စကားဝိုင်း

တော်လှန်ရေးအတွက်  နိုင်ငံရေးဦးဆောင်မှုကို ဘယ်လိုခိုင်မာအောင် လုပ်ဆောင်ကြမလဲ ၊ စကားဝိုင်း အနှစ်ချုပ်

တော်လှန်ရေးအတွက်  နိုင်ငံရေးဦးဆောင်မှုကို ဘယ်လိုခိုင်မာအောင် လုပ်ဆောင်ကြမလဲ ၊ စကားဝိုင်း အနှစ်ချုပ်

နွေဦးတော်လှန်ရေး ရလဒ်ဆွေးနွေးခြင်း

၁) နွေဦးတော်လှန်ရေး ရလဒ်အနေနဲ့ ဘာကို အဖြစ်စေချင်ဆုံးလဲ။

မဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

နွေဦးတော်လှန်ရေးရဲ့ပင်မဦးတည်ချက်က စစ်အာဏာရှင်ပပျောက်ရေးဆိုတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ပပျောက်ပြီး တိုင်းပြည်အတွက် အပြောင်းအလဲတစ်ခုဖြစ်စေချင်တယ်။ အထိခိုက်နည်းတဲ့ အပြောင်းအလဲ ဖြစ်မယ့် ရလဒ်တစ်ခုကို မြင်ချင်တယ်။

ကိုအောင်ဘန်း ( လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)၊ အလုပ်အမှုဆောင်ကော်မတီ၊ ဒုဥက္ကဌ)

GSCN ရဲ့ ကြွေးကြော်သံထဲမှာ ဖော်ပြထားသလို ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးက အာဏာသိမ်းလို့ ဖြစ်ခဲ့ပါတယ်။ လူမျိုးစုတွေကို ကြည့်လိုက်ရင်တော့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် တိုက်ပွဲဝင်နေတာ နှစ်တွေကြာနေပြီဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ထဲကနေ ချုပ်ကိုင်ထားတဲ့ ဦးဆောင်မှုမျိုးမဟုတ်ပဲ အားလုံးတန်းတူညီမျှ ပါဝင်နိုင်တဲ့ စုပေါင်းခေါင်းဆောင်မှုကိုလိုချင်တယ်။ နောက်တစ်ချက်အနေနဲ့ လူမျိုးကြီးဝါဒ၊ လူမျိုး၊ ဘာသာ အပေါ်ခွဲခြားမှုတွေမရှိပဲ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတယ် ဖက်ဒရယ်ဒီမိုကရေစီမျိုးကို လိုချင်ပါတယ်။

ဗိုလ်မျက်မှန် (ကရင်နီအမျိုးသားပြည် အမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဗဟိုပြန်ကြားရေးနှင့် ပြောရေးဆိုခွင့်ရှိသူ)

ဘယ်လိုစနစ်တွေသွားသွား အခုလိုမင်းအောင်လှိုင်ရဲ့ အမွေဆိုး စစ်အာဏာရှင်စနစ်တွေ မရှိဖို့ကိုပဲ မျှော်လင့်ပါတယ်။ အားလုံးတန်းတူရှိဖို့၊ ကိုယ့်အခွင့်အရေးရနိုင်တဲ့ စနစ်ကိုပဲ လိုချင်ပါတယ်။

၂) နွေဦးတော်လှန်ရေး ရလဒ်အနေနဲ့ မဖြစ်စေချင်တဲ့ ရလဒ်က ဘာလဲ။

Esther Ze Naw ( လူမှုတရားမျှတရေး တက်ကြွလှုပ်ရှားသူ)

နွေဦးတော်လှန်ရေးက ၂နှစ်ကျော် ၃ နှစ်ရှိလာတဲ့ အခါမှာ ရလဒ်အနေနဲ့ ဘာလိုချင်လဲဆိုတာကတော့ ကွဲကွဲပြားပြား သိနေရပါပြီ။ ဖြစ်လာနိုင်ချေရှိတဲ့ထဲက ဘာကိုမလိုချင်ဘူးလဲဆိုတာကိုတော့ အခြေအနေနှစ်ခုနဲ့ ပြောချင်ပါတယ်။ ပထမအခြေအနေကတော့ တော်လှန်ရေးအောင်နိုင်သွားဆိုတဲ့ အခင်းအကျင်းမှာ နိုင်ငံပြန်တည်ဆောက်တဲ့အခါမှာ အရင်တုန်းကမှားခဲ့တဲ့ အမှားမျိုးထပ်ကျူးလွန်မိတဲ့ရလဒ်ကို မလိုချင်ဘူး။ တင်းပြည်ကျပ်ပြည့် ဒီမိုကရေစီ မဖြစ်မှာကို စိုးရိမ်တာပါ။ အရင်တုန်းကလိုမျိုး စာရွက်ပေါ်မှာ ကတိတွေပဲရှိပြီး လက်တွေ့အကောင်အထည်မဖော်နိုင်တဲ့ အခြေအနေမျိုးဖြစ်မှာကိုစိုးရိမ်ပါတယ်။

