အမျိုးသားလူထုနှင့် ဖက်ဆစ်ဝါဒ ကို ပိုင်းခြားရှုမြင်ခြင်း
စည်းနရီ | အတွေးအမြင်
အမျိုးသားရေးဝါဒကို ဖက်ဆစ်ဝါဒဟု ရေးသားဖော်ပြသောစာတွေ တွေ့လာရပါသည်။ အိုင်ဒီယိုလော်ဂျီကို လေ့လာသည့်အခါ ကိုယ်ရပ်သည့်ဘက် တဘက်တည်းက ရေးသောစာများသည် အမြင်မှောက်မှား နိုင်ငံရေးကို ခြောက်ခြားစေနိုင်သည်။ ထို့ကြောင့် အမျိုးသားရေးဝါဒနဲ့ ဖက်ဆစ်ဝါဒကို ခွဲခြားပြောဖို့ရန်အရေး ဒီစာကို ရေးပါသည်။
အမျိုးသားရေးဝါဒဆိုသည်မှာ လူမျိုး၊ လူထု၊ အမျိုးသားထု (Nation) တခုသည် လူတယောက်၏ အသွင်သညာ (identity) ဖြစ်တည်မှုအတွက် အခြေခံဖြစ်ကာ အရေးပါသည့်အစိတ်အပိုင်းတခုဖြစ်သည်ဟု ယူဆသော အယူအဆဖြစ်သည်။ ပထမဆုံး Nation ဆိုသည့်သဘောကို အကောက်ယူပြောပါမည်။ Nation ကို သိမှသာ Nationalism ကို ခွဲခြားနားလည်နိုင်မည် ဖြစ်သည်။
Nation ဆိုသောစကားသည် လက်တင်စကား Natio မှလာသည်။ သူနှင့်ဆင်တူသောစကားမှာ ဂရိစကား Ethnos ဖြစ်သည်။ “မွေးသည်” ဆိုသော အဓိပ္ပာယ်မျိုးကိုဖြစ်သည်။ ပြင်သစ်စကားလုံးဟောင်း Nacion ဆိုသည်မှာ မွေးခြင်း၊ အဆင့်သတ်မှတ်ခြင်း၊ မျိုးဆက်၊ အမျိုးအစားခွဲခြင်း၊ နိုင်ငံ၊ ဇာတိမြေစသည့် အဓိပ္ပာယ်များကိုဆောင်သည်။ Ethnikos ဆိုသည့် ဂရိစကားမှာ အယူအစွဲ တမူကွဲကာ ထူးသူများ၊ ယဉ်ကျေးမှုနှင့် ထုံးတမ်းကွဲသူများ၊ အစုစုဖြင့်နေထိုင်သောလူများ စသည့် သဘောများကို ဆိုလိုသည်။
လက်ရှိခေတ်တွင် မြန်မာလို Nation ကို အမျိုးသား၊ အမျိုးသားလူထု၊ လူမျိုး၊ နိုင်ငံ စသည်ဖြင့် ဘာသာပြန်တတ်သည်။ National ကို အမျိုးသားအဆင့်၊ နိုင်ငံအဆင့်ဟု ဘာသာပြန်တတ်သည်။ Ethnic ကို တိုင်းရင်းသား၊ လူမျိုး စသည်ဖြင့် ဘာသာပြန်တတ်သည်။ ယခုစာတွင် မှန်ကန်သောဘာသာပြန်မှုကို ဦးတည်ဆွေးနွေးပါမည်။
United Nations ကို ကုလသမဂ္ဂဟု ဆိုသည်။ ကုလ ဟူသည် အမျိုးကောင်းသားများဖြစ်သဖြင့် အမျိုးကောင်းသားများ၏အစုအဖွဲ့ဟူသော သဘောဖြစ်သည်။ သို့သော် လက်တွေ့တွင် နိုင်ငံများက စုဖွဲ့နေခြင်းဖြစ်သည်။ အမျိုးသားလူထုအစုံပါသော နိုင်ငံသည်လည်း ကိုယ်စားပြုမှုတခုသာရသည့် နိုင်ငံခေါင်းဆောင်များက စေလွှတ်စုဖွဲ့သော အစုအဖွဲ့ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကို United States ဟုခေါ်ပြီး တိုက်ရိုက်ဘာသာပြန်လျှင် ညီညွတ်သောနိုင်ငံများဟုပင် ဘာသာပြန်ရပေမည်။
တကယ်က နိုင်ငံရေးဝေါဟာရများသည် နိုင်ငံပေါ်မူတည်၍ အယူအဆအနည်းငယ် ကွာသွားတတ်သည်။ ဥရောပတွင် နိုင်ငံတော်တော်များများမှာ မကွဲပြားလှသော လူမျိုးတမျိုးတည်းသာရှိသော နိုင်ငံများဖြစ်သည်။ ဥပမာ ဂျာမဏီ၊ ပြင်သစ်နိုင်ငံများကဲ့သို့ လူမျိုးတခုတည်းက အလွန်များပြားကြီးစိုးသော နိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများတွင် အမျိုးသားအဆင့်နှင့် နိုင်ငံတော်အဆင့်ဟူသောစကားအသုံးအနှုန်းသည် အလွန်မကွာခြားလှပေ။ ထို့ကြောင့် United Nations ဆိုသောစကားတွင် ပါဝင်သော “နေးရှင်း” သည် နိုင်ငံတခု၏ လူထုတခုလုံးကိုပင် ခြုံငုံကာ ခေါ်သောသဘောမျိုးဖြစ်သည်။
လူမျိုးတမျိုးမကသော နိုင်ငံများလည်းရှိသည်။ ဥပမာအားဖြင့် ဆိုဗီယက်ရုရှားကဲ့သို့သောနိုင်ငံများသည် လူမျိုးတမျိုး၊ အမျိုးသားလူထု တခုမကသောနိုင်ငံများဖြစ်သည်။ ချင်မင်းဆက်တရုတ်နိုင်ငံ၊ ဆိုဗီယက်ရုရှ၊ ယူဂိုဆလားဗီးယား၊ ဗြိတိသျှလက်အောက်ကအိန္ဒိယနိုင်ငံအားလုံးသည် အမျိုးသားလူထုတခုမကပါဝင်သော နိုင်ငံများဖြစ်ပြီး ကွဲထွက်ခြင်းဖြင့် အဆုံးသတ်ကြသည်က များသည်။ မကွဲထွက်သောနိုင်ငံများအတွက် နည်းနာ နှစ်ခုရှိသည်။ တခုက နိုင်ငံအတွင်းရှိ လူမျိုး (Nations) များကို လူမျိုးစု (Ethnic) များအဖြစ် လျှော့ချလိုက်သည့်နည်းဖြစ်သည်။ ထိုအခါ Multiethnic, Multicultural ဟူ၍ ပြောလာကြသည်။
