သတင်း

အလုပ်အကိုင်ရှားပါးမှုကြောင့် နေ့စားအလုပ် ရရှိနိုင်ဖို့ မသေချာပေမယ့် နေ့စဉ် စောင့်မျှော်နေရတဲ့ ရိုဟင်ဂျာ မွတ်ဆလင် နေ့စားအလုပ်သမားများ

အလုပ်အကိုင်ရှားပါးမှုကြောင့် နေ့စားအလုပ် ရရှိနိုင်ဖို့ မသေချာပေမယ့် နေ့စဉ် စောင့်မျှော်နေရတဲ့ ရိုဟင်ဂျာ မွတ်ဆလင် နေ့စားအလုပ်သမားများ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၂၈ ရက်၊ ၂၀၂၃။
 
ရခိုင်ပြည်၊ စစ်တွေမြို့ စစ်တွေက္ကသိုလ် သွားလမ်း‌(ရထားလမ်း) အနီးတွင် ရိုဟင်ဂျာ မွတ်ဆလင် တွေဟာ ငါးယောက်တစ်စု၊ ဆယ်ယောက်တစ်စု စုဝေးပြီး ထိုင်နေတာတွေကို တွေ့ရပါတယ်။
 
အကုန်လုံးတော့ ထိုင်နေတာမဟုတ်ဘူး။ မတ်တပ်ရပ်သူရပ်၊ လမ်းလျှောက်တဲ့သူတွေကလည်း လျှောက်နေကြတာပါ။
 
ရထားလမ်းအနီးတွင် ဆိုင်ကယ်၊ ကားစတဲ့ ယာဉ်တစ်စီးရပ်လိုက်တာနဲ့ သူတို့တွေ ပြေးလာကြပြီးတော့ ” အလုပ်သမားလာခေါ်တာလားဆိုတဲ့ ” မေးခွန်းတွေဟာ သူတို့ ပါးစပ်ထဲက အလုအယက် ထွက်လာ ကြတာပါပဲ။ အဲ့ဒီသူတွေကတော့ နေ့စားအလုပ်သမား ရိုဟင်ဂျာ မွတ်ဆလင်တွေပဲဖြစ်ပါတယ်။ သူတို့တွေဟာ စစ်တွေမြို့တွင်းထဲက သူတို့ကို အလုပ်လုပ်ဖို့အတွက် ခေါ်လာမယ့်သူတွေကို စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။
 
” ကျနော်တို့ကို အလုပ်လုပ်ဖို့အတွက် လာခေါ်မယ့်သူတွေကို စောင့်နေတာပါ။ အလုပ်က နေ့တိုင်းလုပ် ရတာမဟုတ်ဘူး။ မြို့ထဲက သူတွေ လာခေါ်မှပဲ ကျနော်တို့က လုပ်ရတာပါ” လို့ အလုပ်ကို စောင့်မျှော် နေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်လူမျိုး ဦးမောင်လှမြင့်က ပြောပါတယ်။
 
အဆိုပါ နေ့စားလုပ်သား ရိုဟင်ဂျာ မွတ်ဆလင်တွေမှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်း နောက်ပိုင်းကနေ စားရေးသောက်ရေး တွေဟာ အရင်ကထက် ပိုမိုခက်ခဲကျပ်တည်း လာခဲ့တယ်လို့ ဆိုပါတယ်။
 
သူတို့တွေဟာ မြို့ထဲသို့ အလုပ်လုပ်ဖို့ ဝင်လာတဲ့အချိန်တွေမှာလည်း ငွေ‌ကြေးအခက်အခဲတွေရှိနေပြီး၊ အလုပ်မလုပ်ရတဲ့ နေ့တွေ များလာတယ်ဆိုရင်လည်း ထမင်းငတ်ရတာတွေရှိတယ်လို့ နောက်ထပ် နေ့စားလုပ်သား ရိုဟင်ဂျာ မွတ်ဆလင် အမျိုးသားတစ်ယောက်က ပြောပါတယ်။
 
