လွိုင်ကော်မြို့အဝင် ထေဌားလျားစစ်ဆေးရေးဂိတ်မှာ အရပ်သား ၁ ဦး သတ်ဖြတ်ခံရပြီး ၃ ဦး ဖမ်းဆီးခံရ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၅ ရက်၊ ၂၀၂၃။
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် အနောက်ဖက်ခြမ်းရှိ ထေးဌာလျားရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ယမန်နေ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့က အရပ်သားပြည်သူ ၁ ဦး သတ်ဖြတ်ခံရပြီး၊ ၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ လူငယ်အမျိုးသားဖြစ်ပြီး၊ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ထေးဌားလျား ဒေသခံတစ်ဦး ပြောပြတာက “ဖမ်းဆီးခံရပြီး သတ်ခံရတာကတော့ နေ့ခင်း(၁)နာရီလောက်ချိန်ကပါ၊ အသတ်ခံရတဲ့လူက ယောက်ျားလေး၊ လူငယ်ပိုင်းဘဲရှိသေးတယ်၊ အခုရက်ပိုင်း လွိုင်ကော် မြို့ပေါ်ကမလွယ်ဘူး၊ စစ်ကောင်စီက စစ်ချင်ရင် တနေရာမှမကျန် အကုန်စစ်တယ်။ ဖုန်းထဲဘာမှမရှိရင်တောင် သူတို့ညစ်ချင်ရင် သူတို့ဖုန်းထဲက PDF ပုံတွေစစ်ခံရတဲ့ ဖုန်းထဲထည့်ပြီး ငွေညစ်တာတွေလဲရှိတယ်”
ထေးဌာလျားရွာ စစ်ဆေးရေးဂိတ်ဟာ စစ်ကောင်စီတပ်စွဲ ဂိတ်ထိုင်ထားတာ (၁)နှစ်ကျော်ရှိလာပြီ ဖြစ်ပြီး ယခုရက်ပိုင်းမှာတော့ အဲဒီဂိတ်အနီးနားတွေမှာ ပြည်သူတွေက သွားလာသူ မရှိသလောက် နည်းနေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ကစပြီး အခုနှစ်ထိ (၁)နှစ်ကျော်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ထေးဌာလျားစစ်ဆေးရေးဂိတ်မှာတော့ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးငွေညှိတာတွေ၊ ဖမ်းဆီးထောင်ချ ခံရတာတွေကိုလည်း ကြုံခဲ့ရတယ်လို့ ဒေသခံဆီက သိရပါတယ်။
ဓါတ်ပုံ – CJ