မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကမ္ဘာကို စိတ်ပျက်အားလျော့သွားစေလိုတဲ့ စစ်တပ် ဘယ်လဲ။ ဘာလဲ။
The Myanmar Military Wants the World to Give Up | ဘာသာပြန် ဆောင်းပါး
The Myanmar Military Wants the World to Give Up (justsecurity.org)
ဂျွန် ဆစ်ဖ်တန် (ဂျပ်စ်ထ် စကျူရီတီ – သြဂုတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်)
မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ကြပါ။ ဤအချက်မှာ၊ စစ်အုပ်စုက မြန်မာပြည်သူလူထုအား ပေးဝေနေသည့် သတင်းစကား ဖြစ်သည်။
စက်တင်ဘာလအစောပိုင်းတွင် ကမ္ဘာ့ခေါင်းဆောင်များက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် အရှေ့အာရှဒေသ ထိပ်သီးအစည်းအဝေးများအတွက် ဂျာကာတာသို့ စုဝေးရောက်ရှိလာကြတော့မည် ဖြစ်သည်။ အစည်းအဝေးများသို့ ပါဝင်တက်ရောက်ကြမည့်သူများတွင် G-7 အုပ်စု၏ ခေါင်းဆောင်များ အများအပြားနှင့် အမေရိကန် ဒုတိယသမ္မတ ကမာလာဟာရစ်စ်တို့ ပါဝင်ကြမည်ဖြစ်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အာဆီယံနှင့် G-7 တို့မှ ခေါင်းဆောင် အများအပြားတို့နှင့်အတူ G-20 အစည်းအဝေးသို့ တက်ရောက်ရန် ဒေသအတွင်းတွင် ရှိနေလိမ့်မည် ဖြစ်သည်။ အာဆီယံ အစည်းအဝေးများအတွက် အဓိကကျသည့် ဆွေးနွေးစရာခေါင်းစဉ် တစ်ခုမှာ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်အုပ်စုက အတိုက်အခံ လှုပ်ရှားမှုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားအား ဖြိုခွဲလျက်ရှိနေသည့် မြန်မာနိုင်ငံအရေး ဖြစ်သည်။
စစ်အုပ်စုက မတရားဖမ်းဆီးထောင်ချမှုများ၊ အကျဉ်းရုံးကွပ်မျက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဥပဒေမဲ့ စစ်ဆင်မှုများဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ဖြစ်နိုင်သည့် ရက်စက်ကြမ်းကြုတ်မှု များစွာတို့ကို ကျူးလွန်ခဲ့သည်။ ရာထူးမှဖယ်ရှားခံခဲ့ရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အတွက် မကြာသေးမီက တစ်စိတ်တစ်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းမှာ အခြေခံအားဖြင့် လှည့်စားမှုတစ်ခုမျှသာ ဖြစ်ပြီး၊ ၎င်းတို့၏ နှိမ်နင်းဖြိုခွင်း မှုများအတွက် အကြောင်းပြချက်ပေးနိုင်ရန်နှင့် အရေးပေါ်အခြေအနေ နောက်ထပ်သက်တမ်းတိုးမှုမှ လူအများအား အာရုံလွှဲနိုင်ရန်အတွက် အသက် ၇၈ နှစ်ရှိနေသူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ထောင်ဒဏ် ၃၃ နှစ်မှ ၆ နှစ်ကို လျော့ပေါ့ပေးခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွက်၊ သံတမန်ရေးအရ ကြိုးပမ်းမှုများက အခက်အခဲများနှင့် ကြုံတွေ့နေခဲ့ရသည်။ ၂၀၁၆-၂၀၁၇ ခုနှစ် ကာလအတွင်းက ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများအတွက် မြန်မာစစ်တပ်အား တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန် ၎င်းတို့အနေနှင့် ပျက်ကွက်ခဲ့ကြသကဲ့သို့ပင်၊ ယခုအကြိမ်တွင်လည်း အာဆီယံနှင့် ၎င်း၏မဟာမိတ်များအပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တို့အနေဖြင့် လွဲမှားသည့် မတရားလုပ်ဆောင်မှုများအား ဟန့်တားနိုင်ရန်အတွက် စစ်အုပ်စုအား ဖိအားပေးတောင်းဆိုရန် ပျက်ကွက်လျက် ရှိနေခဲ့ကြပြီး၊ ရက်စက်ကြမ်းကြုတ်မှုများက ဆက်လက်ဖြစ်ပွားလျက် ရှိနေသည်။
အာဆီယံက မြန်မာနိုင်ငံအရေးတွင် တစ်စည်းတစ်လုံးတည်း ရှိနေရန် စွမ်းဆောင်နိုင်မှုမရှိသော်လည်း၊ ၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံမှ ဘုံသဘောတူညီချက် (၅) ချက်ကို ချမှတ်ခဲ့သော်လည်း ၎င်းတို့၏ ကိုယ်တိုင်အရေးယူလုပ်ဆောင်ရန် ပျက်ပြယ်မှုကို အကြောင်းပြချက်အဖြစ် မြန်မာစစ်အုပ်စုက လက်ခံလိုက်နာရန် ငြင်းဆို လျက်ပယ်ချခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ အာဆီယံ၏ အလုပ်မဖြစ်သည့် အချက်ငါးချက်ပါ ဘုံသဘောတူညီမှုကို အဖွဲ့အတွင်းနှင့် ပြင်ပမှ သံတမန်များက ဆက်လက်ကိုးကား ဖော်ပြလျက် ရှိနေကြသည် ။
မြန်မာစစ်ဗိုလ်ချုပ်များအနေဖြင့် အားလုံး၏ စိတ်ပျော့လက်လျှော့သွားမှုကို မျှော်လင့်အားကိုးလျက် ရှိနေသည်။ မြန်မာလူထုက လက်မလျှော့ကြသော်လည်း ပြင်ပ အစိုးရအများစုက မရှောင်မလွှဲသာ လက်လျော့လာရန်စိုင်ပြင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအကျပ်အတည်းသည် ဖြေရှင်း၍ မရနိုင်သည့်အရာ မဟုတ် သည့်အပြင်၊ လျစ်လျူရှုထားရန်ကလည်း အလွန်ပင် စိုးရိမ်ထိတ်လန့်စရာ ကောင်းလှသည့် အခြေအနေတွင် ရောက်ရှိနေသည်။
သို့ရာတွင် စစ်အုပ်စုအတွက် ထိုသို့မျှော်လင့်ချက်ထားနိုင်ရန်မှာ ခက်ခဲနေသည်က အမှန်ပင် ဖြစ်သည်။ မြန်မာစစ်တပ်က မိမိတိုင်းပြည်၏ ပြည်သူလူထုကို ဆန့်ကျင် လျက် အကြမ်းဖက်သည့် လုပ်ရပ်များကို နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ လုပ်ဆောင်လျက် ရှိနေခဲ့သည်။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှု အပါအဝင် စစ်တပ်၏ ကမ်းကုန်အောင်ဆိုးရွားသည့် အချို့သော အဆိုးဆုံးရာဇဝတ်ပြစ်မှုများက၊ ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလများ အတွင်း ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်တပ်၏ နိုင်ငံတကာအလယ်တွင်ရှိနေသည့် မိမိ၏ဂုဏ်သိက္ခာအား လျစ်လျူရှု ဥပေက္ခာပြုမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထုနှင့်ထည်နှင့် ကျူးလွန်ရန် ဆန္ဒရှိနေမှုတို့က အကန့်အသတ်မရှိ ဖြစ်နေပုံရသည်။
