သတင်း

စစ်ကောင်စီ အဓိက ထောက်တိုင် BGF ဗိုလ်စိုးဝင်း နှင့် အမျိုးသမီးတစ်ဦး စီးလာသောကား တိုက်ခိုက်ခံပြီး နှစ်ဦးစလုံး သေဆုံး

စစ်ကောင်စီ အဓိက ထောက်တိုင် BGF ဗိုလ်စိုးဝင်း နှင့် အမျိုးသမီးတစ်ဦး စီးလာသောကား တိုက်ခိုက်ခံပြီး နှစ်ဦးစလုံး သေဆုံး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၄ ရက်၊ ၂၀၂၃။

ကျိုက်ထိုမြို့နယ်အတွင်း နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သူ BGF ဗိုလ်စိုးဝင်း နှင့် အမျိုးသမီးတစ်ဦး စီးနင်းလာသော ကားအား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ (၂) ဦးစလုံး နေရာတွင် ပွဲခြင်းပြီး သေဆုံး ခဲ့တယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။

BGF မှ ဗိုလ်စိုးဝင်း စီးနင်းလာသော Mark 2 ကား အဖြူရောင်အား ဒီကနေ့ မနက် ၇ နာရီ မိနစ် ၃၀ ခန့် အချိန်တွင် ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအရောက်တွင် ကျိုက် ထို တော်လှန်ရေးအင်အားစု – KRF နှင့် ဝေါမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့မှ စောင့်ကြို တိုက်ခိုက် ခဲ့ကြတာလို့ ဆိုပါတယ်။

“ ပစ်ခတ်မှုက ငါးမိနစ်လောက်ပဲကြာတယ်၊ ဒီကောင်ပြန်တောင် မပစ်နိုင်ဘူး၊ ကားက လမ်းဘေးကို ထိုးကျသွားတယ်၊ သွားစစ်ကြည့်တော့ အသက်မရှိတော့ဘူး ဒီကောင့်သေနတ်တွေနဲ့ ဖုန်းတွေကို သိမ်းယူခဲ့တယ်။ ” လို့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးမှ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွင် ကားပေါ် ပါသူ နှစ်ဦးစလုံး နေရာတွင်ပွဲခြင်းပြီးသေဆုံးခဲ့ပြီး သေနတ် (၂) လက်၊ လက်ကိုင်ဖုန်း နှစ်လုံး ၊ BGF တပ်ဖွဲ့ဝင် စီစစ်ရေးကတ် ၊ မှတ်ပုံတင် နှင့် ယဉ်မောင်းလိုင်စင် တို့အား သိမ်းဆည်းရရှိခဲ့ပြီး ပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

ဗိုလ်စိုးဝင်းအား ကျိုက်ထိုမြို့နယ်တွင် ကိုယ်တိုင်လောင်းကစားဝိုင်းများ ပြုလုပ်ကာ ၎င်းပြုလုပ်သော လောင်းကစားဝိုင်းများကို စစ်ကောင်စီ ‌လက်အောက်ခံ ရဲများအား သတင်းပေးကာ ပြန်လည် ဖမ်းဆီးခိုင်းခြင်း၊ တောင်ပိုင်းရပ်ကွက် အသုဘအိမ်တွင် လူငယ်တစ်ဦးအား သေနတ်ဖြင့် ပစ်ခက် သတ်ဖြတ်ခဲ့ခြင်း၊ တရားမဝင် ကားမှောင်ခိုလုပ်ငန်းလုပ်ကိုင်ခြင်း၊ စကစလက်အောက်ခံ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီနှင့် ပူးပေါင်းကာ သောင်နုမြေ ဧက ၃၀၀ အား သိမ်းယူခြင်းနှင့် ရွာသားများထံမှ လယ်မြေများအား ခြိန်းခြောက်ကာ ဈေးနှိမ်ဝယ်ယူခြင်း၊ ကျေးရွာများတွင် လျှပ်စစ် မီးဖြတ်တောက်ခြင်းနှင့် စကစ အတွက် မီတာခများ ရရှိအောင် ဆောင်ရွက်ခဲ့ခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် ဖမ်းဆီးရိုက်နှက် ခြိန်းခြောက်ခြင်း၊ တက်ကြွ လှုပ်ရှားသူများအား သတင်းပေး ထောက်လှမ်းကာ ဖမ်းဆီးခိုင်းခြင်း စသည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ပြီး စစ်ကောင်စီ၏ အကြီးစား ထောက်တိုင်တစ်ခု ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရခြင်း ဖြစ်တယ်လို့ KRF က ထုတ်ပြန် ထားပါတယ်။

ဓါတ်ပုံ – KRF | BGF ဗိုလ်စိုးဝင်းဆီက သိမ်းဆည်းရတဲ့ လက်နက်ငယ်များနဲ့ သက်သေခံကဒ်။

Related Articles

Back to top button