PDF များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူတာဝန်ခံမှုကို အာမခံပေးရန် ညီမျှခြင်းမြန်မာမှ NUG ကိုအကြံပြု
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၈ ရက်၊ ၂၀၂၃။
NUG ၏ ထိန်းကွပ်မှုအောက်မှာ ရှိတဲ့ PDF များနည်းတူ NUG ၏ ထိန်းကွပ်မှုအောက်မှာ မရှိတဲ့ PDF တွေကိုပါ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဥပဒေများအား ချိုးဖောက်ကြောင်း စွပ်စွဲခံရပါက အရေးယူဆောင်ရွက်ခြင်းနှင့် တာဝန်ယူမှု၊တာဝန်ခံမှုအတွက် အာမခံပေးနိုင်ရန် ညီမျှခြင်းမြန်မာ (Equality Myanmar ) ၏ အစီအရင်ခံစာတွင် NUG ကို အကြံပြုထားပါတယ်။
ညီမျှခြင်းမြန်မာ၏ “ရန်ငြှိုးဖွဲ့ချေမှုန်းခံနေရသည့် အရပ်သားပြည်သူများ”(Revenge against the people) အစီရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲ ယနေ့ သြဂုတ်လ (၂၈)ရက်မှာ ကျင်းပခဲ့ရာတွင် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်ပါတယ်။
ထိုအစီအရင်ခံစာထဲတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လအကြားတွင် စစ်တပ်နှင့် ၎င်း၏ အပေါင်းအပါများ ကျူးလွန်ခဲ့သော ဖြစ်စဉ်ပေါင်း ၄၄၁ ခုကို မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် သေဆုံးခဲ့ရသော အရပ်သားပြည်သူ ၁၃၆၃ ဦး ရှိခဲ့ကြောင်း ညီမျှခြင်းမြန်မာရဲ့ အစီအရင်ခံစာ အရသိရပါတယ်။
သေဆုံးသူ ၁၃၆၃ ဦးထဲတွင် အမျိုးသား ၇၄၈ ဦး၊ အမျိုးသမီး ၁၄၃ ဦးနှင့် ကလေးသူငယ် ၉၆ ဦးပါဝင်ပြီး သတ်ဖြတ်ခံရသူ များထဲတွင် မသန်စွမ်းသူများမှာလည်း ၁၀ဦး အထိပါဝင်ကြောင်း သိရပါတယ်။
သတ်ဖြတ်မှုများမှာ သေနတ်ဖြင့် ပစ်သတ် ခြင်း၊ မီးရှို့ခြင်း၊ ခေါင်းဖြတ်ခြင်း၊ လက်နက်ကြီး ထိမှန်ခြင်းနှင့် မုဒိမ်းပြုကျင့် သတ်ဖြတ်ခြင်းစသည့် နည်းလမ်းများဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
ထို ပြစ်မှုများ၏ အများစုကို စစ်ကောင်စီနှင့် ၎င်း၏ ဆက်စပ်အဖွဲ့အစည်းများမှ ကျူးလွန်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ကျူးလွန်ထားတဲ့ ပြစ်မှု ၂လည်း ခု ပါဝင်ကြောင်း အစီအရင်ခံစာ၏ ဖော်ပြချက်အရ သိရပါတယ်။
” စုဆောင်းရရှိထားတဲ့ အချက်အလက်တွေကို လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ဆက်ပြီး တင်ပြသွားမှာ ဖြစ်ပါတယ် ” လို့ ညီမျှခြင်းမြန်မာမှ ပြောပါတယ်။
အဆိုပါအစီအရင်ခံစာထဲမှာ အာစီယံအဖွဲ့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ NUG နှင့် တိုင်းရင်းသား တော်လှန်ရေး အင်အား စုများကိုလည်း အကြံပြုချက်များထည့်သွင်းဖော်ပြထားပါတယ်။
ထို့အပြင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အရပ်သားများနှင့်လူမှုအသိုင်းအဝိုင်းများအပေါ် ထိခိုက်သက်ရောက်ခဲ့မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ် တစ်ခုကို ကြိုတင်ပြင်ဆင်ထားဖို့ NUG နှင့် တော်လှန်ရေးအင်အားစုများကိုလည်း အစီအရင်ခံစာထဲတွင် ထည့်သွင်း အကြုံပြုထားပါတယ်။