ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် | အပိုင်း (၄)
စည်းနရီ | အတွေးအမြင်
နိုင်ငံတကာဥပဒေများနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်
အပြည်ပြည်ဆိုင်ရာ ဥပဒေမူဘောင်များသည် အဖွဲ့ဝင်နိုင်ငံများ၏ တလုံးတဝဖြစ်တည်မှု ကာကွယ်ရင်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို နားလည်ပြီး အကာအကွယ်ပေးရန်အတွက် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါသည်။ တဖန် နိုင်ငံတကာမူဘောင်များသည် တဘက်သတ် ခွဲထွက်ရန် အခွင့်အရေးများ မပေးဆောင်ထားပေ။ နိုင်ငံတကာအဆင့်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အဓိကကျသော စာရွက်စာတမ်းများနှင့် ဥပဒေမူများ အများအပြားရှိသည်။ ၎င်းတို့တွင်-
(က) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (၁၉၄၅)– ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် လူမျိုးအားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုပြီး ယင်းအခွင့်အရေးတွင် ၎င်းတို့၏ နိုင်ငံရေး အဆင့်အတန်းကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးရေးတို့ကို တည်ဆောက်ရန် အခွင့်အရေးများ ပါဝင်သည်။
သို့သော်လည်း ကုလသမဂ္ဂ ပဋိညာဉ် အပိုဒ် ၂ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံတို့သည် အပိုဒ် – ၁ တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်ရာတွင် အောက်ပါမူများနှင့် အညီ လိုက်နာဆောင်ရွက်ရမည်….
(၄) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် နိုင်ငံအားလုံးသည် မိမိတို့ပြည်ထောင်အချင်းချင်း ဆက်ဆံရေးတွင် တနိုင်ငံ၏ နယ်ပယ်အဝှမ်းကို သို့မဟုတ် နိုင်ငံရေးလွတ်လပ်မှုကို ထိပါးအောင်သော်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ်ချက်များနှင့် အခြားတနည်းနည်း ဆန့်ကျင်အောင်သော်လည်းကောင်း၊ လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်း သို့မဟုတ် လက်နက်အင်အားကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။
(ခ) နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR) (1966) – ICCPR သည် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုပြီး ယင်းအခွင့်အရေးတွင် မိမိတို့နိုင်ငံ၏ အစိုးရတွင် ပြည်သူအားလုံး ပါဝင်ခွင့်၊ မိမိတို့အစိုးရကို ရွေးချယ်ခွင့်၊ မိမိတို့အစိုးရကို ငြိမ်းချမ်းစွာ ပြောင်းလဲခွင့်များ ပါဝင်သည်။
(ဂ) စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICESCR) (1966)– ICESCR သည် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုပြီး ယင်းအခွင့်အရေးတွင် လူသားအားလုံး၏ စီးပွားရေး၊ လူမှုရေး၊ နှင့် ခံစားခွင့်များ ပါဝင်ကြောင်း ဖော်ပြထားသည်။ အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ။