အမေရိကန်ကဲ့သို့ နိုင်ငံများမှာမူ တမူထူးသည်။ သူတို့နိုင်ငံမှာ ကမ္ဘာအရပ်ရပ်မှ ရွှေ့ပြောင်းလာသူများ၏နိုင်ငံဖြစ်သည်။ ထိုနိုင်ငံများမှာ Melting Pot စွတ်ပြုတ်အိုးသဖွယ် ဖြစ်ကြသည်။ မူလရှိသော ဌာနေတိုင်းရင်းသားများကို ဖိနှိပ်ထားကာ ရောက်လာသောအခြားနိုင်ငံများတွင် မွေးဖွားလာကြသူများက သူတို့ယဉ်ကျေးမှုများကို အမေရိကန်ယဉ်ကျေးမှုအတွင်း ပျော်ဝင်စေကြပြီး ပေါင်းစည်းသွားသည်။
ထို့ကြောင့် အချို့သောအမေရိကန်နိုင်ငံ၏ မူဝါဒများသည် အခြားနိုင်ငံများနှင့် မတူညီနိုင်သည့်လက္ခဏာရှိသည်။ အမျိုးသားစုံရှိသော အချို့နိုင်ငံများက စွတ်ပြုတ်အိုးသဖွယ် အားလုံးကို ရောကျိုမနေပဲ အသီးအရွက်သုတ် (Salad Bowl) ကဲ့သို့ စုံလင်သလိုထင်ရှားကွဲပြားနေသည့်ပုံကို ဖော်ပြကြသည်။ ထို့ကြောင့် နိုင်ငံများတွင် ရံဖန်ရံခါ Nation ဟုလည်းကောင်း၊ Ethnic ဟုလည်းကောင်း၊ Race ဟုလည်းကောင်း သုံးနှုန်းခြင်းသည် နိုင်ငံကိုလည်းကောင်း၊ လူမျိုးကိုလည်းကောင်း၊ လူမျိုးစုကိုလည်းကောင်း ခေါ်ဝေါ်ခြင်းဖြစ်နိုင်သည်။ စာဖတ်သောအခါ မည်သည့်အရာကို ဆိုလိုသနည်းဆိုသည်ကို အသေအချာ ခွဲခြားဖတ်ရန်လိုပါသည်။
ယခုဆက်လက်ကာ နိုင်ငံရေးဆွေးနွေးမှုအဖြစ် Nation နှင့် Ethnic ကို ခွဲခြားဖော်ပြပါမည်။
လတ်တလောက စာတမ်းတခုတွင် ဖတ်လိုက်ရသည်မှာ Nation အား သီးခြားအဓိပ္ပာယ်ဖွင့်ဆိုချက် သေချာမရှိပဲ State ကတော့ သေချာရှိသည်ဟု ရေးထားသည်။ ထိုဖော်ပြချက်က အတိုင်းအတာ တစ်ခုအထိ မှန်သည်။ လက်ရှိတွင် နိုင်ငံတနိုင်ငံအတွင်းရေးကို အခြားနိုင်ငံက ဝင်မရှုပ်ရေးမူဝါဒကြောင့် နိုင်ငံတစ်နိုင်ငံဆိုတာ ဘာလဲဆိုသည့် သတ်မှတ်ချက်လိုသည်။ မွန်တီဗီဒီယိုညီလာခံက ခေတ်သစ်နိုင်ငံတနိုင်ငံတွင် အမြဲနေသောလူထု၊ သတ်သတ်မှတ်မှတ်မြေ၊ အစိုးရ နှင့် နိုင်ငံခြားဆက်ဆံရေးလုပ်နိုင်သည့်စွမ်းရည်ဟူသော အချက်များ ရှိရမည်ဟု သတ်မှတ်သည်။ သို့သော် အမျိုးသားလူထုဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသလဲဆိုသည့်ကိစ္စကိုမူ ပညာရှင်များက အမျိုးမျိုးဖွင့်ဆိုကြသည်။
အဘယ်ကြောင့်ဆိုသော် အမျိုးသားလူထုဆိုသည်မှာ နိုင်ငံကဲ့သို့ ဥပဒေဖြင့် တည်ဆောက်ထားသော အရာမဟုတ်ပေ။ သမိုင်းအထိုင် ယဉ်ကျေးမှုအခြေခံဖြင့် စိတ်ချင်းဆက်သွယ်ထားသောလူထုကြီး (Psychosocial ground) ဖြစ်သည်။ သို့ဖြစ်၍ ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးကို ကြည့်ပြီး သတ်သတ်မှတ်မှတ်မရှိဟု ပြောဆိုခြင်းသည် အပြည့်မမှန်ပေ။ သစ်ပင်ကို လူအမျိုးမျိုး၊ ဘာသာရပ်အမျိုးမျိုးက အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြနိုင်သော်လည်း သစ်ပင်ကို လူတိုင်းသိကြသည်မဟုတ်လား။ ပညာရပ်ဆိုင်ရာနှင့် တိုက်ဆိုင်မသိသည့်တိုင်အောင် သစ်ပင်ကိုတော့ လူတိုင်းပြနိုင်ကြလေသည်။
- Ethnic (လူမျိုးစု) – ပထမဆုံး လူမျိုးစုဆိုသောစကားကို Ethnic ဟု ဘာသာပြန်ကြပါစို့။ လူများစွာသည် မိမိတို့၏ အမျိုးအဆွေကို အခြေခံသော ယဉ်ကျေးမှုအမှတ် သင်္ကေတများ ရှိကြသည်။ ထိုသင်္ကေတများ ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန် မျှော်လင့်ချက်ရှိကြသည်။ ယဉ်ကျေးမှုသည် အင်စတီကျူးရှင်း (ဉာဏအဆောက်အအုံ) များအနက်မှ တခုဖြစ်သည်။ ယဉ်ကျေးမှုများကို မွေးဖွားသည့်ကာလမှပင် သင်ယူရရှိကြသည်။ ရှင်သန်ကြီးပြင်းလာခဲ့သည့် ဘဝမှသင်ယူခဲ့ရသည့် ယဉ်ကျေးမှုတရပ်ကိုအခြေခံကာ မိမိ၏ဘဝပုံစံ၊ လူအများနှင့် ဆက်ဆံသည့် ပုံစံစသည်တို့ ဖွံ့ဖြိုးပြောင်းလဲ စေသည်။
