ချင်းပြည်ကောင်စီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး လုပ်ငန်းဆောင်ရွက်မှု ၆၀ ရာခိုင်နှုန်း အရွေ့ရှိ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၀၊ ၂၀၂၃
ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃)ရပ် ဖွဲ့စည်း ထူထောင်ဖို့နဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့ သဘောတူ ခဲ့ကြပြီး သဘောထားတဲ့ လုပ်ငန်းစဉ်များ ကို အကောင် အထည် ဖော်ပြဆောင်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ချင်းပြည်ကောင်စီ ညီလာခံ ကျင်း ပရေး လုပ်ငန်း ကော်မတီ (Working Committee for Chinland Council Conference – WCCCC) ရဲ့ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှု အစည်းအဝေးကို အောက်တိုဘာ ၂၄ မှ ၂၈ ရက်နေ့ အထိ ၅ ရက် တာ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှု အစည်းအဝေးကနေ တော်လှန်ရေးကာလ ချင်းပြည်(Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ဒုတိယအကြိမ် ပြင်ဆင် ရေးဆွဲ ခြင်းကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ ချင်းပြည်ကောင်စီ ညီလာခံ ကျင်းပရေး လုပ်ငန်းကော်မတီ – WCCCC က သတင်းထုတ်ပြန် ထားပါတယ်။
လက်ရှိ ဆောင်ရွက်မှုများနဲ့ ပတ်သက်ပြီး WCCCC ပြောရေးဆိုခွင့်ရှိသူ Dr. Naing Tam Maung ပြောတာက “ကျနော်တို့ လက်ရှိအချိန်မှာ Chinland ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးနဲ့ ချင်းပြည် ကောင်စီ Chinland ကောင်စီ ဖွဲ့စည်းနိုင်ရေးအပါအဝင် ကျနော်တို့ လုပ်ငန်းဆောင်ရွက်မှုက ၆၀ ရာခိုင် နှုန်းလောက်က ရွှေ့နေပါပြီ”
ဒါ့အပြင် Chinland ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ အခုနှစ်အတွင်း အတည်ပြုနိုင်အောင် ကြိုးစား နေသလို တဖက်က တော်လှန်ရေး ကာလဖြစ်တာကြောင့် ညှိနှိုင်း စရာများကိုလည်း ဆက်လက်ပြီး လုပ်ဆောင်နေရ တယ်လို့ Dr. Naing Tam Maung က ဆက် ပြောပါတယ်။
အခု ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ – WCCCC ရဲ့ လုပ်ငန်းစဉ်များထဲမှာ မပါဝင် နိုင်သေးတဲ့ အင်အားစုများဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ တီးတိန်မြို့နယ်က ဇိုမီး ဖယ်ဒရယ် ယူနီယံ (ZFU) တို့ကလည်း ရှိနေပါတယ်။
မပါဝင်နိုင်သေးတဲ့ အင်အားစုတွေနဲ့ ပတ်သက်ပြီး မေးကြည့်ရာမှာတော့ Dr. Naing Tam Maung က “မပါဝင်သေးတဲ့ အဖွဲ့နှစ်ဖွဲ့နဲ့ ဒီအောက်တိုဘာလ ကုန်လောက်မှာ တွေ့ဆုံဖို့ပြောထားပေမယ့် ကျနော်တို့ ကလည်း ဒုတိယအကြိမ် Working Committee အစည်းအဝေးက ၂၈ ရက်နေ့မှ ပြီးတော့၊ မတွေ့ဖြစ် လိုက်ရဘူး။ ဒါပေမဲ့ ဆက်ပြီးတွေ့ဆုံဖို့ရှိပါတယ်” လို့ ပြောပါတယ်။
ချင်းပြည် (Chinland) ကောင်စီညီလာခံကိုတော့ အခုနှစ်မကုန်ခင် ကျင်းပနိုင်ဖို့တော့ ပြင်ဆင်နေပြီး အဲဒီအတွက် ဆက်လက် ဆွေးနွေးညှိနှိုင်းရမယ့် လုပ်ငန်းစဉ်များလည်း ရှိနေသလို တော်လှန်ရေးကာလ ဖြစ်တာကြောင့် စနစ် တကျ အစီအမံနဲ့ ပြုလုပ်နိုင်ဖို့ အခက်အခဲ တချို့ ရှိနေတယ်လို့ သိရပါတယ်။