(ဃ) ကိုလိုနီနယ်ချဲ့ခံနိုင်ငံများနှင့် လူမျိုးတို့အား လွတ်လပ်ရေးပေးအပ်ခြင်းဆိုင်ရာ ကြေငြာစာတမ်း (၁၉၆၀)- ဤကြေငြာချက်သည် ကိုလိုနီစနစ် လက်အောက်ခံ အခြေအနေအတွက်ကို ကိုယ်ပိုင်ပြဌာန်းခွင့်ကို အထူးဖော်ပြထားပြီး ကိုလိုနီအုပ်ချုပ်မှုအောက်တွင်ရှိသော လူမျိုးတိုင်းတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်လပ်ရေးရယူခွင့် ရှိသည်ဟု ဖော်ပြထားသည်။ ၎င်းတို့ကို အောက်ပါဖော်ပြချက်များတွင် တွေ့မြင်နိုင်ပါသည်။
၁။ လူထုများအား လူမျိုးခြားများက လက်အောက်ခံစေခြင်း၊ လွှမ်းမိုးချုပ်ကိုင်ခြင်းနှင့် အမြတ်ထုတ်ခြင်းတို့သည် အခြေခံလူ့အခွင့်အရေးများကို ငြင်းပယ်ခြင်းဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ဆန့်ကျင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို အဟန့်အတားဖြစ်စေပါသည်။
၆။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတစ်ခု၏ ပိုင်နက်နယ်မြေပိုင်ဆိုင်မှုကို တစိတ်တပိုင်း သို့မဟုတ် လုံးလုံးလျားလျား အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်သည့် ကြိုးပမ်းမှုမှန်သမျှသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများနှင့် ကိုက်ညီမှုမရှိပေ။
(င) ကုလသမဂ္ဂဆုံးဖြတ်ချက် 2625 (XXV) အရ နိုင်ငံအချင်းချင်း ချစ်ကြည်ဆက်ဆံရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာဥပဒေမူဘောင်များ ကြေညာစာတမ်း – ဤကြေငြာချက်ကို Friendly Relations Declaration – FRD (1970) ဟုလည်းခေါ်သည်။ ဤကြေငြာချက်သည် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် ပိုမိုအသေးစိတ်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ရယူနိုင်သည့် နည်းလမ်းများကို ဖွင့်ဆိုပေးသည်-
“အချုပ်အခြာအာဏာနှင့်တကွ လွတ်လပ်သောနိုင်ငံ ထူထောင်ခြင်း၊ လွတ်လပ်သောနိုင်ငံသို့ ပေါင်းစည်းခြင်း သို့မဟုတ် ပြည်သူများက လွတ်လပ်စွာ သတ်မှတ်ပြဋ္ဌာန်းထားသော အခြားနိုင်ငံရေးစုဖွဲ့မှု အဆင့်အတန်းတခုအဖြစ် ပေါ်ပေါက်လာခြင်း စသည်တို့သည် ထိုလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကောင်အထည်ဖော်နိုင်သည့် ပုံစံများဖြစ်၏”
အောက်ဖော်ပြပါ ကြေငြာချက်၊ ဆုံးဖြတ်ချက်များသည် ၁၉၇၀ ခုနှစ်တွင် ပေါ်ထွက်ခဲ့သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်မူအကြောင်း ပိုမိုလေ့လာရန် ယင်းတို့ကိုလေ့လာသင့်ပါသည်။
- ကိုလိုနီနယ်ချဲ့နိုင်ငံများနှင့် ပြည်သူများအား လွတ်လပ်ရေးပေးဆောင်ရေးကြေညာစာတမ်းပါ အပြည့်အဝအကောင်အထည်ဖေါ်ရေးအတွက် ဆောင်ရွက်မှုအစီအစဉ်၊ ဆုံးဖြတ်ချက်အမှတ် 2621 (XXV)၊
- ကုလသမဂ္ဂ၏ နှစ်ဆယ့်ငါးနှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကြေညာချက်၊ ဆုံးဖြတ်ချက်အမှတ် 2627 (XXV)၊
- ကုလသမဂ္ဂ ဆုံးဖြတ်ချက် 2708 (XXV)