“မြန်မာနိုင်ငံအရေးအတွက် ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ပံ့ပိုးပေးရာတွင် အာဆီယံ၏ ဗဟိုကျသည့် အခန်းကဏ္ဍကို အပြည့်အဝထောက်ခံကြောင်း” မှတ်ချက်ပြုထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အတည်ပြုထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်၊ ခိုင်မာ အားကောင်းသည့် လမ်းကြောင်းတစ်ခုကို ရေးဆွဲချမှတ်ပေးရန် လိုအပ်နေသည်။
အစဉ်အလာအားဖြင့် လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲများတွင် ဦးဆောင်လေ့ရှိသည့် ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ရေးနှင့် နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများအတွက် ဖြစ်နိုင်ခြေအပါအဝင်၊ မြန်မာနိုင်ငံအပေါ် ပိုမိုခိုင်မာမှုရှိသည့် ဆုံးဖြတ်ချက်အသစ်တစ်ရပ် ချမှတ်နိုင်ရေး အတွက် အကြံဉာဏ်များကို ဖြန့်ဝေပေးသင့်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက ချမှတ်ခဲ့သည့် အဆိုပါ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ဗီတိုအာဏာအသုံးမပြုဘဲ မဲမပေးဘဲနေခဲ့မှုက၊ မြန်မာအပေါ် လုံခြုံရေးကောင်စီက ပိုမိုဖိအားပေးနိုင်သည်ဆိုသည်ကို ညွှန်ပြနေသည်။
မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရာတွင် ကုလသမဂ္ဂက ပံ့ပိုးကူညီမှုပေးရန် အချို့သော အာဆီယံအဖွဲ့ဝင်အချို့က တောင်းဆိုထားခဲ့ကြပြီး၊ အကယ်၍ လုံခြုံရေး ကောင်စီက ချဉ်းကပ်မှုအသစ်တစ်ခုကို မကြာမီအချိန်အတွင်း ရွေးချယ်ဆုံးဖြတ်ခြင်း မရှိပါက မြန်မာနိုင်ငံအရေး တစ်စုံတစ်ရာ ပြီးမြောက်အောင်မြင်မှု ရှိလာစေရန် အာဆီယံ၏ ဆောင်ရွက်နိုင်စွမ်းရှိမှုအပေါ် မျှော်လင့်နိုင်မှုက အနည်းငယ်မျှသာ ရှိနေသည်။
ထို့အပြင် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြမည့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ – အထူးသဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နှင့် လာမည့် ၂၀၂၄ ခုနှစ်တွင် ထပ်မံဝင်ရောက်လာမည့် တောင်ကိုရီးယားတို့အနေဖြင့် – မြန်မာနိုင်ငံ အကျပ်အတည်းကို အာဆီယံက ကိုယ်တိုင်ဖြေရှင်း နိုင်စွမ်းရှိသည်ဟု ဆက်လက်အဓိပ္ပာယ်ဖွင့်ဆို ရည်ညွှန်းနေကြသည်ထက်၊ မြန်မာနိုင်ငံအရေး အခိုင်အမာ လုပ်ဆောင်ရန် ၎င်းတို့၏ ရည်မှန်းချက် ထားရှိမှုများကို ကုလသမဂ္ဂတွင် ဖော်ထုတ်ပြသကြရန် လိုအပ်နေသည်။