အရေးကြီးတာအခြေခံဥပဒေနဲ့ စစ်တပ်ရဲ့ ပြတ်ပြတ်သားသားပါဝင်မှု အခန်းကဏ္ဍကို ချမှတ်ဖို့လိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်တဲ့ စနစ်တစ်ခုကို ဖန်တီးဖို့လိုတယ်။ နောက်ထပ်မဖြစ်စေချင်တဲ့ ဒုတိယတစ်ခုက ဘယ်လိုပဲ ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားနဲ့ သွားတယ်ပြောပြော အားလုံးက ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားနဲ့ ပဲ ဆက်သွားနေတယ်။ အခု NUG အစိုးရကိုကြည့်မယ်ဆိုရင်လည်း တော်လှန်ရေး အစိုးရမို့လို CDM လုပ်လာတဲ့ သူတွေ အရင်က ဗျူရိုကရေစီယန္တရား မှာ ကျင်လည်ခဲ့တဲ့သူတွေက ဒီတော်လှန်ရေး အစိုးရမှာပါဝင်လာတယ်။ နံပါတ် ၃ က အထက်အောက်စီးဆင်းတဲ့ ဖက်ဒရယ်မူဖြစ်မှာကို စိုးရိမ်တယ်။

တော်လှန်ရေး မအောင်နိုင်ဘူးဆိုလည်း လုံးဝ ကျရှုံးသွားမှာ မဟုတ်ဘူး။ ကြားထဲမှာ တစ်ဆင့် ညှိနှိုင်းရေး ကျန်သေးတယ်။ ညှိနှိုင်းရေးမှာ ကျစိုးရိမ်တာက ညှိနှိုင်းတဲ့ ဆီမှာ တန်းတူညှိနှိုင်းနိုင်တာမဟုတ်ပဲနဲ့ အင်အားနိမ့်ပါးတဲ့ အခြေအနေနဲ့ ညှိနှိုင်းရမှာကို စိုးရိမ်ပါတယ်။

ဒုတိယ တစ်ခုမှာ ပြည်သူရဲ့ ခံနိုင်အားပေါ့။ တော်လှန်ရေးကို မမူတည်ပဲ စစ်အုပ်ချုပ်ရေးကို လက်ခံလိုက်တဲ့ အနေအထားနဲ့ ညှိနှိုင်းရေး ဖြစ်လာမှာကိုလည်းစိုးရိမ်တယ်။ နောက်ထပ်တစ်ခုက ဒီမိုကရေစီနောက်ထပ် နလံမထူနိုင်တော့မှာကို စိုးရိမ်တယ်။ အခုတော်လှန်ရေးက အရင်ကရှိခဲ့တဲ့ တော်လှန်ရေး ဘားကို မြှင့်လိုက်တဲ့ အခြေအနေဖြစ်တယ်။ ဒီမြှင့်လိုက်တဲ့အခြေအနေမှာ အဲ့ဒီထက်ပိုသာတဲ့ အခြေအနေမှသာ ဖက်ဒရယ်ဒီမိုကရေစီကို ကျမတို့ ပြောနိုင်တော့မှာ ဖြစ်တယ်။

ကိုအောင်ဖုန်းမော် (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

တော်လှန်ရေးဆိုတာ လူ့အဖွဲ့အစည်းကိုအခြေခံကျကျပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားတာပဲ။ တော်လှန်ရေးရဲ့ အဆိုးဆုံးရလဒ်ကတော့ လူ့အဖွဲ့အစည်းက အခြေခံကျကျမပြောင်းလဲသွားဘူး။ ဒါဆို ဖြစ်နိုင်သမျှထဲမှာ အဆိုးရွားဆုံးလို့ မှတ်ယူတယ်။ စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး သာမက နိုင်ငံသားတိုင်းက သူတို့ ကိုးကွယ်ရာ ဘာသာ၊ ခံယူရာ လိင်စိတ်ခံယူချက် အပေါ် မမူတည်ပဲ လူတိုင်း လူတိုင်းက လူ့ ဂုဏ်သိက္ခာ ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ လူ့ဘောင်တစ်ခုကို ဖန်တီးနိုင်ဖို့ပဲဖြစ်တယ်။