၁၉၇၅ ခုနှစ် Helsinki Final Act ဥပဒေသည် လူမျိုးအားလုံးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်နိယာမ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော စာတမ်းဖြစ်သည်။ Helsinki အက်ဥပဒေ ပေါ်ပေါက်သည့်ခေတ်တွင် ဥရောပ သို့မဟုတ် မြောက်အမေရိကတွင် ကိုလိုနီစနစ်မရှိဟူသည်ကို သတိပြုရန် အရေးကြီးသည်။ သို့သော်လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟူသည် ကိုလိုနီနယ်မြေများအတွက်သာမဟုတ်ကြောင်း ယင်းအက်ဥပဒေက ခိုင်မာစေပြီး လူမျိုးလူနည်းစုများ ပါဝင်သောအရေးအရာများနှင့် အခြားအခြေအနေများအတွက်ပါ အသုံးဝင်စေနိုင်မည့် ဖြစ်တန်ချေများကိုပါ တွေ့မြင်ရစေသည်။
အက်ဥပဒေ၏ မူဘောင်အမှတ် ၈၊ အပိုဒ် ၂ တွင်ဖော်ပြထားသည်မှာ
“လူမျိုးများ၏ တန်းတူညီမျှအခွင့်အရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးမူအရ လူထုတိုင်းတွင် အချိန်အခါမရွေး မိမိတို့အတွင်း နှင့် ပြင်ပဆိုင်ရာ နိုင်ငံရေးအဆင့်အတန်းကို ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ မိမိတို့ဘာသာ အပြည့်အဝလွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပိုင်ခွင့်ရှိသည်”ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ ကိုယ်ပိုင်ပြဌာန်းခွင့်သည် ခေတ်ပြိုင်နိုင်ငံတကာဥပဒေ၏ အနှစ်အသား အခြေခံမူဖြစ်သည်ဟု အသိအမှတ်ပြုထားသည်။ ဤအခြေခံမူသည် လူထုများအနေဖြင့် ၎င်းတို့၏ နိုင်ငံရေး အဆင့်အတန်းကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် သူတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတို့ကို သူတို့တည်ဆောက်ရန် ဟူသော အယူအဆအပေါ် အခြေခံထားသည်။
အရှေ့တီမောဥပမာတွင် ICJ က အောက်ပါအတိုင်း ဖေါ်ပြထားသည်။
“ကိုယ်ပိုင်ပြဌာန်းခွင့်မူကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် တရားရုံး၏ တရားစီရင်ပိုင်ခွင့်အဝန်းဝိုင်းတွင် အသိအမှတ်ပြုထားပြီး …. ခေတ်ပြိုင်နိုင်ငံတကာဥပဒေ၏ အနှစ်အသားအခြေခံမူများထဲမှ တစ်ခုဖြစ်သည်။” (Portugal VS Australia, 1995)
ရည်ညွှန်းလိုသည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်သည် Erga Omnes တာဝန်ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းသည် နိုင်ငံအားလုံးတွင် စည်းနှောင်ထားပြီး အခြားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လေးစားလိုက်နာရန် ဥပဒေဆိုင်ရာတာဝန်ဝတ္တရားမှာ နိုင်ငံအားလုံးတွင်ရှိသည်။
အပြည်ပြည်ဆိုင်ရာဥပဒေများနှင့် သဘောတူညီချက်များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ယန္တရားများနှင့် အခြေခံမူများမှတစ်ဆင့် အသိအမှတ်ပြုကာကွယ်ပေးသည်။ ယင်းတို့ထဲမှ အချို့ပါဝင်သည်-
၁။ အတွင်းရေးကိုယ်ပိုင်ပြဌာန်းခွင့်မူ – မိမိတို့အတွင်းရေး ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုသည်မှာ ရှိရင်းစွဲနိုင်ငံတစ်ခု၏ မူဘောင်အတွင်းတွင် လူထုတခု၏ အုပ်ချုပ်ပိုင်ခွင့်ကို ရည်ညွှန်းပါသည်။ ဤအခြေခံမူအရ လူထုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို စွက်ဖက်ခြင်းမရှိဘဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို အသိအမှတ်ပြုသည်။