” ကျနော်တို့ကို မြို့ထဲက အလုပ်လုပ်ဖို့ ခေါ်လာတယ်ဆိုလို့ရှိရင် ကျနော်တို့က လိုက်သွားတယ်။ အလုပ် ပြီးသွားတဲ့အချိန်တွေမှာ သတ်မှတ်ထားတဲ့ ဈေးကို မပေးတဲ့သူတွေလည်းရှိတယ်။ သတ် မှတ်ထားတဲ့ ဈေးထက် ပိုပေးတဲ့သူတွေလည်းရှိတယ်။ အလုပ်က နေ့တိုင်းကျတာမဟုတ်ဘူး။ မြို့ထဲကလူတွေက အလုပ်လုပ်ဖို့အတွက် လာမခေါ်တဲ့ နေ့တွေများလာရင် ကျနော်တို့မှာ စားရေး၊ သောက်ရေးတွေက အခက်အခဲရှိတယ်” လို့ ဆိုပါတယ်။
 
နေ့စားအလုပ်တစ်ခုရဖို့အတွက် စောင့်မျှော်နေကြသူတွေထဲတွင် ဘုမေကျေးရွာက ရိုဟင်ဂျာ မွတ် ဆလင်တွေ အပြင် စစ်တွေမြို့နဲ့ အလှမ်းဝေးကွာလှတဲ့ ဘောဒူဖ၊ အုန်းတောကြီးစတဲ့ ကျေးရွာ တွေကလည်း ပါဝင်ပါတယ်။
 
အလုပ်ရှင်တွေ လာခေါ်မှာကို စောင့်မျှော်နေကြသူတွေထဲတွင် အသက် ၂၀ ဝန်းကျင်လူငယ်တွေကအစ အသက် ၄၀ ကျော် အရွယ်အထိပါဝင်ပါတယ်။
 
နေသာတဲ့ နေ့တွေမှာ သူတို့တွေဟာ သစ်‌ပင်တွေအောက်ထဲမှာ အရိပ်ခိုကြပေမယ့် မိုးရွာတဲ့ နေ့တွေမှာ ဆိုရင် သူတို့မှာ ပါလာတဲ့ ထီးကျိုး၊ ထီးပျက်တွေနဲ့ တစ်ကိုယ်စာ မလုံတလုံဆောင်းရင်း အလုပ်ရှင်တွေ အလာကို စော်မျှော်နေရတာပါပဲ။ ဒါပေမဲ့ တချို့နေ့ရက်တွေမှာဆိုရင် မနက် ၈ နာရီကနေ ညနေ ၅ နာရီ လောက်ထိ စောင့်မျှော်နေခဲ့ပေမယ့် အလုပ်ရှင်တွေ တစ်ဦး၊ တစ်ယောက်မှ မပေါ်လာတဲ့အတွက် သူတို့ ဟာ လက်ဗလာနဲ့ အိမ်ပြန်ကြရတာပါပဲ။
 
ဒါတွေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်အကိုင် ရှားပါးမှုနဲ့ ကုန်စျေးနှုန်း မြင့်မားမှုတွေကြောင့် ရခိုင်ဒေသအပါအဝင် တပြည်လုံးက ပြည်သူတွေဟာ အခုလို ခက်အခဲမှုများစွာကို ကြုံတွေ့နေကြ ရတာပါ။
 
ဒါပေမယ့် ရခိုင်ဒေသမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က မိုခါမုန်းတိုင်း ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးနောက် ထိခိုက်ပျက်စီးသွားတဲ့ ဒေသတွေကို ပြန်လည်ထူထောင်နိုင်ရေးအတွက် တနိုင်တပိုင် ကိုယ်ထူကိုယ်ထ ရုန်းကန် ကြိုးစားနေကြရဆဲ ဖြစ်ပါတယ်။
 
ဓါတ်ပုံ – CJ

Related Articles

Back to top button