- Indigenous (ဌာနေတိုင်းရင်းသား) – ဒေသတခုတွင် ကြာမြင့်စွာနေထိုင်ခဲ့ကြပြီး ဘဝနေထိုင်မှုနှင့် ကိုးကွယ်ယုံကြည်မှုများက ထိုဒေသနှင့် တွယ်စပ်ကပ်ငြိနေသည့် လူနည်းစုကိုမူ ဌာနေတိုင်းရင်းသားဟုဆိုသည်။ ဌာနေတိုင်းရင်းသားများသည် အထွတ်အမြတ်ထားကြသော တောင်တန်း၊ တောအုပ်၊ မြေ၊ ရေ နေရာများလည်း ရှိတတ်သည်။ သူနှင့် ခပ်ဆင်ဆင်တူသောသဘောရှိသည့် “တိုင်းရင်းသား”ဆိုသော စကားလုံးသည်လည်း ၁၉၂၀ နောက်ပိုင်း ဂျီစီဘီအေအသင်း ဝံသာနုလှုပ်ရှားမှုများမှ ပိုမိုလူသုံးများလာသည်။ တိုင်းရင်းသားလူမျိုးများဆိုသော စကားအသုံးအနှုန်းသည် မြန်မာ့အသုံးအနှုန်းတွင် ရှုပ်ထွေးမှုရှိကာ ၂၀၀၈ ဖွဲ့စည်းပုံတွင်ပင် ရှင်းပြဖွင့်ဆိုခြင်း မပြုခဲ့ပေ။
- Nation (အမျိုးသားစု၊ အမျိုးသားလူထု) – အမျိုးသားစုများ၊ အမျိုးသားလူထုများသည် မည်သည့်ကာလက ပေါ်ပေါက်လာသနည်းဆိုသည့်အချက်အပေါ် အမြင်များ ကွဲပြားကြသည်။
- Primordialism ခေါ် ပဝေသဏီမှအခြေတည်ခြင်းအယူအဆအရ လူမျိုးစုများသည် လက်ရှိမြေနေရာတွင် နှစ်ပေါင်းများစွာနေခဲ့ပြီး ထိုရေမြေတို့ကို ထိုလူမျိုးစုသွေးမှ ပေါက်ဖွားလာသူများသာ ပိုင်ဆိုင်သင့်သည်ဟု ဆိုသည်။ လူဟူ၍ စဖြစ်ကတည်းက ဒီနေရာတွင် နေလာသည်ဟူသော အယူအဆမျိုးဖြစ်သည်။ ယခုခေတ် ကမ္ဘာတွင်မူ ထို Primordialism အယူအဆသည် လူမှုရေးအရ၊ မနုဿဗေဒအရ၊ မျိုးရိုးဗီဇဇီဝပညာနှင့်၊ သိပ္ပံ ပညာအရ ထောက်ခံမှုမရှိသလောက်နည်းသွားပြီဖြစ်သည်။
- Benedict Anderson က အမျိုးသားစုသည် လူသားတို့က စိတ်ကူးအခြေပြု၊ အာရုံပြုကာ တည်ဆောက်ထားသော လူ့အသိုင်းဝိုင်း၊ နိုင်ငံရေး အသိုက်အမြုံဖြစ်သည်ဟု ဆိုသည်။ စိတ်ကူးဖြင့် ဆက်စပ်ထားသော လူ့အသိုင်းအဝိုင်းဟု ဆိုနိုင်သည်။ ပုံနှိပ်အရင်းရှင်စနစ်မှတဆင့် အမျိုးသားရေးဝါဒ ပေါ်လာမှုကို ဦးစားပေးရှင်းပြသည်။ သူ့အယူအဆသည် ဥရောပဗဟိုပြုတွေးထားသည့်အတွက် ဥရောပနိုင်ငံများအတွက် မှန်သော်လည်း အခြားနိုင်ငံများအတွက် အပြည့်အဝရှင်းပြနိုင်ခြင်း မရှိပေ။ ယဉ်ကျေးမှုနှင့် ဘာသာတရားအရေးပါမှုကိုလည်း ထည့်သွင်းရှင်းပြမှုအားနည်းသည်။ အမျိုးသားရေးဝါဒများ၏ မတူညီပုံနှင့် တည်ဆောက်မှုကွဲပြားခြင်းများကို ရှင်းပြခြင်း မရှိပေ။
- Ernest Gallner ကမူ အမျိုးသားစုများသည် မော်ဒန်ကာလပေါ်အယူအဆ လူမှုရေးရာတည်ဆောက်မှု တခုသာဖြစ်သည်ဟု ဆိုသည်။ သူ့အယူအဆအရ စက်မှုတော်လှန်ရေးဖွံ့ဖြိုးမှုများနှင့်အတူ အမျိုးသားလူထုများ ဖြစ်တည်လာကြပြီး ကိုလိုနီခေတ်နှင့်အတူ ပျံ့နှံ့သွားသည်ဟု ယူဆသည်။ သူကိုယ်တိုင်၏ မိသားစုက နာဇီလက်မှ ရှောင်ပြေးခဲ့ရသူများဖြစ်သည်။ သူ့အယူအဆပြဿနာက မော်ဒန်ခေတ်သစ် လက်နက်နိုင်ငံကို အဓိကအခြေခံကျသော အမျိုးသားရေးယူနစ်အဖြစ် ယူဆခြင်းဖြစ်သလို နိုင်ငံအတွင်းမှ ကွဲပြားသွားသော လူမျိုးများ၊ ယဉ်ကျေးမှုများနှင့် သမိုင်းများကို သိပ်မခြုံငုံမိပေ။ ထို့အပြင် သူ့အယူအဆကလည်း ဥရောပကို အခြေပြုနေသော အယူအဆဖြစ်သည့်အတွက် မြန်မာအပါအဝင် အချို့နိုင်ငံများ၏ အမျိုးသားရေးစိတ်ပေါ်လာမှုကို အပြည့်အဝ မရှင်းပြနိုင်ပေ။
