CDF မင်းတပ်ကို AK-47 သေနတ် အလက် ၄၀ နှင့် ခဲယမ်းများ တပ်ဆင်ပေး
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၊ ၂၀၂၃
ချင်းပြည်၊ မင်းတပ်အခြေစိုက် တော်လှန်ရေး တပ်တစ်ခုဖြစ်တဲ့ ချင်းကာကွယ် ရေး တပ်ဖွဲ့ (CDF-Mindat) အတွက် AK-47 သေနတ် အလက် ၄၀ နှင့် ကျည် ဆန် ၁၂၀၀၀၊ ကျည် အိမ် ၁၂၀ ခုတို့ကို အဖွဲ့ ၃ ခုက တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ International Mindat K’Cho Organization (IMCO)က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
International Mindat K’Cho Organization (IMCO)၊ Heal the world၊ CEA(Norway) အဖွဲ့ ၃ ဖွဲ့က AK-47 သေနတ် ၄၀ လက်၊ ကျည် ၁၂၀၀၀ တောင့်၊ ကျည်အိမ် ၁၂၀ ခုတို့ကို ဝယ်ယူပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat ထံသို့ စက်တင်ဘာလ ၂၈ ရက်နေ့က အပ်နှံပေးခဲ့တာလို့ ဆိုပါတယ်။
အခု CDF-Mindat အတွက် AK-47 အလက် ၅၀ တပ်ဆင်နိုင်ရေး ပရောဂျက်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လကနေ စတင်ခဲ့တာဖြစ်ပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ ၁၈၅၀၀၀ (တစ်သိန်းရှစ်သောင်း ငါးထောင်) ကုန်ကျမည်ဟု မျှော်မှန်းထားခဲ့ပေမယ့် နိုင်ငံတကာ ရန်ပုံငွေရှာ ကံစမ်းမဲ ထီလက်မှတ်များ ရောင်းချနိုင်မှုကနေ အမေရိကန်ဒေါ်လာ ၇၀၀၇၂ ဒသမ ၇၁ ကိုတာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ရန်ပုံငွေထဲက ကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာများကိုလည်း ထပ်မံ ဖြည့်ဆည်းဖို့ လိုအပ်လာတာကြောင့် အသုံးစာရိတ် အသုံးပြုခဲ့ရလို့ လက်ကျန် ဒေါ်လာငွေစုစုပေါင်း ၅၈၇၄၉ ဒသမ ၄၀ ကိုတာ ပရောဂျက်အတွင်း အသုံးပြုခဲ့နိုင်တယ်လို့ ဖော်ပြပါတယ်။
တဘက်က အဲဒီပရောဂျက် အောင်မြင်နိုင်ရေးအတွက် ဒေါက်တာအငြိမ်း ဦးဆောင်သော Heal the world အဖွဲ့နှင့် CEA(Norway) တို့ကလည်း ဒေါ်လာ ၃၅၀၀၀ ခန့် ပူးပေါင်းအားဖြည့်ခဲ့ကြပြီး ပရောဂျက်အတွက် လိုအပ်သည့်ရန်ပုံငွေအများစုကို IMCO အဖွဲ့ဝင်များထံကနေ ကောက်ခံသည့် လစဥ်ကြေးများဖြင့် ဖြည့်ဆည်းခဲ့ရတာလို့ ဆိုပါတယ်။
အခုလို အခက်အခဲများကြားကနေ တော်လှန်ရေးအတွက် ကြိုးစား အားထုတ်မှုများနှင့်အတူ အခုတော့ AK-47 ၄၀ လက်နှင့် လက်နက်ခဲယမ်းများကို ချင်းရိုးရာ ထုံးဓလေ့နှင့်အညီ CDF-Mindat ကိုအပ်နှံနိုင်ခဲ့ပြီလို့ International Mindat K’Cho Organization (IMCO)က မှတ်တမ်း ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ထားပါတယ်။
ပရောဂျက် လက်ကျန်ကနေ AK-47 သေနတ် ၁၀ လက်၊ ကျည် ၃၀၀၀ တောင့်၊ ကျည်အိမ် ၃၀ ခုကိုလည်း မကြာမီ ထပ်မံရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo: IMCO