ဆောင်းပါးအတွေးအမြင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် | အပိုင်း ၆

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် | အပိုင်း

စည်းနရီ | အတွေးအမြင်

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ဘာနှင့်တိုင်းမည်နည်း

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မည်မျှရရှိသနည်းကို တိုင်းတာလေ့လာသည့်အခါ အသိုက်အမြုံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးကိုယ်ပိုင်ပြဌာန်းခွင့် မည်မျှရှိသည်၏ ရှုထောင့်များကို လေ့လာရပါသည်။ ထိုကိစ္စသည် ရှုပ်ထွေးသော အလုပ်ဖြစ်သည်။ သို့သော် တိုင်းတာရမည့်နည်းနာနှင့် အညွှန်းကိန်းများရှိပါသည်။

၁။ နိုင်ငံရေး ပါဝင်နိုင်ခြင်း – အရေးကြီးသော ညွန်းကိန်းတခုမှာ နိုင်ငံရေးပါဝင်နိုင်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးတွင် ထိုအသိုက်အမြုံကို မည်မျှ ကိုယ်စားပြုနိုင်သနည်းဟူသည့်အချက်ဖြစ်သည်။ ထိုညွှန်းကိန်းမှာ အသိုက်အမြုံ၏ ကိုယ်စားပြုဖြစ်သူ ရွေးကောက်ခံကိုယ်စားလှယ်များသည် အစိုးရအဆင့် မည်သည့်နေရာများတွင် ရှိပြီး ဆုံးဖြတ်ချက်များကို မည်မျှလွှမ်းမိုးနိုင်သည်ဆိုသည့် အချက်ကိုလည်း ကြည့်နိုင်သည်။ အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ၏ ပါဝင်မှုနှင့် ဆုံးဖြတ်မှုကို လွှမ်းမိုးနိုင်ခြင်းသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ရောင်ပြန်ဟပ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် တိုင်းရင်းသားလူမျိုးများ ကိုယ်စားပြုမှုနည်းခဲ့သလို “တနိုင်ငံလုံးတမျိုးသားတည်း”ဝါဒီတို့အနေဖြင့် ဗမာမှုပြုခံစစ်တပ်နှင့်အတူ လွှတ်တော်တခုလုံးကို ပြတ်သားစွာ လွှမ်းမိုးခဲ့သည်။

၂။ ယဉ်ကျေးမှုနှင့် ဘာသာစကားရပိုင်ခွင့်များ – အသိုက်အမြုံတခု၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ထိန်းသိမ်းနိုင်ခြင်းနှင့် တိုးတက်စေနိုင်ခြင်းသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် မရှိမဖြစ်လိုသည်။ မိမိတို့ဘာသာစကားကို အသုံးပြုသော ပညာရေးစာတမ်းစာစောင်များ ရရှိနိုင်မှု၊ ယဉ်ကျေးမှုအလေ့အထများ အသိမှတ်ပြုခံရမှု၊ ယဉ်ကျေးမှုအင်စတီကျူးရှင်းများ လက်လှမ်းမှီမှုနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခံရမှုတို့ ဖြစ်သည်။

၃။ လူမှုစီးပွား ဖွံ့ဖြိုးမှုများ – လူမှုစီးပွားညွှန်းကိန်းများကို လေ့လာသည့်အခါ ပါဝင်သည့်အချက်များမှာ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ဖွံ့ဖြိုးမှု၊ အခြေခံအဆောက်အအုံ စသည်တို့ဖြစ်ကြသည်။ အသိုက်အမြုံတခု၏ မိမိ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုတို့ကို မိမိတို့ဘာသာ မည်မျှ ပုံဖော်နိုင်သည်ကို ကြည့်သည်။

၄။တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး – တရားမျှတမှုကိုရှေ့ရှုသော ဥပဒေမူ‌ဘောင်ရှိခြင်း၊ တရားဥပဒေစိုးမိုးရေးကို ပဓာနထားခြင်း၊ လူ့အခွင့်အရေးကို လေးစားခြင်းတို့သည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၏ အရေးပါသော အစိတ်အပိုင်းများ ဖြစ်ကြသည်။ လူတို့ရပိုင်ခွင့်များကို မည်မျှ ကာကွယ်ပေးနိုင်သည်၊ နှစ်သက်နိုင်ကြသည်ကို ကြည့်ခြင်းသည်လည်း ထိုအသိုက်အမြုံအတွင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးမှု မည်မျှရှိသည်ကို မြင်နိုင်သည်။

