သတင်း

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီဌာနချုပ်ကို တော်လှန်ရေးမဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီဌာနချုပ်ကို တော်လှန်ရေးမဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၉ ရက်၊ ၂၀၂၃။

ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၁၉ နှင့် ခလရ – ၆၁ တို့ကို တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ တော်လှန်ရေး မဟာမိတ်အင်အားစုတို့က ထုတ်ပြန်ထားပါတယ်။

အဆိုပါစစ်ဆင်ရေးကို မိုးကြိုးစစ်ဆင်ရေး (၂) ဟုအမည်ပေးထားပြီးဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ရေးလေတပ် YAF၊ ရေးကာကွယ်ရေးတပ် YDF၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T-5)၊ ဒေါနစစ်ကြောင်း၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO၊ ရေးကာကွယ်ရေးတပ် YDF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ( တပ် ရင်း- ၁ )၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့ ပူးပေါင်းကာ SF-Z လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ သြဂုတ်လ ၃၁ ရက်နေ့တွင် ကျရောက်သည့် (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုအနေနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း တော်လှန်ရေး မဟာမိတ်အင်အားစုဘက်က ပြောပါတယ်။

” တိုက်ခိုက်တဲ့ အချိန်ကတော့ ၂နာရီလောက်ကြာတယ်။ မောင်းသူမဲ့ ဒရုန်းနဲ့တိုက်ခိုက်တာ ဖြစ်လို့ ရန်သူစခန်းနဲ့ မနီးပါဘူး။ ရန်သူ ကျဆုံးမှုကိုလည်း အတည်ပြုပြောလို့ တော့မရပါဘူး။ စခန်း ၂ခုလုံးကိုတော့ ဗုံး ၂လုံးစီ ကြဲချနိုင်ခဲ့တယ်။ ” လို့ MSRF မှ တာဝန်ရှိသူတစ်ဦးမှ FJMM ကိုပြောပါတယ်။

ယခု စစ်ဆင်ရေးမှာ ရာသီဥတုဒဏ်ကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ SF-Z လေယာဉ်တစ်စီး ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

” စုပေါင်းအားနဲ့ အားသန်ရာ နည်းပညာတွေပေါင်းပြီးတော့ ဆက်တိုက်သွားမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးကြီးက မြန်မြန်ပြီးဆုံးမယ်ဆိုတဲ့ အမြင်ကို ခံယူ ထားတယ်။ အခြား အဖွဲ့တွေနဲ့လည်း ဆက်ပြီးတိုက်ပွဲဝင်သွားမယ်။ နောက်ပိုင်းမှာ စစ်ကြောင်းတွေပုံစံနဲ့လည်း တိုက်ပွဲတွေ ဖော်ဆောင်သွားဖို့ရှိတယ်။ ” လို့လည်း သူက ဆက်ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ၈ ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ပေါင်းစုဘက်မှ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

ဓါတ်ပုံ -J.O.C

Related Articles

Back to top button