ထိုင်းနိုင်ငံ စူဖန်ပူရီမြို့ရှိ မြန်မာအလုပ်သမားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရပြီး လုပ်ခလစာများ မရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၉ ရက်၊ ၂၀၂၃။
ထိုင်းနိုင်ငံ စူဖန်ပူရီမြို့ရှိ မြန်မာအလုပ်သမားများမှာ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရပြီး လုပ်ခလစာများကို အလုပ်ရှင်မှ မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း အလုပ်သမားတစ်ဦးမှ ထံမှ သိရပါတယ်။
စူဖန်ပူရီမြို့နယ်ရှိ TTK ဆောက်လုပ်ရေး ကုမ္ပဏီတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား (၃၁) ဦးတို့ကို (၂၀၂၃) ခုနှစ် (၁) လပိုင်းမှ စ၍ လုပ်ခ လစာများပုံမှန်ရှင်းပေးခြင်း မရှိပဲ (၅)လပိုင်းအထိ မတရားခိုင်းစေခဲ့တယ်လို့ သိရပါတယ်။
” ကျွန်တော်ကတော့ ဒီမှာ အလုပ်လာလုပ်နေတာ တစ်နှစ်လောက်ရှိပြီး။ ဒီမှာ မြန်မာနိုင်ငံသား အယောက် ၈၀ လောက်ရှိပါတယ်။ ကျွန်တော်တို့လုပ်ရတာ ကော်ဆန်း (ပန်းရံ) အလုပ်ပါ။ ကျွန်တော်တို့ကို (၁၅)ရက်တစ်ခါ ပိုက်ဆံရှင်းပေးရမယ့်နေရာမှာ ပုံမှန် မရှင်းပေးပါဘူး။ အခုဆိုရင် ပိုက်ဆံမရှင်းပေးတာ (၁) လပိုင်းကနေ (၅) လပိုင်းအထိပါ။ ကျွန်တော်တို့ တစ်ယောက်ကို အနည်းဆုံး ဘတ်ငွေ (၂၅၀၀၀)ကနေ (၃၅၀၀၀) အထိ ရဖို့ရှိကြပါတယ်။ ” လို့ အလုပ်သမားတစ်ဦးဖြစ်သော ကိုသန်းထိုက်အောင်မှ FJMM ကိုပြောပါတယ်။
ထို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး ထိုင်းအစိုးရ၏ အလုပ်သမားရုံးထံတွင် အမှုဖွင့်တိုင်ကြားမှုများကို ယနေ့တွင် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စရပ်များကို ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းဖြစ်တဲ့ Union Friendship Family မှ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
” အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီမှာရှိတဲ့ အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေက အရင်ကထက်ကို ပိုပြီးများလာတယ်။ အရင်ကဆို ကျွန်တော်တို့ ကူညီရတာ ယာဥ်တိုက်မှုတွေ၊ ဆေးရုံ၊ ဆေးခန်း ကိစ္စတွေပဲ ပိုများတယ်။ အခုနောက်ပိုင်းမှာ ပွဲစားတွေက ငွေလိမ်မှုတွေ၊ အေဂျင်စီတွေက လိမ်တာတွေ၊ အလုပ်သမားတွေရဲ့ လစာကို ခေါင်းပုံဖြတ်တဲ့ ကိစ္စတွေက တော်တော် များများ ဖြစ်လာတယ်။ ” လို့ Union Friendship Family အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုအောင်ခမှလည်း FJMM ကိုပြောပါတယ်။
ယခုကဲ့သို့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသူတွေမှာ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရပြီး ထိုင်းနိုင်ငံကို လာရောက်ရွှေ့ပြောင်း လုပ်ကိုင်စားသောက်ကြတဲ့ သူတွေ ဖြစ်ကြောင်း သိရပါတယ်။
Photo – FJMM