စစ်တပ်ရဲ့ အာဏာရိပ်မကင်းတဲ့ ရိုးရာပွဲတော်တွေမှာ မပါဝင်ဘဲသပိတ်မှောက်ကြဖို့ တောင်ကြီး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တိုက်တွန်း
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၃၀ ရက်၊ ၂၀၂၃။
စစ်ကောင်စီက ဦးစီးပြီးကျင်းပပြုလုပ်ဖို့ ကြိုးစားနေတဲ့ အာဏာရိပ်မကင်းတဲ့ ရိုးရာပွဲတော်တွေမှာ မပါဝင်ဘဲသပိတ်မှောက်ကြဖို့ တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းပြောဆို လိုက်ပါတယ်။
မကြာခင်ကျင်းပမယ့် တန်ဆောင်တိုင်ရိုးရာပွဲတော်ကျင်းပရာဒေသ၊ ဖောင်တော်ဦး ဒေဿစာရီ ကြွချီ ရာဒေသတို့နဲ့ မလှမ်းမကမ်းရှိ ဖယ်ခုံ၊ မိုးဗြဲဒေသတို့အပါအဝင် ကယား(ကရင်နီ)ပြည်တို့မှာ စစ်ဘေး ဒဏ်ကို အလူးအလှိမ့်ခံစား နေကြရတယ်လို့ တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ သြဂုတ်လ ၂၉ ရက်က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားတာပါတယ်။
အဲဒီဒေသရှိ ညီနောင်သွေးချင်းတွေ စစ်ဘေးဒဏ်ခံနေရတာကို ကိုယ်ချင်းမစာဘဲ မျက်ကွယ်ပြုပြီး စစ်တပ်ရဲ့ အာဏာရိပ်မကင်းတဲ့ ရိုးရာပွဲတော်တွေမှာ ပါဝင်ဆင်နွှဲဖို့ ကြိုးပမ်းနေတာကို ရပ်တန့်ပြီး သပိတ်မှောက်စေလိုပါတယ်လို့ တိုက်တွန်းထားတာဖြစ်ပါတယ်။
“ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်းနဲ့ ကရင်နီက ပြည်သူတွေ တောင်ကြီးနဲ့ ညောင်ရွှေမှာ စစ်ဘေးရှောင်နေရတာ သောင်းနဲ့ချီရှိတယ်လေ။ သူတို့ကို ကိုယ်ချင်းစာပြီး စစ်ကောင်စီကလုပ်တဲ့ တန်ဆောင်တိုင်နဲ့ အင်းလေး ပွဲတို့မှာ မပါဝင်ဘဲသပိတ်မှောက်ပေးကြဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီစာကိုထုတ်ပြန်လိုက်တာ ဖြစ်ပါ တယ်”လို့ တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက FJMM ကိုပြောပါတယ်။
မြန်မာနိုင်ငံဒေသအသီးသီးရှိ တိုင်းရင်းသားလူမျိုးစုအသီးသီးဟာ ကိုဗစ်ကမ္ဘာ့ ကပ်ရောဂါဒဏ်၊ စစ်ဘေးဒဏ်၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုပေါင်းများစွာတို့ကို နေ့စဉ်နဲ့အမျှ အလူးအလှိမ့် ခံစား နေကြ ရပေမယ့် စစ်တပ်ရဲ့ အာဏာရိပ်မကင်းတဲ့ ရိုးရာပွဲတော်တွေကို ပါဝင်ဆင်နွှဲတာဟာ မှန်ကန်တဲ့ နည်း လမ်းမဟုတ်ဘူးလို့လည်း အဲဒီထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ – Getty Images (ပုံဟောင်း)