၅။ အသိုက်အမြုံ၏ ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် ပါဝင်နိုင်မှုအဆင့် – လူမှုအသိုက်အမြုံအတွင်း ပါဝင်သူများမှ ဆုံးဖြတ်ချက်တွင် ပါဝင်ချမှတ်နိုင်သူ မည်မျှရှိသည်၊ မည်ကဲ့သို့သော ဆုံးဖြတ်ခွင့်အမျိုးအစားတွင် ပါဝင်နိုင်သည်၊ မည်မျှအထိ လွှမ်းမိုးနိုင်စွမ်းရှိသည် စသည်တို့ကို ကြည့်နိုင်သည်။

၆။ အရင်းမြစ်များကို ရရှိနိုင်သည့်အဆင့်အတန်း -မြေ၊ ရေ၊ အစားအသောက်၊ ကျန်းမာရေး၊ ပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်း စသည်တို့နှင့် သက်ဆိုင်သော အချက်အလက်များ ရရှိနိုင်မှုကို အခြေခံကာ တိုင်းတာနိုင်သည်။

၇။ လူမှုအသိုက်အမြုံ၏ အစေးကပ်မှု – ခိုင်မာသောလူမှုရေးနှောင်ကြိုးများနှင့် ရပ်ရွာစည်းလုံးညီညွတ်မှုသည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ လူမှုရေး အစေးကပ်မှုကို အချင်းချင်းကြား ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ညီညွတ်မှုတို့ကို အခြေခံကာ တိုင်းတာနိုင်သည်။

၈။ အသိုက်အဝန်း၏ဖွံ့ဖြိုးတိုးတက်မှုအဆင့် – စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုနှင့် ယဉ်ကျေးမှုထိန်းသိမ်းမှုစသည့် နယ်ပယ်များတွင် အသိုက်အဝန်း၏တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် တိုင်းတာနိုင်သည်။

၉။ အသိုက်အဝန်း၏ စွမ်းဆောင်ရည်တိုးမြင့်မှု – အသိုက်အဝန်း၏ ကိုယ်ပိုင်လိုအပ်ချက်များကို ဖော်ထုတ်ဖြေရှင်းနိုင်မှုစွမ်းရည်အပြင် အရင်းအမြစ်များကို စည်းရုံးနိုင်မှုနှင့် အသိုက်အဝန်း၏ ရည်မှန်းချက်များအောင်မြင်စေရန် လုပ်ဆောင်နိုင်စွမ်းတို့ကို အကဲဖြတ်ခြင်းဖြင့် တိုင်းတာနိုင်သည်။

၁၀။ အသိုက်အဝန်း၏ ဒဏ်ခံနိုင်ရည်ရှိမှုအဆင့်- သဘာဝဘေးအန္တရာယ်များ၊ စီးပွားရေးကျဆင်းမှုများ သို့မဟုတ် နိုင်ငံရေးမတည်ငြိမ်မှုများကဲ့သို့သော လှုပ်ခတ်မှုများနှင့် ဖိစီးမှုများကို အသုံးအမြုံအတွင်းရှိသူတို့၏ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို အကဲဖြတ်ခြင်းဖြင့် တိုင်းတာနိုင်သည်။

၁၁။အသိုက်အမြုံ၏ အေးချမ်းသာယာမှု – ရပ်ရွာ၏ အလုံးစုံသော ကျန်းမာရေး၊ ပျော်ရွှင်မှုနှင့် လုံခြုံသည်ဟုခံစားရမှုတို့ကို အကဲဖြတ်ခြင်းဖြင့် တိုင်းတာနိုင်သည်။

အကျိုးဆက်များ

ကိုယ်ပိုင်ပြဌာန်းခွင့်အယူအဆနှင့်အတူ ဂရုတစိုက်ထည့်သွင်းစဉ်းစားရမည့် ထင်ရှားသောအကျိုးဆက်များ ပေါ်လာသည်။  ကိုယ်ပိုင်ပြဌာန်းခွင့် လှုပ်ရှားမှုများကို ဒီမိုကရေစီရှုထောင့်မှရှုမြင်ကာ အသိအမှတ်ပြုရန် အရေးကြီးသော်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဆက်စပ်နေသည့် ဖြစ်နိုင်ချေရှိသော ဆိုးကျိုးလက္ခဏာရလဒ်များကို အသိအမှတ်ပြုရန်လည်း အရေးကြီးပါသည်။ ခွဲထွက်ရန်ကြိုးစားသည့် အဆင့်အထိရောက်လာသောအခါ နိုင်ငံကြီးမှ ဖိနှိပ်မှုများကို ကြုံတွေ့လာရပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှာဖွေနေသည့် အမျိုးသားလူထုတွင် အပါအဝင်ဖြစ်သူများ အားလုံးအတွက် ပြဿနာများ ဖြစ်လာနိုင်သည်။ လူမျိုးစုများအကြား ဆက်ဆံရေးကိုလည်း ပျက်စီးစေနိုင်သည်ဟု Donald Horowitz က ဆိုပါသည်။