- Anthony D. Smith ကမူ အမျိုးသားစုသည် ရှိရင်းစွဲလူမှုရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ဖြစ်ရပ်များမှ ထွန်းကား ဖွံ့ဖြိုးလာသည့်အတွက် သင်္ကေတသဘော ဖြစ်သည်ဟု ဆိုပါသည်။ စာရေးသူကိုယ်တိုင်က Smith ကို ပိုသဘောကျသူဖြစ်သည်။ သူ့အယူအဆက အမျိုးသားလူထုများ၏ ယဉ်ကျေးမှု ကွဲပြားချက်၊ စုပေါင်းသမိုင်းကြောင်း၊ မတူညီသောဒေသများ၏ ဖြစ်တည်မှု၊ ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာ့လှိုင်းများကို ခြုံငုံမိသည့် အယူအဆဖြစ်သည်။
ပြန်ခြုံပြောရလျှင် အမျိုးသားလူထုတွေ ဘယ်လိုဖြစ်လာသလဲဟု ရှုမြင်သော ပညာရှင်များစွာရှိသည်။ သို့ရာတွင် “သစ်ပင်ဆိုတာဘာလဲ”ဆိုသည်ကို ပညာရပ်ဆိုင်ရာ ရှင်းပြဖွင့်ဆိုမှုများ မတူသည်ကိုကြည့်ပြီး “သစ်ပင်ဆိုတာဘာလဲ မသိနိုင်ဘူး” ဟု ပြောခြင်းက မသင့်တော်ပေ။ အမျိုးသားလူထုတခုသည် “စိတ်ပိုင်းဆိုင်ရာအားဖြင့် ချိတ်ဆက်နေပြီး သရုပ်သညာတူသည်ဟု ခံစားကြသော သမိုင်းတူကြသလို ဆင်တူဆက်သွယ်နိုင်သည့် ဘာသာစကားနှင့် ယဉ်ကျေးမှုဝေမျှချိတ်ဆက်လျှက်ရှိသော ဒေသတခုကို အခြေပြုသည့် လူထု” ပင်ဖြစ်သည်။
လူမျိုးစုနှင့်ယှဉ်လျှင် အမျိုးသားလူထု၏ အုပ်စုရပိုင်ခွင့်များကို မည်မျှစည်းရုံးထိန်းသိမ်းသနည်းဆိုသည့်စွမ်းရည်မှာ လွန်စွာသာလွန်မြင့်မားသည်။ ပိုမိုလွယ်ကူသည့် ဖွင့်ဆိုချက်အနေဖြင့် “အမျိုးသားလူထုဟူသည် နိုင်ငံရေးယူနစ်တခုရပိုင်ခွင့်ကို အတူတကွ ဆုပ်ကိုင်ထားသည့် လူမှုဆက်ဆံရေးဟန်ချက် (Social Harmony) ကို မျှဝေသော လူမျိုးစုတစု၊ သို့မဟုတ် တခုထက်ပိုသည့် လူမျိုးစုများ” ဟု စာရေးသူက ဖွင့်ဆိုလိုပါသည်။
- Ethnonation (လူမျိုးစုအခြေပြု အမျိုးသားစု)- လူမျိုးစုတခုသည် မိမိတို့ကိုယ်တိုင်၏ အချုပ်အခြာနှင့် ဖြစ်တည်မှုများကို သီးသန့်သိရှိပြီး အမျိုးသားစုအသိဉာဏ်အဖြင့် ဖွံ့ဖြိုးမှုအဆင့်သို့ ရောက်ရှိလာလျှင် Ethnonational ဟု ဆိုသည်။
- Nationality (လူမျိုးခံယူမှု) – လူမျိုးတခု၊ အမျိုးသားလူထု၊ အမျိုးသားစုများတွင် စိတ်နှလုံးအားဖြင့် ချိတ်ဆက်ကြသူတို့ကိုတော့ ယင်းလူမျိုး၊ သို့မဟုတ် ယင်းအမျိုးသား၊ ယင်းအမျိုးသမီး (Nationality) ဟု ခေါ်သည်။ ဥပမာ ဂျပန်လူမျိုး (Japan nationality) ၊ ရခိုင်လူမျိုး (Arakan Nationality) သဘောမျိုးဖြစ်သည်။
တလက်စတည်းပြောရမည်မှာ ယနေ့ခေတ်ကာလတွင် ပို့မော်ဒန်ဝါဒကြောင့် စကားလုံးများကို သတိပြုလာကြသည်။ Feminist များက အမျိုးသားလူထုဟုဘာသာပြန်သည့်အခါ အမျိုးသမီးများ မပါသကဲ့သို့ ဖြစ်စေသည်ဟု ဆိုသည်။ အမျိုးသားရေးသည် နိုင်ငံတခုလုံးခြုံကြည့်မှ မြင်သောအရေးမဟုတ်။ တဘက်ကလည်း Nation ကို အမျိုးသားလူထုဟု ဘာသာမပြန်ပဲ အခြားတနည်းလိုသည်ဟု ထောက်ပြကြသည်။
National ကို အမျိုးသားအဆင့်ဟု ဘာသာမပြန်ပဲ နိုင်ငံအဆင့်ဟု ဘာသာပြန်ထားသည်ကို ဖတ်ရသည်။ သို့ရာတွင် အမျိုးသားရေးသည် နိုင်ငံတခုလုံးခြုံကြည့်မှ မြင်သောအရေးမဟုတ်။ ထို့ကြောင့် အမျိုးသားအဆင့်ကို နိုင်ငံ့အဆင့်ဟု ဘာသာမပြန်ပဲ တနည်းနည်း ပြောင်းရန်အဆိုပြုဖို့ တိုက်တွန်းပါသည်။
တခါတရံ မြန်မာစကားဖြင့် ဘာသာပြန်ရသည်မှာ အဆင်မပြေသောအချိန်များရှိသည်။ အထူးသဖြင့် နိုင်ငံရေးနှင့် ဒဿနစကားများကို ပါဠိ၊ အင်္ဂလိပ်မသုံးပဲ တိုက်ရိုက်ပြန်ဆိုရ ခက်တတ်သည်။ လူမျိုးကို Nation နှင့် တိုက်ရိုက်ယူသည်မှာလည်း အမှန်တော့ ကွက်တိမကျသေး။ ဗိုလ်ချုပ်တို့ခေတ်ကတော့ လူမျိုးကြီးနှင့် လူမျိုးငယ် ဟုသုံးသည်လည်း ရှိသည်။ မြန်မာစကားတွင် လူမျိုး တရာ့တပါးဆိုသည်ကလည်းရှိသည်။ ထို့ကြောင့် လူမျိုးဆိုသည့်စကားကို စေ့စစ်ကြည့်သည့်အခါ အမျိုးအစားခွဲခြားရာတွင် သုံးစွဲသည့် အဓိပ္ပာယ်အလွှာသုံးခုရှိသည်ကို မြင်ရသည်။
