စစ်ကောင်စီတပ်က ကယား(ကရင်နီ)ပြည်နယ်သို့ စစ်ကား (၉၁)စီးဖြင့် ထပ်မံအင်အားဖြည့်တင်းနေ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၆ ရက်၊ ၂၀၂၃။
ကယား(ကရင်နီ)ပြည်နယ်သို့ ဇူလိုင်လ ( ၂၄ )ရက်နေ့မှစပြီး စစ်ကောင်စီတပ်ဟာ မိုးဗြဲ – လွိုင်ကော်လမ်းမကို အသုံးပြုပြီး စစ်ကား( ၉၁ )စီးဖြင့် ထပ်မံ အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့နယ် ဒေသခံတစ်ဦး ပြောပြတာက ” ကျနော်တို့ရွာကိုဖြတ်လာတာက ( ၂၄ )ရက်နေ့ မနက် (၁၀)နာရီလောက်မှာ (၆)စီးဖြတ်တယ်၊ ညနေ ( ၅ )နာရီခွဲလောက်မှာ ပထမတသုတ် အစီး( ၃၀ ) ဒုတိယအသုတ် အစီး( ၄၀ )ပါ၊ မနေ့ည (၂၅)ရက်နေ့မှာ မနက်ပိုင်းမှာဘဲ နောက်ထပ် (၁၅)စီးထပ်ဖြတ်ပါတယ်၊ အားလုံးပေါင်းလိုက်ရင် ( ၉၁ )စီးရှိပါတယ် ”
မိုးဗြဲ – လွိုင်ကော်လမ်းမအတိုင်း စစ်ကောင်စီ စစ်ကားများဖြတ်သွားနေသည့် ( ၂ )ရက်နေ့အတွင်း KNDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကလည်း ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့လို့ စစ်ကောင်စီ စစ်ကြောင်း ထိခိုက်ကျဆုံးများ ရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
အင်အား( ၃၀၀ )ခန့်ရှိသည့် စစ်ကောင်စီတပ်ဟာ ဇူလိုင်လ (၂၁)ရက်နေ့ကတည်းက မိုးဗြဲမှ လွိုင်ကော်သို့ ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာပြီးနောက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေတယ်လို့ သိရပါတယ်။
ဇူလိုင်လ (၂၁)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးဗြဲ – လွိုင်ကော်လမ်းမအတိုင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး စစ်အင်အားဖြည့်တင်းမှု အတွင်း အရပ်သားပြည်သူ( ၄ )ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ( ၄ )ဦးမှ ၂ ဦးဟာ စစ်ကောင်စီ စစ်ကြောင်းတို့က ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပြီး၊ ကျန် ၂ ဦးကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ပြီးသေဆုံးသူတစ်ဦးနှင့် တိုက်ပွဲအနီး လက်နက်ကြီးအသံကြောင့် ထိန့်လန့်ပြီး နှလုံးရပ် သေဆုံးခဲ့တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဓါတ်ပုံ – CJ (ပုံဟောင်း)