သတင်း

လုံခြုံရေးနဲ့ ကုန်ဈေးနှုန်းအခြေအနေကြောင့် ရှမ်းပြည်နယ်မှာ Non CDM ဝန်ထမ်းတွေ အလုပ်ထွက်လိုသူများပြားနေ

လုံခြုံရေးနဲ့ ကုန်ဈေးနှုန်းအခြေအနေကြောင့် ရှမ်းပြည်နယ်မှာ Non CDM ဝန်ထမ်းတွေ အလုပ်ထွက်လိုသူများပြားနေ

 
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၇၊ ၂၀၂၃
 
လုံခြုံရေးနဲ့ ကုန်ဈေးနှုန်းအခြေအနေကြောင့် ရှမ်းပြည်နယ်မှာ Non CDMဝန်ထမ်းတွေ အလုပ်ထွက်လိုသူများပြားနေပေမယ့် ထွက်ခွင့်မပေးတာကြောင့် အခက်တွေ့နေရတယ်လို့ ဝန်ထမ်းအတိုင်းအဝိုင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
 
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ Non CDM ဝန်ထမ်းတွေ လုံခြုံရေးနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုအခြေအနေ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကုန်ဈေးနှုန်းမြင့်တက်မှုအခြေအနေကြောင့် အလုပ်ထွက်လိုသူများပြားနေတာဖြစ်တယ်လို့ သိရပါတယ်။
 
“လုံခြုံရေးအခြေအနေက ဘာအာမခံချက်မှမရှိဘူး။ ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းနဲ့ကလည်း ဘယ်လိုမှ အဆင်မပြေဘူး။ ဓာတ်ဆီဖိုးနဲ့တင် လစာတဝက်လောက်က ကုန်နေပြီ။ ထွက်စာတင်ပေမယ့်လည်း ဘယ်လိုမှ ပေးမထွက်ဘူး။ မြို့နယ်မှူးကလည်း သူ့အထက်အဆင့်ကို ထွက်စာမတင်ပေးရဲဘူး”လို့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက FJMM ကို ပြောပါတယ်။
 
လုံခြုံရေး အခြေအနေကြောင့် ရှမ်းပြည်နယ်က Non CDMဝန်ထမ်းတွေကို ယူနီဖောင်းလုံးဝမဝတ်ဘဲ ရုံးတက်ခွင့်ပေးထားသလို တက်တူးထိုးတာ၊ ဆံပင်ဆေးဆိုးတာတွေကိုလည်း ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
 
ဒါပေမယ့် ဝန်ထမ်းအိမ်ယာတွေမှာ နေထိုင်တဲ့ ဝန်ထမ်းမိသားစုတွေကို ရုံးလုံခြုံရေးအတွက် အလှည့်ကျ ကင်းစောင့်ခိုင်းထားသလို အပတ်စဉ် စနေနေ့တိုင်း ဝန်ထမ်းအားလုံးကို သန့်ရှင်းရေးလုပ်ခိုင်းနေတာကြောင့် Non CDMဝန်ထမ်းတွေ မပျော်မရွှင်ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။
 

ဓါတ်ပုံ – Getty Images

Related Articles

Back to top button