ပထမအလွှာက မျိုးဆက်အလွှာဖြစ်သည်။ သွေးနှင့်ဆက်စပ်သော အမျိုးဇာတိကိုလည်း လူမျိုးဆိုသည့်အထဲ ထည့်သွင်းမှတ်ယူကြသည်။ ဒုတိယအလွှာက ဘာသာရေးနှင့်လည်း ဆက်စပ်ပြီး သုံးကြသည်။ တကယ်တမ်းတွင်တော့ အမျိုးနှင့် ဘာသာသည် ဘာမှမဆိုင်ပေ။ သို့ရာတွင် မြန်မာစကားအသုံးအနှုန်း၌ “လူမျိုးဘာသာ” ဟု သုံးတတ်သည်။ ဘာသာနှင့်လူမျိုးကို ဆက်စပ်ကာ စဉ်းစားတတ်သည့်ဉာဉ်ကလည်းရှိရာ လူမျိုးဆိုသည့်အထဲ ဘာသာတရားကလည်း အလွှာတခုအနေဖြင့် ကွယ်တတ်သည်အဓိပ္ပာယ် Subtext များအဖြစ် တွေ့ရတတ်သည်။ နောက်ဆုံးတခုက အလွှာ Class အမြင်ဖြစ်သည်။
ဗမာလူမျိုးဟုဆိုလျှင် ပိုခိုင်မာသော၊ ပိုအဆင့်မြင့်သော လူ့အလွှာ Class အမြင်ဖြင့် စကားပြောကြသည်ကိုလည်း တွေ့ရလိမ့်မည်။ တိုင်းရင်းသားလူမျိုးဟုဆိုလိုက်သည်နှင့် ဒုတိယတန်းစား လူနည်းစုအလွှာသဖွယ် ခံစားရစေသည့် ခံစားမှုဖြစ်ရသည်ကို အထူးပြောစရာမလိုပေ။ ယုတ်စွအဆုံး ဆိုကရေးတီးပြိုင်ပွဲများတွင် ဗမာ့ယဉ်ကျေးမှုကို ချီးမြှောက်မှုများ မြင်ရသလို ကျောင်းစုံညီပွဲတော်များတွင် တိုင်းရင်းသားအကသည် ဖျော်ဖြေရေးအစီအစဉ် တခုထက် မပိုပေ။
လူမျိုးကို ချစ်သောစိတ်၊ မိမိတို့နှင့် အမျိုးအစားတူသောသူတို့ကို ပိုမိုယုံကြည်သောစိတ်သည် အတင်းပြုလုပ်ကာ ပေါ်လာသောစိတ်မဟုတ်ပေ။ နမူနာတခု ပြပါမည်။ ရှေးခေတ်က မိမိတို့နှင့်မတူသောသူများကို ဖမ်းဆီးကာ ကျွန်အဖြစ်ရောင်းစားကြသူများရှိကြသည်။ အဝတ်အစားများကို ကြည့်ခြင်း၊ မုတ်ဆိတ်ကျင်စွယ်၊ ခေါင်းပေါင်း၊ ဆံပင်ပုံစံများကို ကြည့်လိုက်သည်နှင့် မိမိတို့ ယုံကြည်ရမည့်သူလား၊ ရှောင်ရမည့်သူများလား သိနိုင်ကြသည်။
မိမိနှင့် ဆင်တူသောဝတ်စားဆင်ယင်သည့်သူများသည် သာမန်အားဖြင့် မိမိတို့နှင့် ယုံကြည်မှု၊ ဘဝနေနည်း ဆင်တူကြကာ ပူးပေါင်းဆောင်ရွက်နိုင်မည့်သူများဟု မှတ်ယူနိုင်သည်။ ဆိုလိုသည်မှာ မိမိတို့၏ လူမျိုးများအဖြစ် စုဖွဲ့ခြင်းနှင့် ယဉ်ကျေးမှုများ၏ ဖွံ့ဖြိုးလာခြင်းသည် အုပ်စု၏ အသက်ရှင်ရပ်တည်မှု၊ ဖွံ့ဖြိုးမှုနှင့် ပြဿနာများဖြေရှင်းနိုင်မှုနှင့်လည်း ဆိုင်သည်။ ထို့ကြောင့် မိမိတို့လူမျိုးတွင် မိမိတို့ ပါဝင်ခြင်းနှင့် မိမိတို့ မျိုးဆက်များကို ပါဝင်စေနိုင်ခြင်းသည် အရေးကြီးသော ဘဝနေမှု တစိတ်တပိုင်းဖြစ်သည်။ လူမျိုးတွင် ပါဝင်မှုဆိုသည်မှာ လူ့သမိုင်းတလျှောက်လုံး အရေးကြီးခဲ့သည်။
တကိုယ်ရေတကာယ ပုဂ္ဂိုလ်ရေးအရ နေနိုင်ခြင်း၊ တသီးပုဂ္ဂလဝါဒ Individualism ပေါ်လာသည်မှာ မကြာသေးပေ။ အစားအသောက်ဖူလုံမှု၊ ခရစ်ယာန်ဘာသာနှင့် အရင်းရှင်စနစ်တို့၏ ပုံသွန်းလောင်းမှုများ မရှိစဉ်က လူများသည် အစုအစုများဖြင့်သာ နေခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ပုံနှိပ်အရင်းရှင်စနစ်ပေါ်လာမှ အမျိုးသားလူထုစိတ်တွေဖြစ်လာသည်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအများအပြားအတွက် မှန်ကန်ခြင်းမရှိပေ။
စင်စစ်တွင် လစ်ဘရယ်သမားတို့ အလွန်ဂုဏ်ယူသော ဉာဏ်အလင်းပွင့်ကာလကို စေ့ညက်စွာ လေ့လာလျှင်ပင် နိုင်ငံချစ်စိတ်၊ အမျိုးသားလူထုချစ်စိတ်များ အခြေခံကျကျ ပါဝင်ခဲ့သည်ကို မြင်ရလိမ့်မည်။ အမေရိကန်နိုင်ငံသည် ဗြိတိသျှတို့ကို တော်လှန်စဉ်မူလက နိုင်ငံလိုချင်စိတ်မရှိ၊ ဘုရင်ပြောင်းရုံသာဖြစ်သည်။ သို့ရာတွင် Thomas Paine ၏ Common Sense စာတမ်းကြောင့် မိမိတို့ဘာသာ နိုင်ငံထူထောင်ရန်ဖြစ်လာခဲ့သည်။