နည်းလမ်းများ (means) နှင့် အကျိုးဆက် (end) နှစ်ခုစလုံး၏ တရားမျှတမှုအဆင့်အတန်းကို အကဲဖြတ်ရာတွင် အချိုးညီမှုဆိုင်ရာ နိယာမ (Principle of Proportionality) သည် မရှိမဖြစ် လိုအပ်ပါသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်၏ မျှော်မှန်းအဆင့်တခုကို ရှာဖွေရာတွင် ပေါ်ပေါက်လာသည့် ဆိုးကျိုးများသည် ဖြစ်နိုင်ချေရှိသော အကျိုးကျေးဇူးများထက် ကျော်လွန်နေပါက ယင်းကို ရှောင်ရှားသင့်သည်ဟု သာမန်ယူဆကြသည်။ သို့သော်လည်း အမျိုးသားလူထု၏ ရပိုင်ခွင့်များကို နိုင်ငံကြီး၏ ခြိမ်းခြောက်ဖိနှိပ်မှုကို ကြောက်ရွံ့ခြင်းကြောင့် ဒူးထောက်အရှုံးပေးမှုသည်လည်း ကိုယ်ကျင့်တရားအရ ချီးမွမ်းဖွယ်ရာနည်းလမ်း မဟုတ်ပေ။ ကိုယ်ပိုင်ပြဌာန်းခွင့်လှုပ်ရှားမှု၏ လိုလားအပ်သောအကျင့်တန်ဖိုးနှင့် ဖြစ်ပေါ်နိုင်သည့် အကျိုးဆက်များကို ရေတွက်ချိန်ဆခြင်းသည် စိန်ခေါ်မှုဖြစ်ပြီး အခြေအနေပေါ်လည်း မူတည်နေသည်ဖြစ်ရာ ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများကို ရှုပ်ထွေးပွေလီစေသည့်အဖြစ် ပေါ်လာရတော့သည်။  မည်သို့သော နည်းလမ်းရှိပါစေ လုပ်ငန်းစဉ်တလျှောက်တွင် လူနည်းစုအုပ်စုများကို ကာကွယ်စောင့်ရှောက်ရန်လည်း အရေးကြီးပါသည်။

အလိုရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အမျိုးအစားကို ထည့်သွင်းစဉ်းစားရန်မှာ အရေးကြီးသော အချက်ဖြစ်သည်။ ဥပမာအားဖြင့် ခွဲထွက်ခြင်းသည် ပဋိပက္ခများ၊ စီးပွားရေး အနှောင့်အယှက်များနှင့် အခွင့်အလမ်းများအပေါ် ကန့်သတ်ချက်များ ဖြစ်ပေါ်သွားစေနိုင်သည်။ အလားအလာရှိသော အမျိုးသားလူထုတိုင်းအတွက် အလားအလာရှိသောနိုင်ငံတခုဖန်တီးရန် ကြိုးပမ်းခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဥပဒ်ဆိုးဆိုးရွားရွားဖြစ်စေနိုင်သည်။ အကြောင်းမှာ ဖြစ်တန်ချေရှိသော အမျိုးသားလူထုအရေအတွက်သည် ရှင်သန်နိုင်သောနိုင်ငံအရေအတွက်ထက် အမြဲပိုသည်မဟုတ်ပါလား။ တည်ငြိမ်သောဒီမိုကရေစီနည်းလမ်းများသည် အမြဲတမ်းလူအများစုအနိုင်ယူခြင်း ဖြစ်ရန်မလိုအပ်ပါ။ ဘယ်လ်ဂျီယမ်နှင့် ဆွစ်ဇာလန်ကဲ့သို့ နိုင်ငံများတွင် အာမခံချက်ပေးထားသော အစိုးရအဖွဲ့ဝင်ရာထူးများနှင့် ရွေးကောက်ပွဲဆိုင်ရာ အခွင့်ထူးများကဲ့သို့သော ပြဋ္ဌာန်းချက်များသည် မိမိတို့အုပ်စုများကို မိမိတို့ဘာသာ တိုက်ရိုက်အုပ်ချုပ်ရန်၊ မိမိတို့ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် နိုင်ငံတခုလုံးကို အုပ်ချုပ်ရာတွင် ကျယ်ပြန့်စွာ ပါဝင်စေခြင်းများကို ကျင့်သုံးအောင်မြင်ခဲ့သည်။