၂။ ပြင်ပဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်မူ – ပြင်ပကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ လူထုတခုက သူတို့၏နိုင်ငံရေးအဆင့်အတန်းကို ဆုံးဖြတ်ရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်စွာတည်ရှိမှုကို တည်ဆောက်ကြရန်အခွင့်အရေးကို ရည်ညွှန်းသည်။ ဤနိယာမသည် သီးခြားလူမျိုး သို့မဟုတ် အမျိုးသားလူထုတခုသည် ရှိပြီးသားနိုင်ငံတစ်ခုမှ လွတ်လပ်ရေးရယူသည့်ကိစ္စများနှင့် အထူးတလည်သက်ဆိုင်ပါသည်။
၃။ နယ်မြေစိုးမိုးရေးဆိုင်ရာ နိယာမ- ဤမူအရ နိုင်ငံများသည် ၎င်းတို့၏ ပိုင်နက်နယ်မြေ အဝန်းအဝိုင်းကို ထိန်းသိမ်းပိုင်ခွင့်ရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ တောင်းဆိုချက်များကို စဉ်းစားသည့်အခါ ဤအခွင့်အရေးကို လေးစားရမည်ဟု ဆိုလိုသည်။
၄။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နိယာမ- ဤမူအရ ပြည်သူများသည် မိမိတို့၏ကိုယ်ပိုင်ရေးရာများကို စီမံခန့်ခွဲပိုင်ခွင့်ရှိသလို၊ ဤအခွင့်အရေးကို ပိုမိုကြီးမားသောနိုင်ငံတော်၏ မူဘောင်အတွင်း ကျင့်သုံးနိုင်သည်ဟု ဆိုသည်။
၅။ ဝင်ရောက်မစွက်ဖက်ခြင်မူ – ဤမူအရ နိုင်ငံများသည် အခြားနိုင်ငံများမှ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုထိုက်သည့် အခွင့်အရေးရှိကြောင်းနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားသည့်အခါ ဤအခွင့်အရေးကို လေးစားရမည်ဟု ဆိုသည်။
၆။ ကိုလိုနီပြုခြင်းကို တားမြစ်ခြင်း – နိုင်ငံတကာဥပဒေသည် ကိုလိုနီစနစ်ကို တားမြစ်ထားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ကိုလိုနီနယ်ချဲ့ စနစ်အား ဖြိုဖျက်သည့် လုပ်ငန်းစဉ်တွင် အဓိကကျပါသည်။ ကိုလိုနီနယ်ချဲ့နိုင်ငံများနှင့် လူမျိုးများအား လွတ်လပ်ရေး အာမခံပေးခြင်းဆိုင်ရာ ကုလသမဂ္ဂ ကြေငြာစာတမ်း (၁၉၆၀) သည် ကိုလိုနီခေတ်လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်လပ်ရေးရပိုင်ခွင့်တို့ကို အတည်ပြုခဲ့သည်။
၇။ ကာကွယ်ရန် တာဝန်ရှိမှု – ကုလသမဂ္ဂက ပြဌာန်းထားသည့်အတိုင်း ကာကွယ်ရန် တာဝန်ရှိသည့်မူအရ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုများ၊ လူမျိုးစုရှင်းလင်းမှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို တားဆီးရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ တာဝန်ကို အသိအမှတ်ပြုသည်။ ဤမူသည် ထိရှလွယ်သူများကို ကာကွယ်သည့် နည်းလမ်းအဖြစ် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အရေးပါမှုကို အားဖြည့်လောင်းပေးပါသည်။