အမျိုးသားရေးစိတ်သည် ဘုရင်စနစ်များ၊ ကိုလိုနီစနစ်များ ဖြိုချခဲ့ခြင်းတို့အတွက် အရေးပါသောအခြေခံဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ မျိုးချစ်စိတ်သည် ဥရောပမျိုးချစ်စိတ် (European Nationalism) နှင့် ပုံစံမတူပေ။ ဥရောပမျိုးချစ်စိတ်နှင့် ဆင်တူသည်ဟု ပြောရနိုင်သည်မှာ မူလကရင်နစ္စတန်နိုင်ငံ တည်ထောင်ရန် ကြိုးစားစဉ်ကဖြစ်သည်။ လက်ရှိကာလ ကရင်အပါအဝင် တိုင်းရင်းသားဒေသအားလုံးက ကိုယ့်ဒေသကို ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် ပြန်ယူရန်ကြိုးပမ်းရခြင်းမှာ အဓမ္မဖိနှိပ်ခံရခြင်း၊ ဗမာစစ်တပ်၏ ရက်စက်ခြင်းနှင့် ဗမာနိုင်ငံရေးသမားများ၏ ကတိမတည်ခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်ပေသည်။ ဗမာဇာတ်သွင်းခြင်းကို တုန့်ပြန်ခြင်းဖြစ်သည်။
လူမျိုးချစ်စိတ်၏ အနှစ်သာရတွင် ယဉ်ကျေးမှုကို ကာကွယ်ဖွံ့ဖြိုးစေလိုသောစိတ်၊ ဒေသကိုမြတ်နိုးစိတ်၊ မိမိတို့ လူမှုအသိုင်းအဝိုင်းကို ကာကွယ်လိုစိတ်၊ မိမိတို့မျိုးဆက်များကို ရှင်သန်ထွန်းကားစေလိုစိတ် စသည့်စိတ်များ ပါဝင်လေသည်။ ချစ်ခြင်းတရားကို အခြေခံကာ စဉ်းစားခြင်းသာဖြစ်ပြီး အခြားလူမျိုးများကို အသားလွတ်မုန်းရန်အကြောင်း မပါချေ။
ထို့အပြင် ရှေးက လူမျိုးမင်းဆက်များနှင့် ခေါင်းဆောင်များသည် လူမျိုးရော ကပြားများ ဖြစ်ကြသည်။ သွေးရောမခံသည့် သဘောတင်းမာမှုလည်း နည်းပါးပါသည်။ အချို့စိတ်ကြီးဝင်လွန်းသော၊ လောကအခြေအနေကို နားလည်မှုလွဲမှားသော ဘုရင်အချို့သာ သွေးနှောမခံသည့်သဘော မိမိတို့အမျိုးပြန်ယူခြင်းများ လုပ်ခဲ့ကြခြင်းဖြစ်သည်။ လူမျိုးချစ်စိတ်၏ အခြေခံအုတ်မြစ်သည် မိမိတို့ဒေသနှင့် အသိုက်အမြုံကို ကာကွယ်မြတ်နိုးလိုရင်း မူလဖြစ်၏။
ဆက်လက်ပြီး ဖတ်ဆစ်ဝါဒ၊ နာဇီဝါဒနှင့် ကွဲပြားပုံကို ဆွေးနွေးပါဦးမည်။
ဖက်ဆစ်ဝါဒ၏ ဖခင်ကြီးမှာ မူဆိုလီနီဖြစ်သည်။ ဖက်ဆစ်ဝါဒတွင် အပိုင်းသုံးပိုင်းပါသည်။ ယင်းတို့မှာ မာ့စ်ဝါဒ၊ လက်နက်နိုင်ငံတော်အယူအဆ နှင့် အကြမ်းနည်းသုံးခြင်းများကို တရားဝင်မှုပေးခြင်းတို့ဖြစ်သည်။ ၂၀ ရာစုဘက်ရောက်လာသောအခါ ကွန်မြူနစ်နှင့် မာ့စ်ဝါဒသမား အများစုအနေဖြင့် နိုင်ငံတကာအလုပ်သမား တော်လှန်ရေးကြီးကို စောင့်မျှော်နေကြသလို မာ့စ်မျှော်မှန်းသလို ဖြစ်မလာရသည့်အကြောင်းအရင်းကို စောကြောကြံဆနေကြသည်။
မူဆိုလီနီသည် မာ့စ်ဝါဒနှင့် လစ်ဘရယ်ဝါဒကို ပေါင်းစပ်ရန်ကြိုးစားသူ ဖြစ်သည်။ သူ့အမြင်တွင် သမိုင်းဆိုင်ရာရုပ်ဝါဒမှ အလုပ်သမားနှင့် အရင်းရှင်ဟုခွဲခြားခြင်းသည် မှန်ကန်သောစဉ်းစားချက် မဟုတ်ပေ။ အကြောင်းရင်းတချက်မှာ ပြည်သူအချင်းချင်း ရန်တိုက်သည့်အမြင်ဖြစ်သည့်အတွက် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ဟု ရှုမြင်သည်။ မူဆိုလီနီအနေဖြင့် ၁၉ ရာစုသည် တသီးပုဂ္ဂလဝါဒခေတ်ဟု ယူဆလျှင် ၂၀ ရာစုသည် လူထုခေတ်ဖြစ်ရမည်ဟု မြင်သည်။
လူတို့သည် Class လူတန်းစားထက် သူတို့နိုင်ငံကို ပိုချစ်ကြသည်ဟု သူကယုံကြည်သည်။ ထိုအယူအဆသည် Le Bon ၏ အယူအဆဖြစ်ပြီး လူအများကို အနိုင်ရရန်လူတို့၏ စိတ်ခံစားချက်ကို ကိုင်လှုပ်နိုင်သော နားလည်ရလွယ်ကူရိုးရှင်းသည့် စကားလုံးများနှင့် ဒဏ္ဍာရီတို့ကို ပြောဆိုစည်းရုံးရန်လိုသည်ဟု ရှုမြင်ကြောင်း The Crowd စာအုပ်တွင် ဖော်ပြခဲ့သည်။
ထို့ကြောင့် မူဆိုလီနီအနေဖြင့် ဟေဂယ်၏ နိုင်ငံတော်အယူအဆနှင့် မာ့စ်၏ လူတန်းစားတိုက်ပွဲ အယူအဆတို့ကို ပြုပြင်ယူရန် ဖြစ်လာသည်။ ရှေးရိုးမာ့စ်ဝါဒမှာ ၁၉ ရာစုအစတွင် ပါးလျသွားပြီး မာ့စ်ဝါဒကိုပြုပြင်ချဲ့ထွင်သော လီနင်၊ စတာလင် ဝါဒများက ပိုထွန်းကားလာသည်။ ထိုကာလတွင်ပင် မာ့စ်ဝါဒီ George Sorel က လူထုလူတန်းစားတိုက်ပွဲအမြင်ကျဉ်းဖြင့် ကမ္ဘာကိုကြည့်ခြင်းထက် လူထုတခုလုံးနှလုံးသားကို သိမ်းကြုံးရယူနိုင်မည့် လူထုကိုဆွဲလှုပ်နိုင်သော ဇာတ်အိမ်များကို ပြောပြဖို့လိုသည်ဟု ပြောခဲ့သည်။