အင်အားကြီးနိုင်ငံများ၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာဥပဒေတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အားကောင်းစေခြင်းသည် တည်ငြိမ်အေးချမ်းမှုကို အထောက်အကူဖြစ်စေနိုင်သည်။ အပြိုင်ဆိုင်မှုများနှင့် ရှေးခေတ်ကပင် တည်ရှိခဲ့သည့် မုန်းတီးမှုများကို တရားမျှတသော ဥပဒေဘောင်အတွင်းမှ လိုက်လျောညီထွေဖြစ်စေရန် ညှိယူဖို့ရမည့်အလုပ်မှာ ချက်ခြင်းမဖြစ်နိုင်စေကာမူ အစီအစဉ်ကျမှုနှင့် တည်ငြိမ်မှုရရှိရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ တရားမျှတသောဘောင်အတွင်း ကွဲပြားသောအမြင်များကို လေးစားခြင်းသည် ကွဲပြားမှုများကို စီမံခန့်ခွဲရာတွင် ပိုမိုအဆင်ပြေစေနိုင်ပါသည်။

မြန်မာ့ရေးရာအတွက် အတိုချုံ့ဆွေးနွေးချက်

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကာစ တိုင်းရင်းသားများမှာ ခွဲထွက်ခွင့်ကို ကိုယ်ပိုင်ပြဌာန်းခွင့်၏ အာမခံချက်တခုအနေဖြင့် လိုလားခဲ့ကြသည်။ မိမိတို့၏ နိုင်ငံရေးအရ မိမိတို့လူထုပိုင်ဆိုင်သော နယ်မြေများကို ဗမာပြည်မနှင့် ပူးပေါင်းကြခြင်းဖြစ်ရာ ထိုကဲ့သို့ လိုလားခဲ့သည်ကလည်း အဓိပ္ပာယ်အပြည့်ရှိသည်။ သို့ရာတွင် ၁၉၄၇ ဖွဲ့စည်းပုံတွင်လည်းကောင်း၊ ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက် တလျှောက်လုံး အတင်းဆွဲစုထားသည့် နိုင်ငံတွင်လည်းကောင်း ကိုယ်ပိုင်ပြဌာန်းခွင့် မည်သည့်ပုံစံနှင့်မှ မရှိခဲ့ရချေ။ တဘက်ကလည်း ဗမာနိုင်ငံရေးသမားများ၏ အမြတ်ထုတ်မှုနှင့် ဗမာမှုပြုခံထားရသည့် စစ်တပ်၏ ရက်စက်သော စစ်ပွဲများဒဏ်ကို များစွာခံကြရပါသည်။

ယနေ့ခေတ်တွင် တိုင်းရင်းသားခေါင်းဆောင်အများစုက ပြင်ပရေးရာကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ သို့မဟုတ် ခွဲထွက်ခွင့်ကို မတောင်းဆိုတော့ပဲ၊ ဗမာနိုင်ငံရေးယူနစ်က သိမ်းပိုက်ထားသည့် မိမိတို့နယ်မြေတွင် အတွင်းရေးရာကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုသာ အလိုရှိပါသည်ဟု ဆိုလာကြပါသည်။ အမျိုးသားလူထုတို့အတွက် အတင်းဆွဲစုသောနိုင်ငံကြီးတွင် ဒူးထောက်ပူးပေါင်းခြင်းနှင့် အစိတ်စိတ်အမွှာမွှာကွဲထွက်ခြင်းတို့သည် အစွန်းတရား နှစ်ပါးဖြစ်ပါသည်။ မိမိတို့၏ သမိုင်းနှင့် မိမိတို့ဘယ်သူဖြစ်ပြီး ဘယ်ကဆင်းသက်လာသည်ကို ဖော်ပြသော မိမိတို့သရုပ်ဘာဝနှင့် ဆက်စပ်နေသည့်၊ အမြတ်တနိုးထားရာ ရေမြေ၊ ကိုးကွယ်ရာဌာနနှင့် နိုင်ငံရေးသမိုင်းရှိသောနယ်မြေတို့ အမျိုးသားလက္ခဏာများကို တည်ဆောက်နိုင်ရေးအတွက် အမျိုးသားစုံပြည်ထောင်စုဖက်ဒရယ်ကို တောင်းဆိုခြင်းသည် အလွန်တရာအလယ်အလတ်တွင် ကျရောက်သည်ကို နားလည်ရန် လိုပါသည်။

