်အခြေခံကနေ ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့်ကြားမှာ အုပ်ချုပ်ရေးဆိုင်ရာတွေကို ထပ်မသွားအောင် စီမံချက်တွေကို ဖော်ဆောင်ဖို့ လိုပါတယ်။ အဲဒါကြောင့် တော်လှန်ရေးလုပ်နေရင်း ဖက်ဒရယ်စနစ် အုတ်မြစ်တွေကို စနစ်တကျနဲ့ ချပြပြီး ဖော်ဆောင်သွားမယ်ဆိုရင် အားလုံးမျှော်မှန်း နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင် နိုင်အရေးအတွက် အမြန်ဆုံးနီးစပ်လာမယ်လို့ သုံးသပ်ပါတယ်။