မူဆိုလီနီသည် ထိုစဉ်က ပညာရေးဝန်ကြီးဖြစ်သော ဂျီအိုဗာနီဂျန်တီလီနှင့်အတူ စည်းလုံးရေးအိုင်ဒီယာတခု တည်ဆောက်ခဲ့သည်။ ဖက်ဆစ်ဆိုသောစကားမှာ သစ်သားချောင်းများကို စည်းနှောင်သည့်ပုံ အီတလီစကား Fascio မှ ပေါ်လာသောစကားဖြစ်ပြီး ညီညွတ်ရေး၊ တစည်းတပေါင်းတည်းဖြစ်ရေးမူပင် ဖြစ်လေသည်။ ဟေဂယ်၏ “နိုင်ငံတော်ဟူသည် ပြည့်ဝမှုတခုဖြစ်သဖြင့် နိုင်ငံတော်ထံတွင် နိုင်ငံသားအားလုံးက သစ္စာခံယူမှုသည် နိုင်ငံသားတိုင်း၏ အမြင့်ဆုံးတာဝန်ဖြစ်သည်” ဟူသော အယူအဆကို ဆွဲသုံးကာ အီတလီနိုင်ငံတွင် လူမျိုးကွဲပြားခြင်းမရှိပဲ အီတလီလူမျိုးတခုတည်းဖြစ်ပြီး နိုင်ငံကို အသက်သွေးချွေးဖြင့် သစ္စာရှိရန် ဝါဒဖြန့်ခဲ့သည်။
ဖက်ဆစ်စနစ်သည် တော်လှန်သောစနစ်ဖြစ်သည့်အတွက် ဖက်ဆစ်စနစ်အောင်မြင်ရန် အကြမ်းနည်းများသုံးရမည်ဖြစ်ကြောင်းလည်း ဝါဒဖြန့်ခဲ့လေသည်။ သို့သော် အီတလီဖက်ဆစ်စနစ်သည် ပြည်သူများပင် ထောက်ခံမှုရှိလှသည် မဟုတ်ပေ။
ထိုဖက်ဆစ်စနစ်ကို သွေးကိုအခြေခံသည့် မျိုးဆက်ဖြင့် ချိတ်ဆက်သူမှာ ဟစ်တလာနှင့် အမျိုးသားဆိုရှယ်လစ်ပါတီ ဖြစ်သည်။ နာဇီဂျာမနီတွင် ဟစ်တလာက ဂျာမနီနိုင်ငံ၏ ကြီးကျယ်မြင့်မြတ်မှုကိုရရန် သေးနုတ်မှုများကို ဖယ်ထုတ်ပစ်ရမည်၊ နိုင်ငံ့ရန်များကို ဖယ်ထုတ်ရမည်ဟု ဆိုကာ ဂျူးများ၊ လိင်စိတ်ကွဲသူများ၊ စိတ်ရောဂါသည်များ၊ အခြားလူနည်းစုများစွာတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
ဟစ်တလာ၏ အခြားလူမျိုးများကိုခွဲခြားဆက်ဆံသော၊ အာရိယန်လူမျိုးဝါဒ၏ မူလမူဝါဒများမှာ အမေရိကန်လူဖြူမူဝါဒများကို မှီငြမ်းခြင်းဖြစ်သည့်အကြောင်း Bloodlands စာအုပ်နှင့် Hitler’s American Model စာအုပ်များတွင် ဖတ်နိုင်သည်။ စစ်တိုက်သည့်အခါမှသာ နာဇီတို့သည် ကွန်မြူနစ်များနှင့် အမေရိကန်နှစ်ခုလုံး၏ ရန်သူများ ဖြစ်သွားခြင်းဖြစ်သည်။ ထို့အပြင် အာရိယန်လူမျိုးသည် မြင့်မြတ်သည့်အတွက် နေရမည့်နယ်ပယ် ကျယ်ကျယ်လိုသည်ဟုဆိုကာ နိုင်ငံကိုလည်း ချဲ့ထွင်လေတော့သည်။
မိမိတို့အမျိုးသားလူထုကို ချစ်မြတ်နိုးသောစိတ်ဟူသည် မူဆိုလီနီနှင့် ဟစ်တလာတို့ မပေါ်ခင်ကပင် တည်ရှိခဲ့သောစိတ်များဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် နေသူများအနေဖြင့် ပိုမိုပင် သိနိုင်သေးသည်။ ရှေးပဝေသဏီကပင် မိမိတို့နှင့် စကားတူ၊ ယဉ်ကျေးမှုဆင်တူ၊ ကိုးကွယ်မှုဆင်တူသော လူမျိုးများအချင်းချင်း၊ ဘဝနေနည်းချိတ်ဆက်နေသော လူနည်းစုများ စုပေါင်းပြီး နေထိုင်ကြခြင်း၊ ကာကွယ်ကြခြင်း၊ မဟာမိတ်ပြုကြခြင်းများ ရှိခဲ့၏။
ဤနေရာတွင် မဟာမိတ်ပြုသည်ဆိုရာဝယ် အင်အားကြီး၍၊ လာတိုက်ရမည်စိုး၍ မဟာမိတ်ပြုခြင်းမျိုးကို ဆိုလိုခြင်းမဟုတ်ပဲ ယဉ်ကျေးမှုနှင့် အမျိုးတူ၍ မဟာမိတ်ပြုသည့် သဘာဝများကို ရည်ညွှန်းပါသည်။ ဆိုလိုသည်က မိမိတို့အမျိုးတူချင်း စုဖွဲ့ခြင်းသည် ကာကွယ်ရေးအတွက်၊ ဘဝနေမှုတို့ကို ထိန်းသိမ်းရေးအတွက် ဖြစ်ပေသည်။ ထိုစိတ်ဓာတ်များကို အပင်းသွင်းကာ နယ်မြေချဲ့ထွင်စိတ်၊ အမျိုးမတူသောသူများကို ရှင်းလင်းသတ်ဖြတ်လိုသည့်စိတ်များ သွင်းခဲ့သည့် နာဇီများကိုကြည့်ကာ အမျိုးချစ်စိတ်သည် ပြဿနာရှိသည်ဟု ဆိုသော် ဘာသာရေးစစ်ပွဲများကိုကြည့်ကာ ဘာသာရေးတိုင်းကို ဆုံးဖြတ်သကဲ့သို့၊ နျူးကလီးယားဗုံးကိုကြည့်ကာ သိပ္ပံပညာကို အပြစ်ဆိုကြသကဲ့သို့ပင် ဖြစ်နေပေမည်။