ထို့ကြောင့် ဗမာတို့အနေဖြင့်

  • တိုင်းရင်းသားတို့၏ အမျိုးသားနယ်မြေများကို သက်ဆိုင်ရာဒေသ လူမျိုးစုများစုဖွဲ့သော အမျိုးသားလူထုများထံ ပြန်လည်ပေးအပ်ကာ တရားမျှတစေရန်၊
  • မိမိတို့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့်နယ်မြေကို မိမိတို့ မျှတမှုရှိရှိ သတ်မှတ်ရန်၊
  • အခြား ဖက်ဒရယ်ယူနစ်တို့၏ ဝိသေသလက္ခဏာကို သူတို့အမျိုးသားလူထုနှင့် သူတို့ဘာသာလိုက်လျောညီထွေတည်ဆောက်ရာတွင် ဝင်မပါခြင်း၊
  • ထိုဒေသလူထု၏ နိုင်ငံရေးနိုးကြားမှုကို မစိုးမိုးခြင်းတို့ ဆောင်ရွက်ပါက ပိုမိုတရားမျှတ နိုင်ပါသည်။

နိဂုံး

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် လူထုတို့၏အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ဖြစ်သည်။ ဤသည်မှာ မတူညီသောလူများအတွက် ကွဲပြားခြားနားသော အရာများကို အဓိပ္ပာယ်ပေါက်နိုင်သော်လည်း များသောအားဖြင့် ထိုလူထု၏ အရေးအရာများ အုပ်ချုပ်လည်ပတ်ရာတွင် ပါဝင်နိုင်ခြင်းကို ဆိုလိုပါသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် သက်ဆိုင်သော အကောင်းနှင့်အဆိုး နှစ်မျိုးလုံးရှိသည်။ တစ်ဖက်တွင်မူ ပိုမိုတရားမျှတပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ ဦးတည်သွားနိုင်သည်။ တစ်ဖက်တွင်လည်း ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်သည်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးအတွက် ကြိုးစားရာတွင် ဖြစ်နိုင်ခြေရှိသော အကျိုးကျေးဇူးများနှင့် အန္တရာယ်များကို စဉ်းစားရန် အရေးကြီးပါသည်။ အချို့သော ကိစ္စများတွင် အကြမ်းဖက်မှုကို မသုံးဘဲ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ဖက်ဒရယ်စနစ်သည် နိုင်ငံတစ်နိုင်ငံအတွင်း မတူညီသောအုပ်စုများကို ကိုယ်ပိုင်ပြဌာန်းခွင့် အတိုင်းအတာတခုအထိ ပေးနိုင်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်နိယာမသည် ပြောင်းလဲနေဆဲဖြစ်ပြီး မည်သို့အကောင်အထည်ဖော်သင့်သည်ဆိုသည့် မေးခွန်းအတွက် လွယ်ကူသောအဖြေမရှိပါ။ သို့သော်လည်း နိုင်ငံရေးနှင့် လူမှုရေးတရားမျှတမှုဆိုင်ရာ ဆွေးနွေးမှုတိုင်းတွင် ထည့်သွင်းစဉ်းစားသင့်သည့် အရေးကြီးသော နိယာမတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများသည် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကာလရှည်ကြာ ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့သည် ဤအခွင့်အရေးကို ရရှိခြင်းမရှိသေးပဲ၊ ရလဒ်အဖြစ် ဆိုးကျိုးများစွာခံစားနေကြရသည်။ အမျိုးသားစုံဖက်ဒရယ်စနစ်သည် လိုအပ်သော တည်ငြိမ်မှုနှင့် စနစ်ကျနမှုတို့အား  ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဟန်ချက်ညီစေနိုင်မည့် အလယ်ကျသည့်နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။ မြန်မာ့သမိုင်းနှင့် စုံလင်မှုအရလည်း အမျိုးသားလူထုတခုတည်းသို့ စုပေါင်းခံရမည့်စနစ်နှင့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်ခြင်းမှာ နှစ်ခုလုံးအစွန်းတရားများဖြစ်သည်။ အမျိုးသားစုံ ပြည်ထောင်စုဖက်ဒရယ်စနစ်က လူမျိုးလူထုတို့အား ယင်းတို့၏ အမျိုးသားသရုပ်သကန်တို့ကို ထိန်းသိမ်းထားစေနိုင်သလို သူတို့အစိုးရများတွင်လည်း ပါဝင်နိုင်စေပါသည်။ 

Related Articles

Back to top button