သတင်း

အမ်းတွင် ကျောင်းဆရာမတစ်ဦးကို လင်ဖြစ်သူ ဓားနဲ့ထိုးမှုဖြစ်

အမ်းတွင် ကျောင်းဆရာမတစ်ဦးကို လင်ဖြစ်သူ ဓားနဲ့ထိုးမှုဖြစ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၇၊ ၂၀၂၃။

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ရူးကျေးရွာမှာ ဒီနေ့နံနက် ၁၀ နာရီအချိန်က အထက်တန်းပြ ဆရာမတစ်ဦးကို ခင်ပွန်းဖြစ်သူက ဓားနဲ့ထိုးမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရှိရပါတယ်။

ဓားထိုးခံရတဲ့ဆရာမမှာ ရူးအထက်တန်းစာသင်ကျောင်းတွင် တာဝန်ကျနေတဲ့ ဆရာမဒေါ်သန်းသန်းဌေး အသက် (၄၀) ကျော်အရွယ်ဖြစ်ပြီး ဓားနဲ့ထိုးတဲ့သူမှာ သူမရဲ့အမျိုးသား ဦးညီညီဝင်း အသက် (၆၀) ဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ဆရာမတို့ လင်မယားဟာ အိမ်ထောင်ရေးအဆင်မပြေတာ ရက်ပေါင်း (၂၀) နီးပါးလောက်ကြာမြင့်နေပြီဖြစ်ပြီး ဒီနေ့မှာ ဆရာမ ကျောင်းတက်ဖို့ လာတဲ့အချိန်မှာ ခင်ပွန်းဖြစ်သူက ဆိုင်ကယ်နဲ့တိုက်ပြီး ဓားနဲ့ထိုးတာဖြစ်တယ်လို့ ရူးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

” အရင်ကတော့ ဆရာမတို့ လင်မယားက အဆောင်ငှားပြီးတော့ နေကြတယ်။ သူတို့လင်မယား အဆင်မပြေဖြစ်ကြတော့ ဆရာမက တခြားတစ်အိမ်မှာ သွားနေတယ်။ ဒီနေ့ စက်ဘီးနဲ့ ဆရာမက ကျောင်းတက်ဖို့လာတဲ့အချိန်မှာ ခင်ပွန်းဖြစ်သူက ဆိုင်ကယ်နဲ့ဝင်တိုက်တော့ ဆရာမလဲသွားတယ်။ လဲသွားတဲ့ အချိန်မှာ ဓားနဲ့ဝင်ထိုးတာပါ” လို့ ဆိုပါတယ်။

ဓားထိုးခံရမှုကြောင့် ဆရာမရဲ့ ညာဖက်နို့အုံတွင်တစ်ချက်၊ ဗိုက်တွင်နှစ်ချက်အပါအဝင် စုစုပေါင်း ဓားဒဏ်ရာ ၈ ချက်ရရှိသွားတယ်လို့ သိရှိရပါတယ်။

လက်ရှိအချိန်တွင် ဆရာမမှာ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ခင်ပွန်းဖြစ်သူကို ရက္ခိုင်အများသားအဖွဲ့ချုပ် ULA က ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။

ဓားနဲ့ထိုးသွားတဲ့ ဦးညီညီဝင်းမှာ တောင်ကုတ်ဇာတိဖြစ်ပြီး ဆရာမမှာ အမ်းမြို့နယ်၊ သပြုချိုင်ကျွန်း၊ ချက်ပုံမကျေးရွာက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ကျွန်း ပေါ်ပေါက်တောကျေးရွာက ဆရာမဒေါ်နှင်းယုနွယ်ဟာ ပန်းဖိုပြင် ကျေးရွာသို့ စာပြဖို့သွားစဉ် အသတ်ခံခဲ့ရတဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ ဆရာမ‌ ဒေါ်နှင်းယုနွယ် သေဆုံးမှု ပတ်သက်ပြီး သံသယ တရားခံကို ရက္ခိုင့်တပ်တော် (AA) ဘက်က အရေးယူနိုင်ဖို့ ကိုင်သွယ် ဖြေရှင်းနေကြောင်း သိရပါတယ်။

အခုလို လူသတ်မှုဖြစ်ရပ်များ ခပ်စိတ်စိတ် ဖြစ်လာမှုကြောင့် ရခိုင်လူထုတွေ ကြား စိုးရိမ်မှု မြင့်တက် လာနေသလို တဘက်က ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြစ်မှု ကျူးလွန်သူများကို ကိုင်သွယ်နေတဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လည်း အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက စောင့်ကြည့် နေကြတယ် လို့ ရခိုင် သတင်း ဌာနတွေမှာ ဖော်ပြနေပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button