သတင်း

စင်္ကာပူနိုင်ငံမှစစ်ကောင်စီအား အရေးယူပိတ်ဆို့မှုများပြုလုပ်လာစေရန် ဖိအားပေး လှုပ်ရှားမှုများ ပြုလုပ်ဖို့ BMC မှစီစဥ်

စင်္ကာပူနိုင်ငံမှစစ်ကောင်စီအား အရေးယူပိတ်ဆို့မှုများပြုလုပ်လာစေရန် ဖိအားပေး လှုပ်ရှားမှုများ ပြုလုပ်ဖို့ BMC မှစီစဥ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၆ ရက်၊ ၂၀၂၃။
စင်္ကာပူနိုင်ငံမှ စစ်ကောင်စီထံ စီးဝင်နေသောငွေများ၊ လက်နက်များကို စင်္ကာပူအစိုးရမှ အရေးယူပိတ်ဆို့မှုများပြုလုပ်လာစေရန် ဖိအားပေးလှုပ်ရှားမှုများပြုလုပ်ဖို့ Blood Money Campaign (BMC) မှ တော်လှန်ရေးအင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခုကို သြဂုတ်လ ၅ရက်နေ့ ညပိုင်းတွင် ပြုလုပ်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံက စစ်ကောင်စီထံ စစ်လက်နက်များ၊ လက်နက်နှင့် ဆက်စပ်သည့်ပစ္စည်းများနှင့် နည်းပညာများရောင်းချ၊ထောက်ပံ့နေသော တတိယမြောက်အကြီးဆုံးနိုင်ငံဖြစ်ပြီး စစ်တပ်၏ဘဏ်အကောင့်များနှင့် ၎င်းတို့ရဲ့ ခရိုနီတို့၏ဘဏ်အကောင့်များသည် စင်ကာပူနိုင်ငံရှိဘဏ်များတွင်ရှိနေတယ်လို့ သိရပါတယ်။
ထို့ကြောင့် စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ဖို့ စင်္ကာပူနိုင်ငံအစိုးရကို ဖိအားပေးတောင်းဆိုမှုတွေ ပြုလုပ်ရန် နှင့် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဖို့ကို BMC မှ ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
” စင်္ကာပူအစိုးရအနေနဲ့တော့ အကြမ်းဖက်နည်းလမ်းတွေကိုရပ်တန့်ဖို့ပြောတယ်။ ဒီမိုကရေစီအစိုးရကို အာဏာပြန်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်ဖို့ ပြောတယ်။ ဒါပင်မဲ့ စစ်ကောင်စီထဲကို ဝင်တဲ့ စစ်လက်နက်တွေက စင်္ကာပူနိုင်ငံက တတိယအများဆုံးဖြစ်တယ်။ ဒါကို စင်္ကာပူအစိုးရအနေနဲ့ အရေးယူလို့ရတယ်။ အရေးယူဖို့လည်း လိုတယ်။ ” လို့ BMC အဖွဲ့ဝင်တစ်ဦးဖြစ်သော Mike မှ ပြောပါတယ်။
စင်္ကာပူနိုင်ငံက ရုရှားနှင့် တရုတ်ပြီးရင် စစ်ကောင်စီထံ လက်နက်တင်ပို့မှု တတိယအများဆုံးနိုင်ငံပြီး စစ်ကောင်စီအတွက် ငွေကြေးအဓိက ဗဟိုချက်နိုင်ငံတစ်ခုလည်း ဖြစ်ကြောင်းကို Justice For Myanmar နဲ့ Tom Andrews ရဲ့ အစီရင်ခံစာများအရ သိရပါတယ်။
” နိုင်ငံရေး၊ စစ်ရေးအရ ထိရောက်မှုရှိဖို့ ဒီ Campaign ကိုပြုလုပ်ရခြင်းဖြစ်တယ်။ တော်လှန်ရေးအင်အားစုတွေအားလုံးပါဝင်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ဖို့လိုတယ်။ အားလုံးပူးပေါင်းပါဝင်ရင် အကျိုးရှိပြီး ထိရောက်မှုတစ်ခုခုရှိနိုင်တယ်ဆိုတာကို ကျွန်တော်ယုံကြည်တယ် ” လို့လည်း Mike က ပြောပါတယ်။

အဆိုပါဖိအားပေးတောင်းဆိုမှုများကို မြေပြင်သပိတ်လှုပ်ရှားမှုများ၊ Facebook နဲ့ Twitter မှ တောင်းဆိုမှုများ နှင့် စင်္ကာပူအစိုးရထံ ပိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုမှုများကို သတ်မှတ်ရက်များအလိုက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Related Articles

Back to top button