စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ZRA ကို လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ CDF-Ton Zang ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၆ ရက်၊ ၂၀၂၃။
တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတဲ့ Zomi Revolutionary Army (ZRA) ကို လက်တုံ့ ပြန် တိုက်ခိုက်သွားတော့မယ်လို့ CDF-Ton Zang က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်က Zomi Revolutionary Army (ZRA) ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တွန်းဇံမြို့နဲ့ ၂ မိုင်တာဝေးတဲ့ CDF-Ton Zang ယာယီစခန်းတခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ZRA ရဲ့ တိုက်ခိုက်မှုကြောင့် CDF-Ton Zang ရဲ့ ရဲဘော်တစ်ဦး ကျဆုံး ရပြီး၊ Drone ၂ လုံး၊ ၆၀ မမ တစ်လက်၊ ၄၀ မမ တစ်လက်၊ RPG တစ်လက်၊ ကျည်ဆန် ၁၀၀၀ ခန့်နဲ့ ဆိုင်ကယ် ၇ စီး စုစုပေါင်း တန်ဖိုး သိန်းပေါင်း တစ်ထောင်ကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
“အခုက သူတို့(ZRA )က ကျနော်တို့ကို စကစ နဲ့ ပေါင်းပြီး ကျနော်တို့ကို နှစ်ကြိမ်တောင် လာတိုက် သွားပြီ ပထမ တခေါက်က ကျနော်တို့ ရဲဘော်ကို ချောင်းမြောင်း ပစ်ခတ်တယ်။ ပြီးတော့ အခု ဒုတိယ အခေါက်မှာတော့ ကျနော်တို့ရဲ့ စခန်းထိ လာတိုက်သွားတယ်။ ကျနော်တို့ က ZRA ကို တိုက်ဖို့ ဘာ အစီအစဉ်မှ မရှိဘဲနဲ့ အခု သူတို့က တိုက်လာတယ်ဆိုတော့ ကျနော်တို့ကလည်း မတိုက်လို့ မဖြစ်တော့ ဘူး” လို့ CDF-Ton Zang ရဲ့ အထွေထွေအတွင်းရေးမှူး ထန်ဆွင်းမုန်က FJMM ကို ပြောပါတယ်။
တဘက်က Zomi Revolutionary Army (ZRA) ကလည်း တွန်းဇံမြို့နယ်ထဲ ခွင့်ပြုချက်မရှိဘဲ မည်သည့် လက်နက်ကိုင်အဖွဲ့ကိုမှ အခြေချခွင့် မပြုဘူးဆိုတဲ့ ပြောဆိုမှုလည်း ရှိနေပြန်ပါတယ်။
ဒါပေမယ့် CDF-Ton Zang ဘက်ကတော့ တွန်းဇံမြို့နယ်ထဲမှာ ဇိုမီးဒေသမရှိသလို တွန်းဇံမြို့နယ်ထဲ မှာတော့ ဇို နယ်မြ၊ ဇို တွေ ပိုင်တဲ့ နယ်မြေတာ ရှိတယ်လို့ အခိုင်အမာ ပြောနေတာပါ။
အခုလို နယ်မြေဒေသ အငြင်းပွားမှုကြောင့် နှစ်ဖက်ပဋိပက္ခဟာ စစ်ရေးကို ဦးတည်နေပါတယ်။
အခုတော့ CDF-Ton Zang ဘက်က တွန်းဇံမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ZRA ရှိနေသ၍ ပြည်သူ လူထု က လွတ်လပ်နိုင်မှာမဟုတ်ဘူးလို့ သူတို့မှတ်ယူထားတာကြောင့် ပြန်လည် တိုက်ခိုက်သွားတော့ မယ်လို့ အသိပေး ကြေညာချက် ထုတ်ပြန်လာပါတယ်။
ဓါတ်ပုံ – Zomi Revolutionary Army (ZRA), CDF-Ton Zang