သတင်း

ကရင်နီမှာ ၁ လတာအတွင်း နှစ်ဖက်တိုက်ပွဲ ၅၀ခန့် ဖြစ်ပွားပြီး၊ စစ်သား ၁၁၀ ဦး သေဆုံးမှုရှိခဲ့တယ်လို့ KNDF ဆို

ကရင်နီမှာ ၁ လတာအတွင်း နှစ်ဖက်တိုက်ပွဲ ၅၀ခန့် ဖြစ်ပွားပြီး၊ စစ်သား ၁၁၀ ဦး သေဆုံးမှုရှိခဲ့တယ်လို့ KNDF ဆို

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၅၊ ၂၀၂၃

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ဩဂုတ်လတစ်လအတွင်း ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ အကြိမ်ရေ၅၀ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖက်က ၁၁၀ဦး သေဆုံးကာ ၄၀ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ဒီကနေ့စက်တင်ဘာလ ၅ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂ရက်က စတင်ပြီး ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြား၊ ပြည်ထောင်စုလမ်းမကြီးဘေး ဝဲ၊ ယာရှိ ကျေးရွာတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်း(၃)ကြောင်းနဲ့ ငွေတောင်ရွာသစ်ကျေးရွာကနေ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာနဲ့ ဒေါညေးခူကျေးရွာများအထိ စစ်ကြောင်းထိုးကာ တပ်စွဲထားတာကြောင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ နေ့စဉ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“တိုက်ပွဲအကြိမ်ရေ ၅၀ခန့်ဖြစ်ပွားခဲ့တယ်ဆိုတာက KNDFက ပါဝင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေပေါ့နော်၊ KNDFက မပါဘဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေလည်း ရှိတာပေါ့။ KNDFက ပါဝင်တိုက်ခိုက်ခဲ့တဲ့ သြဂုတ်လတွင်းတိုက်ပွဲတွေမှာ စကစဖက်က ၁၁၀ဦးသေဆုံးပြီး ၄၀‌ကျော် ဒဏ်ရာရရှိခဲ့တာပါ”လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက FJMMကို ပြောပါတယ်။

အဲဒီလိုပဲ မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ဖို့ ဖားဆောင်းမြို့နယ်ဘက်ကနေ အပြင်းအထန်စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ပန်တိန်းကျေးရွာနဲ့ အနီးတဝိုက်မှာ တန်ပြန် တိုက်ခိုက်နေပြီး ဖယ်ခုံမြို့နယ်ကနေ လွိုင်ကော်မြို့နယ်အထိ ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့အပြင် ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာကနေ ဒေါငံခါးကျေးရွာအထိ အင်အားဖြန့်ကျက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ကရင်နီပူးပေါင်းတပ်ကနေ အဆက်မပြတ် ချုံခိုတိုက်ခိုက်နေတယ်လို့ KNDFက ဆိုပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖက်က ၁၁၀ဦး သေဆုံး၊ ၄၀ဦးကျော်ဒဏ်ရာရရှိခဲ့ပြီး စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ငယ်(၁၅)လက်နဲ့ လက်နက်ကြီး(၁)လက် အပါအဝင် ဆက်စပ်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ပေမယ့် KNDFက ရဲဘော် ၅ဦး မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ KNDFရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၄၅ကြိမ် ပြုလုပ်ခဲ့တာကြောင့် ပြည်သူ(၁)ဦး သေဆုံးခဲ့ရသလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း ပြည်သူ(၂)ဦး ထပ်မံသေဆုံးခဲ့ရပြီး DRONEနဲ့ လာရောက်တိုက်ခိုက်မှုကြောင့် ကလေးငယ်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လအတွင်း လူနေအိမ် (၂၀)လုံးပျက်ဆီးခဲ့ကာ ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်းနဲ့ စာသင်ကျောင်း (၂)ကျောင်း ထိခိုက်ပျက်ဆီးခဲ့သလို တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် (၁၈) လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ KNDFက ထုတ်ပြန်အသိပးထားတာ ဖြစ်ပါတယ်။

ဓါတ်ပုံ – KNDF

Related Articles

Back to top button