(၃) နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ကြာလာတဲ့အချိန်မှာ လက်ရှိရဲ့ တော်လှန်ရေးရလဒ် နဲ့ တော်လှန်ရေးဆိုင်ရာဆုံးရှုံးနစ်နာရမှုဟာ ဘယ်လိုအချိုးအဆ ရှိပါသလဲ။

ဗိုလ်မျက်မှန် (ကရင်နီအမျိုးသားပြည် အမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဗဟိုပြန်ကြားရေးနှင့် ပြောရေးဆိုခွင့်ရှိသူ)

နစ်နာမှုတွေကိုပြောတဲ့အခါမှာ နှစ်နှစ်တာကာလအတွင်း အချိုးအဆ တိုင်းဆ လို့မရဘူး။ ကျနော်တို့ မကြိုက်တဲ့စနစ်ကို ဖြိုချလိုက်တဲ့အခါမှာ ထိခိုက်မှုတွေ၊ ပွန်းပဲ့မှုတွေရှိတယ် ဆိုတာကိုတော့ ကျနော်တို့ လက်ခံတယ်။ ပျက်စီးဆုံးရှုံးမှုကို အချိုးအဆလို့ပြောရင်တော့ ကျနော်တို့ မပြောတက်ပင်မဲ့ လူထုတွေရဲ့ ပေးဆပ်မှုကတော့ နစ်နာမှုတွေရှိတယ်ဆိုတာကိုတော့ ကျနော်ပြောနိုင်ပါတယ်။

ကိုအောင်ဖုန်းမော် (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

သိသာတဲ့အချက်က တော်လှန်ရေး နှစ်နှစ်ကျော်ကာလမှာ တိုင်းပြည်တစ်စုံလုံးအနေနဲ့ရော ပြည်သူတွေ အနေနဲ့ရော ဆုံးရှုံးနစ်နာများတယ်ဆိုတာက သိသာတဲ့အချက်ပါပဲ။ များတယ်ဆိုတာနဲ့ မမျှဘူးဆိုတာက ပြောကောင်း ပြောလို့ရပါတယ်။ ဆုံးရှုံးနစ်နာမှုရဲ့ သဘောသဘာဝကို ပြန်ဆန်းစစ်သင့်တယ်။ တကယ်လို့ ကျနော်တို့က စစ်အာဏာရှင်စနစ်ရဲ့ အမြစ်ပြတ်ရေးကို လိုလားတယ်ဆိုရင် ဒီဆုံးရှုံးနစ်နာမှုက ဖြတ်ကျော်ရမယ့်အရာတွေလို့ပဲ ကျနော်မြင်ပါတယ်။

၄) နွေဦးတော်လှန်ရေးအောင်မြင်ဘို့ ခြေလှမ်းတွေကြန့်ကြာနေမယ်ဆိုရင် နောက်ဆက်တွဲ သက်ရောက်မှုတွေက ဘယ်လောက်ထိ ကြီးမားနေမယ်လို့ မြင်ပါသလဲ။

Esther Ze Naw ( လူမှုတရားမျှတရေး တက်ကြွလှုပ်ရှားသူ)

စစ်အာဏာရှင်စနစ်လွတ်မြောက်ရေးအတွက် လုပ်ခဲ့တဲ့ စီနိယာတွေအများကြီးရှိတယ်။ တစ်ဘဝလုံး ပေးဆပ်ပြီးလုပ်ခဲ့တဲ့သူတွေ အများကြီးရှိတယ်။ရှေ့က ပေးဆပ်မှုတွေထက် ဒီတစ်ခေါက်ပေးဆပ်မှုက ပိုပြီးအရင်းအနှီကြီးတယ်။ ရလဒ်ကောင်းထွက်ဖို့ အတွက်လည်း ရာခိုင်နှုန်းများတယ်လို့ မြင်မိပါတယ်။ တောင်တန်းနဲ့ ပြည်မ ဘယ်လောက် ပေါင်းစည်းနေပြီးလဲ ဆိုရင် ခေါင်းစဥ်အနေနဲ့ စစ်ရေး၊ နိုင်ငံရေး လူမှုရေး တွေနဲ့ ပြောရမှာပေါ့။ စစ်ရေးမှာဆို ERO တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေရှိတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါတွေက အရင်တုန်းက မရှိခဲ့တဲ့ ကိစ္စတွေပါ။ နိုင်ငံရေးမှာဆိုလည်း နိုင်ငံရေး အဆောက်အအုံ အနေနဲ့ NUG, NUCC နဲ့ တိုင်းရင်းသားတွေအလိုက် ဖက်ဒရယ်ယူနစ်စုဖွဲ့ဖို့ ကိုယ်စားလှယ် တွေ တင်ထားတယ်။

