သတင်း

ရှမ်းမြောက်တိုက်ပွဲ ဝနယ်စပ်အထိ ရောက်ရှိလာ၊ တိုက်ပွဲရက်ကြာနိုင်တာကြောင့် စားသောက်ကုန်တွေ လုယက်ဝယ်ယူနေ

ရှမ်းမြောက်တိုက်ပွဲ ဝနယ်စပ်အထိ ရောက်ရှိလာ၊ တိုက်ပွဲရက်ကြာနိုင်တာကြောင့် စားသောက်ကုန်တွေ လုယက်ဝယ်ယူနေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၇၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီကနေ့စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဆက်သွယ်ရေး တံတားတွေ ဖျက်ဆီးခံရပြီး တိုက်ပွဲရက်ကြာရှည်နိုင်တာကြောင့် ဒေသခံတွေ အခြေခံစားသောက်ကုန်တွေ လုယက် ဝယ်ယူနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

MNDAA၊ TNLA၊ AAတို့ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင် ရေးကို ဒီကနေ့စတင်ပြီဖြစ်ကြောင်း ကြေညာကာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ချင်းရွှေ ဟော်၊ လားရှိူး၊ နမ့်ခမ်း၊ လောက်ကိုင်ဒေသတွေမှာ စစ်ကောင်စီတပ်ကို အပြင်းအထန် တိုက် ခိုက်ခဲ့ တာဖြစ်ကာ လက်ရှိမှာတော့ ချင်းရွှေဟော်တစ်မြို့လုံးကို လောက်ကိုင်မြို့ပေါ်ကို ချီတက် နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

လားရှိုးလေဆိပ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုးဂိတ်အများစုကိုလည်း ပိတ်သိမ်းထားကြပြီဖြစ်သလို လားရှိုးလေဆိပ်အတွင်းကို စစ်ရဟတ်ယာဉ်တွေ ဆက်တိုက်ဆင်းသက်နေသလို မယ်ဟန်ဖက်မှာလည်း စစ်ဆေးရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

“သွားလာရေးကတော့ ဘယ်လိုမှအဆင်မပြေတော့ဘူး၊ ဟိုပန်က ဖောင်းဆိပ်တံတားက ဖျက်ဆီးခံ ထားရတယ်။ သိန်းနီတံတားနားမှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ ဝနယ်စပ်၊ နမ့်တိန်း ချောင်းဖက် လည်း လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတယ်။ ဒေသခံတွေက တိုက်ပွဲရက်ကြာ နိုင်တယ် ဆိုပြီး အခြေခံ စားသောက်ကုန်တွေ အလုအယက်ဝယ်နေကြတယ်”လို့ ဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။

လားရှိုး-သိန်းနီ-ကွမ်းလုံလမ်းပိုင်းကို လက်ရှိအချိန်မှာ ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ထားပြီ ဖြစ်သလို မူဆယ်-နမ့်ဖတ်ကာ-ကွမ်းလုံလမ်းပိုင်းမှာလည်း ကားတွေပိတ်မိနေတာကြောင့် လက်ရှိ အချိန်ထိ သွားလာလို့မရသေးလို့ သိရပါတယ်။

ဒီတိုက်ပွဲအတွင်း ချင်းရွှေဟော်တံတားထိပ်၊ ဖောင်ဆိပ်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုးမြို့ပြင် ဒေသတွေရှိ စစ်တပ်အထိုင်ချတပ်စခန်းတွေကို တချိန်တည်းစီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အရှင် ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထား ပါတယ်။

အဲဒီလိုပဲ စစ်ကောင်စီတပ်ရဲ့ ဝေဟင်မြေပြင်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် MNDAA ရဲဘော် ၁ဦးကျဆုံး၊ ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ၅ဦးဒဏ်ရာရခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မန္တလေး PDFကတော့ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ရှမ်းမြောက်တိုက်ပွဲကို ထောက်ခံကြိုဆိုပြီး “တောင်သမန်စစ်ဆင်ရေး”နဲ့ ပူးပေါင်း တိုက်ပွဲ ဝင်သွားမယ် လို့ အသိပေးထုတ်ပြန်ထားသလို ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်(BPLA)ကတော့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button