မူဆယ်နဲ့ ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တစ်ရက်အတွင်း တိုက်ပွဲ ၃နေရာဖြစ်ပွား၊ စကစထံကနေ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၃၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နဲ့ ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ စက်တင်ဘာလ ၂၂ရက်က တစ်ရက်အတွင်း တိုက်ပွဲ ၃နေရာဖြစ်ပွားခဲ့ပြီး စကစထံကနေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ TNLAက အသိပေးထုတ်ပြန်ထားပါတယ်။
မူဆယ်မြို့နယ်မှာ စက်တင်ဘာလ ၂၂ရက်၊ နံနက်၁၁နာရီ၊ မိနစ်၅၀အချိန်က ဆိုင်ခေါင်ရွာအနီးကို လည်းကောင်း၊ နေ့လည် ၂နာရီအချိန်က ဟိုပေါ်ရွာအနီးကိုလည်းကောင်း နေရာခြေကုတ်ရယူနိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် တပ်မ-၉၉/ ခြေမြန်တပ်ရင်း-၄၁၉၊ လုံထန်ပြည်သူ့စစ် ပူးပေါင်း တပ်နဲ့ တအာင်းတပ်မတော်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ နေ့လည် ၁နာရီဝန်းကျင်အချိန်ကလည်း ကွတ်ခိုင်မြို့နယ်၊ တအာင်းတပ်မတော်ရှိရာ ကောင်မူရာအနီးကို စစ်ကောင်စီတပ် စကခ-၁၇/ ခြေမြန်ရင်း-၅၇၄၊ ၅၇၇/ရမခ/ခြေလျှင်ရင်း-၄၅နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် ကောင်မှုရာအနီးမှာ TNLAနဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“TNLA လိုသာ တိုင်းရင်းသား လက်နက်ကိုင်အများစုက အပြောနဲ့ အလုပ်ညီအောင် လုပ်နေရင် စစ်အာဏာစနစ်အောက်က လွတ်မြောက်ပြီး ဖယ်ဒရယ်ပြည်ထောင်စုဆီ သွားနေလောက်ပြီပေါ့။ အခုက ပြောရင်တမျိုး၊ လုပ်ရင်တမျိုးဖြစ်နေတာ ကြာပြီလေ”လို့ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေသူတစ်ဦးက FJMMကို ပြောပါတယ်။
ဒီနောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို ဒရုန်းနဲ့ ၄ကြိမ်လာရောက် တိုက်ခိုက်ခဲ့တဲ့ အပြင် လားရှိုးကနေ Mi-35 လေယာဉ်နဲ့ ၂ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ လွယ်ကီလောက်တပ်စခန်းနဲ့ နမ့်ဖက်ကာတပ်စခန်းကနေ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ နာထန်ရွာ၊ မန်ကန် ရွာ၊ ခိုမုန်းရွာ၊ ဟိုပေါ်ရွာအနီးကို လက်နက်ကြီးနဲ့ အကြိမ် ၅၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲ ၃နေရာအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး သူတို့ထံကနေ သေနတ် ၃လက်၊ လက်ထောက် ၂လက်၊ ၆၀ မမ ၆လုံး၊ ဗုံးသီးတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံး အဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ရက်ကနေ စက်တင်ဘာလ ၂၂ရက်အထိ တိုက်ပွဲစုစုပေါင်း ၅၅ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း TNLAက ထုတ်ပြန်အသိပေးထား ပါတယ်။
ဓါတ်ပုံ – TNLA