၈။ ကုစားမှုအတွက် ခွဲထွက်ခြင်းဆိုင်ရာ အယူဝါဒ -ယင်းအယူအဆ အနေဖြင့် ခွဲထွက်ခွင့်ကို အနိုင်ကျင့်သည့်ဝါဒ သို့မဟုတ် ဖိနှိပ်မှုကို ကာကွယ်ရန် အသုံးဝင်နိုင်သည်ဟု အဆိုပြုသည်။ ၎င်းအယူအဆသည် ဥပဒေသီအိုရီတခုဖြစ်ပြီး အမျိုးသားလူထုတခုသည် အခြေခံအခွင့်အရေးများ ထိခိုက်ခံရသည့်အခါ ပိုမိုကြီးမားသောနိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှ ခွဲထွက်ခွင့်ရှိသည်ဟုဆိုသည်။ ယင်းအယူဝါဒကို ဥပဒေရေးရာကိစ္စရပ်အချို့တွင် ကိုးကားဖော်ပြထားသော်လည်း တရားဥပဒေဆိုင်ရာ မူတခုအဖြစ် အတိအကျ မသတ်မှတ်ထားပေ။ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် နိုင်ငံတကာ အကျပ်အတည်းများ အပြီးတွင် ထိုအယူဝါဒ ပြန်လည်ရှင်သန်လာသော်လည်း ခိုင်လုံသည့် ဥပဒေမူတခု ဟုတ်မဟုတ် ဥပဒေပညာရှင်များအကြား အငြင်းပွားမှုရှိသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ကြိုးစားမှုများတွင် နိုင်ငံတကာဥပဒေများကို အသုံးချမှုဆိုင်ရာ လေ့လာမှုအတွက် ဖြစ်ရပ်အချို့ကို လေ့လာနိုင်သည်။ ဥပမာအချို့ကို အောက်တွင် ဖော်ပြလိုသည်။
၁။ အရှေ့တီမော – အရှေ့တီမောကိစ္စတွင် နိုင်ငံတကာဥပဒေဖြင့် လူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မည်ကဲ့သို့ ထောက်ပံ့ထားကြောင်း မြင်ရသည်။ ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂက စီမံသော လူထုဆန္ဒခံယူပွဲမှတဆင့် အရှေ့တီမောလူမျိုးများသည် အင်ဒိုနီးရှားထံမှ လွတ်လပ်ရေးအတွက် တခဲနက်မဲပေးခဲ့ကြသည်။ ဤအချက်သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံထူထောင်ရေးအတွက် လမ်းခင်းပေးခဲ့သည်။
၂။ တောင်ဆူဒန် – ၂၀၁၁ ခုနှစ်တွင် ဆူဒန်နိုင်ငံမှ တောင်ဆူဒန်နိုင်ငံကို ခွဲထုတ်ခြင်းသည် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခြေခံမူများကို ကျင့်သုံးခြင်းကို နမူနာပြသည်။ ၂၀၀၅ ခုနှစ် အလုံးစုံပါဝင်သည့်ငြိမ်းချမ်းရေး သဘောတူညီချက် (Comprehensive Peace Agreement) မှ ပြဌာန်းထားသော လူထုဆန္ဒခံယူပွဲအပြီးတွင် တောင်ဆူဒန်ပြည်သူများက လွတ်လပ်ရေးကို မဲပေးခဲ့ကြပြီး နိုင်ငံသစ် ထူထောင်ခဲ့ကြသည်။
၃။ ကိုဆိုဗို – ကိုဆိုဗိုကိစ္စတွင် ခွဲထွက်ခြင်နှင့်စပ်လျဉ်းသည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှုပ်ထွေးမှုများစွာကို ပြသသည်။ ၁၉၉၀ ပြည့်နှစ်များ၏နှောင်းပိုင်း ပဋိပက္ခတို့အပြီးတွင် ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားထံမှ လွတ်လပ်ရေးကြေညာခဲ့သည်။ ကိုဆိုဗို၏လွတ်လပ်ရေးတရားဝင်မှုသည် နိုင်ငံတကာတွင် အခြေအတင် အငြင်းပွားနေရဆဲ ဖြစ်ပြီး လက်တွေ့တွင်ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများနှင့် မတူညီသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မီးမောင်းထိုးပြထားသည်။
ဤဖြစ်ရပ်များကို လေ့လာချက်တို့က ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ ICCPR နှင့် အကာအကွယ်ပေးရမည့်တာဝန် (R2P) တို့ကဲ့သို့သော အပြည်ပြည်ဆိုင်ရာဥပဒေများနှင့် သဘောတူညီချက်များကို ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တွန်းအားပေးပြီး အသုံးချပုံကို မြင်ရစေပါသည်။ ထိုအသုံးချမှုတို့သည် ပြည့်ဝကောင်းမွန်လွန်းသည် မဟုတ်သလို တိုးတက်ပြောင်းလဲနေဆဲ ရှိပါသည်။
- စည်းနရီ