လက်ရှိ အမေရိကန်၊ အီးယူနှင့် ဗြိတိန်တို့၏ အရေးယူဒဏ်ခတ်မှုများတွင် အရှေ့တောင်အာရှနိုင်ငံများက ပူးပေါင်းဆောင်ရွက်မှုရှိလာစေရေး တိုက်တွန်း တောင်း ဆိုရန်နှင့်၊ စစ်အုပ်စုက ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်ခြင်း မရှိပါက မြန်မာနိုင်ငံအား အာဆီယံအဖွဲ့မှ အပြည့်အဝ ရပ်ဆိုင်းထားရန် ၎င်းတို့အနေဖြင့် တုံ့ဆိုင်းနေကြသည့် အာဆီယံအဖွဲ့ဝင်များအား ဖိအားပေးသင့်ကြသည်။
အထူးသဖြင့်၊ အာဆီယံမိတ်ဖက်နိုင်ငံများအနေဖြင့် ဒေါ်လာသန်း ရာနှင့်ချီ၍ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ဝယ်ယူနေသည့် ထိုင်းနှင့်၊ စစ်တပ်၏ နိုင်ငံခြား ငွေများအတွက် ဘဏ်စာရင်းများ ဖွင့်လှစ်ထားရှိသည့် စင်္ကာပူတို့ကို ဖိအားပေးသင့်ကြသည်။ ထိုင်းနှင့် စင်္ကာပူတို့က ၎င်းတို့၏ စီရင်ပိုင်ခွင့်အတွင်းရှိ ကုမ္ပဏီများနှင့် ဘဏ်များကို အမေရိကန်နှင့် အီးယူတို့၏ ဒဏ်ခတ်အရေးယူမှုများမှ ရှောင်လွှဲရန် သို့မဟုတ် ငွေကြေးဆိုင်ရာ အရေးယူအပြစ်ပေးခံရနိုင်မှုများအတွက် စွန့်စားလုပ်ဆောင်ခြင်း မပြုကြရန် သတိပေးသင့်သည်။
နိုင်ငံတကာ ဖိအားများနှင့် ဒဏ်ခတ်အရေးယူမှုများက မြန်မာစစ်တပ်၏ ခံနိုင်ရည်ရှိမှုအပေါ် ထိရောက်မှုမရှိ အားပျော့နေသည်ဟု လေ့လာသူအချို့က ဆိုကြသည်။ အမှန်တကယ်ဖြစ်နေသည်မှာ၊ စစ်အုပ်စုကို ဖိအားပေးရန်နှင့် မြန်မာစစ်ဗိုလ်ချုပ်များအပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ရာတွင် ပြင်ပအစိုးရများအနေဖြင့် အမှန်တကယ် စည်းလုံးညီညွတ်မှု မရှိခဲ့ကြခြင်း ဖြစ်သည်။
အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားများကို ပစ်မှတ်ထားလျက်၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြား စိတ်သဘောထားတူညီသည့် အစိုးရအနည်းစုက ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်လာခဲ့ ကြသည်။ မြန်မာနိုင်ငံ၏ တိုတောင်းသည့် ပြုပြင်ပြောင်းလဲရေး ကာလမတိုင်မီ ယခင်ကချမှတ်ခဲ့သည့် ဒဏ်ခတ်အရေးယူမှုများကဲ့သို့ပင်၊ အရေးယူလုပ်ဆောင်မှုများက နှေးကွေးလွန်းနေခဲ့ပြီး အခိုင်အမာ ဖြစ်လာရန် လုပ်ဆောင်ခြင်း မရှိသည့်အပြင်၊ စစ်အုပ်စု၏ အကြီးမားဆုံး နိုင်ငံခြားဝင်ငွေရရှိရာ အရင်းအမြစ်များကို ပစ်မှတ်ထားရန်အတွက်လည်း ပျက်ကွက်ခဲ့ကြသည်။
တရုတ်သာမက ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူနှင့် မလေးရှားတို့ အပါအဝင် မြန်မာနိုင်ငံအား ပြစ်တင်ရှုတ်ချခဲ့ကြသည့် နိုင်ငံများမှ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီကြီးများ ပါဝင်နေကြသော၊ အများစုက သယံဇာတထုတ်ယူမှုဖြစ်သည့် ဖက်စပ်လုပ်ငန်းများမှတစ်ဆင့် ကြီးမားများပြားလှသည့် ဝင်ငွေများက ဒေါ်လာ၊ ယူရိုနှင့် အခြားငွေကြေး ပုံစံများဖြင့် စစ်အုပ်စုထံ စီးဝင်နေကြဆဲ ဖြစ်သည်။