ထိုသို့ဆိုသောကြောင့် အမျိုးသားရေးစိတ်ကို ၁၀၀ ရာနှုန်း ရပ်တည်ကာကွယ်သည်ဟု မိမိမဆိုပါ။ စာရေးသူကိုယ်တိုင်က Communitarian အသိုက်အမြုံဝါဒီဖြစ်သဖြင့် ကျယ်ပြန့်သော နိုင်ငံကြီးတခုကို သစ္စာခံကာ လိုအပ်လျှင်အသက်ပေးရမည်ဆိုသည့် တရားကိုယ်များကို ဆန့်ကျင်သူဖြစ်သည်။ သို့သော် အမျိုးသားရေးစိတ်၏ သဘာဝစစ်စစ်နှင့် ဖက်ဆစ်တို့၏ သဘာဝစစ်စစ်များကို ခွဲသိရန်လိုသည်။
သို့မဟုတ်ပါက ရောချကာ ဖက်ဆစ်နှင့် အမျိုးသားရေးသည် လက်ယာဝါဒဟုလည်းကောင်း၊ ဝီကီပီဒီယာတွင် မှားယွင်းစွာရေးသားသကဲ့သို့ “အရင်းရှင်ကြီးများက ပြည်သူလူထုကို ခြောက်လှန့်၍ အုပ်စိုးသော အာဏာရှင်စနစ်” ဟုလည်းကောင်း အထင်အမြင်လွဲမည် ဖြစ်သည့်အတွက် သမိုင်းကို သေချာသိရန်လိုပေသည်။ ထို့အပြင် အမျိုးသားရေးစိတ်ကို အာဏာရှင်များမှ ပုံဖော်ကာ လိုရာဆွဲယူသွားသည့်သဘောသဘာဝကိုလည်း အစဉ်သတိချပ်ကာ စောင့်ကြည့်ရန်လိုပေသည်။
အမျိုးသားတန်းတူရေးဆိုသည်မှာ ဗမာနိုင်ငံရေးယူနစ်၏ ရေစီးကြောင်းတွင် လိုက်ပါနေသူများနှင့် တိုင်းရင်းသားအမျိုးသားနိုင်ငံရေး ရေစီးကြောင်းတွင် လိုက်ပါနေသူများ နိုင်ငံရေးဂုဏ်သိက္ခာတူရန်ဟု ဆိုလိုကြောင်းနားလည်ရန်လိုသည်။ တဦးချင်းအခွင့်အရေးကို အလွန်ဇောင်းပေးပြီး တိုင်းရင်းသားလူထုတို့၏ သမိုင်းနှင့် လူနေမှုဘဝအပေါ် ချိတ်ဆက်မှုများကို ကျော်ချပစ်ခြင်း၊ ဗမာ့နိုင်ငံရေးယူနစ်၏ ကျူးလွန်မှုများကို လျှော့ပေါ့စဉ်းစားခြင်းသည် မသင့်တော်သောအရာ၊ မမျှတသောအယူဝါဒ ဖြစ်လာလိမ့်မည်။
မိမိကြမ္မာ မိမိဖန်တီးခွင့်ဟု ဆိုလျှင် ကြမ္မာဖန်တီးရန် မြေလိုသည်။ ဗမာမဟုတ်သည့် တိုင်းရင်းသားတို့က မိမိတို့ကြမ္မာကို ဖန်တီးမည့်မြေကို လက်ညှိုးထိုးပြလျှင် မိမိတို့ သမိုင်း၊ နိုင်ငံရေးနှင့် ဘဝနေမှုကို ချိတ်ဆက်သည့်မြေအား ညွှန်ပြနိုင်ကြသော်လည်း ဗမာနိုင်ငံရေးရေစီးကြောင်းကို စီးနေသူတို့က တနိုင်ငံလုံးကို မိမိတို့ကြမ္မာဖန်တီးနိုင်သည့်မြေသဖွယ် ယူဆခြင်းကို ရပ်မှသာလျှင် အမျိုးသားတန်းတူရေး ရလိမ့်မည်။
အချုပ်ဆိုရသော် လူမျိုးရေးဟု တွင်တွင်သုံးနေကြသူတို့သည် ထိုစကားက ဘာကိုဆိုလိုသလဲဟု သိရန်လိုသည်။ လူမျိုးစု၊ လူမျိုး၊ အမျိုးသားလူထု၊ လူမျိုးကြီး၊ လူမျိုးငယ် စသောစကားများကို သေချာစွာ နားလည်ရန် လိုသည်။ အမျိုးသားတန်းတူရေးကို တကယ်နားလည်ရန် လိုသည်။ ဗမာ့နိုင်ငံရေးကို လိုက်ကြသူတို့၏ မိမိတို့ကြမ္မာဖန်တီးခွင့်ကို တနိုင်ငံလုံးလက်ညှိုးထိုးပြခြင်းမှ ရပ်တန့်ရန် ဗမာပြည်မ ဖွဲ့စည်းရေးလိုသည်။ ဖက်ဆစ်နှင့် ဖိနှိပ်ခံတို့၏ ကာကွယ်လိုသော အမျိုးသားစိတ်ဓာတ်ကို ရောချနေခြင်းမှ ရပ်ရမည်။
အမျိုးသားရေးလက္ခဏာ ဖိနှိပ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့သည့်အတွက် ဗမာ့နိုင်ငံရေးယူနစ်ကို ဆက်ခံသူများက တာဝန်ယူရမည်ဖြစ်သည်။ တဦးချင်းအခွင့်အရေးရမည်ဟုဆိုကာ လျှောချပစ်ရန်၊ လူ့အသိုင်းအဝိုင်း၏ သမိုင်းနှင့် စိတ်ခံစားချက်တို့သည် အရေးမပါသည့်သဖွယ် လူမှုအသိုင်းအဝိုင်းကိုအမှုန့်ပြု (Social atomization) စဉ်းစားချက်များကို ရပ်ပစ်ရမည်။ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ရာတွင် အတိတ်တွင်ရှိခဲ့သည့် မတရားမှုများကို ပြန်လည်ပြေလည်စေကြောင်း ကုစားရေးလုပ်ပြီး အမျိုးသားတန်းတူရေးနှင့် တဦးချင်းတန်းတူရေး ဟန်ချက်ညီအောင် တည်ဆောက်ကြရန် တွေးတောကြမှသာ ငြိမ်းချမ်းမှုရမည် ဖြစ်ပါသည်။
စည်းနရီ