စစ်အုပ်စုအတွက် လုပ်ငန်းတစ်ခုတည်းမှ အများဆုံး နိုင်ငံခြားဝင်ငွေရရှိရာ ရင်းမြစ်ဖြစ်သည့် သဘာဝဓာတ်ငွေ့မှ ဝင်ငွေများ လွှဲပြောင်းရရှိမှုကို မကြာသေးမီကမှ အမေရိကန်က ပစ်မှတ်ထား လာခဲ့သော်လည်း၊ ယခုအချိန်အထိ ထိရောက်မှုရှိစွာ ပိတ်ဆို့ခြင်းမျိုး မရှိသေးပေ။ စစ်တပ်၏ လေယာဥ်လောင်စာဆီ ဝယ်ယူရရှိမှုအပေါ် ကန့်သတ်ချက်များကို အားကောင်းလာစေပြီး ပိုမိုတင်းကျပ်စွာ လိုက်နာကျင့်သုံးရန်လည်း လိုအပ်နေသေးသည်။
ဒေါ်လာနှင့် ယူရိုတို့ဖြင့် ပေးဆောင်ရသော သယံဇာတထုတ်ယူမှုမှ ရရှိလာသည့် ဝင်ငွေများကို ပိတ်ဆို့ရာတွင် ပိုမိုထိရောက်မှုရှိသည့် ကြိုးပမ်းလုပ်ဆောင်မှုများက၊ စစ်အုပ်စု၏ နိုင်ငံခြားဝင်ငွေကို ထူးခြားသိသာစွာ လျှော့ချပစ်နိုင်မည် ဖြစ်သည်။ အခြားသော ဖောက်သည်များအတွက် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေ လွှဲပြောင်း မှုများကို လုပ်ဆောင်နိုင်ရန် နိုင်ငံတကာဘဏ် အများစုအနေဖြင့် အမေရိကန်နှင့် အီးယူတို့က ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ခြင်းကြောင့် – ဤကဲ့သို့သော ကြိုးပမ်းမှုများက အခြားသောငွေကြေးများဖြင့် စစ်အုပ်စုထံ လွှဲပြောင်းပေးပို့မှုများကိုလည်း လျှော့ချပေးနိုင်ဖွယ် ရှိသည်။
မြန်မာစစ်တပ်အနေဖြင့် စီးပွားရေးအရ ဆိုးရွားပြင်းထန်သည့် ထိခိုက်နာကျင် ဖြစ်ရမှုမျိုးကို မကြုံခဲ့ရဖူးချေ။ ၎င်း၏ အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ကုလသမဂ္ဂတို့၏ တောင်းဆိုမှုများကို စစ်အုပ်စုက အဘယ်ကြောင့် ဤမျှအထိ ပြောင်ပြောင်တင်းတင်း ဖီဆန်နေနိုင်ခဲ့သနည်းဆိုသည်ကို တစ်စုံ တစ်ယောက်က တွေးမြင်ကြည့်မိခဲ့ပါသလား။ စည်းလုံးမှုမရှိဘဲ တကွဲတပြားဖြစ်နေသည့် အာဆီယံက စစ်အုပ်စုအား ပြောင်းလဲလာစေရေး တွန်းအားပေးရန် မျှော်လင့်နေခြင်းက အဓိပ္ပာယ်ရှိပါသလား။
မြန်မာစစ်တပ်အား ၎င်တို့၏ အမူအကျင့်များ ပြောင်းလဲလာစေရေး တွန်းအားပေးရန်အတွက် ထိရောက်သည့် အရေးယူလုပ်ဆောင်မှုများ ချမှတ်လုပ်ဆောင်ရန်မှာ အချိန်မနှောင်းသေးပေ။ ထိုသို့လုပ်ဆောင်ရန်အတွက် ရိုးရှင်းစွာပင် နိုင်ငံရေးအရ ဆန္ဒရှိရန်သာ လိုအပ်သည်။ မြန်မာပြည်သူလူထုက ယခုတိုင် အလျှော့ပေးခြင်း မရှိကြပေ။ ကျန်ရှိနေသည့် ကမ္ဘာကလည်း လက်လျှော့မှု မပြုသင့်ကြပေ။
ကံ့ကော်ဖြူ ဆီလျော်အောင် ဘာသာပြန်သည်။ – Getty Images