လက်ရှိမှာဆို ကရင်နီက ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ်ကြေညာလိုက်ပြီး။ နောက်ထပ်လည်း တစ်ခြားဒေသတွေမှာ ကြိုးစားနေကြတာတွေရှိတယ်။ ဖက်ဒရယ်စနစ်လို့ပြောလိုက်ရင် ဒါတိုင်းရင်းသားတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ တောင်တန်းပြည်မ ပူးပေါင်းရေးအတွက်ကို ပံ့ပိုးနေတဲ့ အခြေအနေလို့လည်း ပြောရမှာပေါ့။ လူမှုရေးအရဆိုရင် အရင်တုန်းကဆို မြို့ပြင်မှာပဲ တိုက်ပွဲဖြစ်ပြီး မြို့တွင်းကို ထွက်ပြေးတိမ်းရှောင်ရတယ်။ အခုကျတော့ အဲ့လို မဟုတ်ပဲ လုံခြုံရေးလို့ပြောလိုက်ရင် မြို့ပေါ်မှာက လူတိုင်းက စိုးရိမ်လာရတဲ့ အခြေအနေဖြစ်သွားတယ်။ နေ့စဥ်ကြုံလာရတဲ့အခြေအနေတွေက တောင်တန်းပြည်မ နီးစပ်မှုအတွက် ပိုပြီးကောင်းမွန်တဲ့ အခြေအနေတစ်ခုဖြစ်လာပါတယ်။

ကိုအောင်ဘန်း ( လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)၊ အလုပ်အမှုဆောင်ကော်မတီ၊ ဒုဥက္ကဌ)

တောင်တန်း၊ ပြည်မ ကို ဘယ်လိုခွဲမလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးရရင် လက်ရှိမြေပြင်မှာနေထိုင်နေတဲ့ နေထိုင်မှုကိုကြည့်မလား။ မဆလ ခေတ်က သတ်မှတ်ထားတဲ့ တိုင်း ခုနှစ်ခု ပြည်နယ် ခုနှစ်ခုကို ကြည့်မလား။ ရခိုင် မွန် ထားဝယ် တို့ကိုတော့ တောင်တန်းဒေသ လူမျိုးစုအနေနဲ့ပဲ ထည့်ပြီးဆွေးနွေးချင်တယ်။ နွေဦးတော်လှန်ရေးပေါ်ပေါက်မှ တောင်တန်းသားတွေက တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူး။ ၂၀၂၁ အာဏာသိမ်းမှပဲ ပြည်မသားတွေ တော်လှန်ရေး ဆိုတာကို တွင်တွင်ကျယ်ကျယ်သုံးလာတယ်။ တောင်တန်းသားနဲ့ ပြည်မသားတွေက တတန်းထဲ ခံစားရလာတာ ဖြစ်တယ်။ သို့သော်လည်း နှစ်ပေါင်းများစွာခံစားလာရတဲ့ တောင်တန်းသားတွေနဲ့ ခုမှ ခံစားရတဲ့ပြည်မသားတွေ ခံစားချက် မတူဘူး။ တူတာကတော့ အာဏာရှင် အမြစ်ပြတ်ရေး ဆိုတာကတော့ တူလာတယ်။ နွေဦးတော်လှန်ရေး ကိုအကြောင်းပြုပြီး ပြည်မနဲ့တောင်တန်းက ယုံကြည်မှုကို ရတယ်။ သို့သော် ‌လုံးလုံး ယုံကြည်လို့ရပြီးဆိုတဲ့ အတိုင်းတာမှာ မရှိဘူး။ ဒီအတွက်ပြည်မမှာရှိတဲ့သူနဲ့ တောင်တန်းဒေသမှာရှိတဲ့သူတွေက သဘောထားတွေ ကြေကြေလည်လည် ဆွေးနွေးကြဖို့ လိုပါသေးတယ်။

၅) နိုင်ငံရေးအင်အားစု၊ လူငယ်အင်အားစု၊ တက်ကြွလှုပ်ရှားသူ အင်အားစု အစရှိတဲ့ လူမျိုးပေါင်းစုံအင်အားစုတွေ နွေဦးတော်လှန်ရေးမှာ ဘယ်လောက်ထိပါဝင်နေပြီလို့ သုံးသပ်ပါသလဲ။ ဘယ်သူတွေကို ထပ်ပြီး ပါဝင်စေ ချင်ပါသလဲ။ 

မဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံသားတစ်ယောက်ချင်းဆီရဲ့ နိုင်ငံရေး ရေချိန်ကမြင့်လာတယ်လို့ မြင်တယ်။ ပါဝင်သင့် ပါဝင်ထိုက်တယ်ဆိုတာထက် လူတွေက တွန်းလှန်ရမယ်ဆိုတဲ့ စိတ်နဲ့ ပိုပြီးတော့ ပါဝင်လာကြတယ်။ ဘယ်လောက်ရာခိုင်နှုန်းပါဝင်နေပြီးလဲ ဆိုတာကိုတော့ ကျမတို့က တိုင်းတာရခက်တယ်။ တချို့ပါဝင်မှုတွေက မြင်သာတယ်။ လက်နက်ကိုင်ပြီးတော်လှန်တဲ့ အနေအထားမှာတော့ ဒါမြင်သာတယ်။ တချို့အရာတွေက ထုတ်ဖော်လို့မရဘူး။ လူအားဖြင့် ပါဝင်နေတယ်။ ထုတ်ဖော်လို့ မရတာရှိတယ်။ ဆိုလိုတာက ဒီတော်လှန်ရေးမှာ ဘယ်လောက်ပါနေပြီးလဲ ဆိုတာ ဒီရာခိုင်နှုန်းကိုတွက်ချက်ဖို့ဆိုတာ ခက်ခဲတယ်လို့ မြင်တယ်။ သေချာတာကတော့ ပြည်သူတွေက သူတို့နိုင်ငံရေး ရေချိန်တိုးမြှင့်လာတယ်။ ပါဝင်နေတယ်ဆိုတာတော့ သိသာပါတယ်။ ဘယ်လိုလူတွေပါဖို့လိုလဲဆိုတော့ ကျွန်မရဲ့အတွေးကတော့ ပြည်သူတွေ အကုန်ပါဖို့ လိုတယ်လို့ မြင်ပါတယ်။

ကိုအောင်ဖုန်းမော် (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

တော်လှန်ရေးနဲ့ ပတ်သက်ရင် ကျနော်အမြင်ကလည်း လူထုပါဝင်မှုက အရေးအကြီးဆုံးလို့ မြင်ပါတယ်။ တော်လှန်ရေးဖြစ်စဥ်မှာ မြေပြင်တော်လှန်ရေးမှာ လူထုတစ်ရပ်လုံးပူးပေါင်းပါဝင်နေတာတော့ ရှိပါတယ်။ တော်လှန်ရေးနှစ်နှစ်ကျော်လာတဲ့အခါမှာ တစ်ဖက်မှာတော်လှန်ရေးကိုတက်တက်ကြွကြွပါဝင်နေတဲ့ အနေထားနဲ့ ထောက်ခံတဲ့ လူထုနှစ်ခြမ်းက ထွက်ပေါ်လာတယ်။ လူတိုင်းကတော်လှန်ရေးမှာ မပါဝင်လာနိုင်တော့ပဲ တော်လှန်ရေးကို ထောက်ခံနေတဲ့ လူထုက ပိုများလာတယ်။ ဒါကလည်း အာရုံစိုက်ရမယ့် ပြဿနာလို့ မြင်တယ်။ သေချာကြည့်မယ်ဆိုရင်လည်း ပြည်သူလူထု အများစုက ဘေးကနေ တော်လှန်ရေးကိုထောက်ခံပံ့ပိုးနေတဲ့ လူအဖြစ်သာရှိတော့တယ်။ ဒီဟာကိုအဖြေရှာဖို့လိုပါတယ်။

ဒုတိယ အပိုင်း

နွေဦးတော်လှန်ရေး နိုင်ငံရေးဦးဆောင်မှုကို ဆွေးနွေးခြင်း

၁) နွေဦးတော်လှန်ရေးကို စုပေါင်းခေါင်းဆောင်ပုံစံနဲ့ သွားတယ်လို့ ပြောပါတယ်။ တောင်တန်းပြည်မ နိုင်ငံရေး အင်အားစုတွေက ပါဝင်ဦးဆောင်မှုက မျှခြေကိုက်ရဲ့လား။ ဘယ်လိုမြင်ပါသလဲ။

ကိုအောင်ဘန်း (လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)၊ အလုပ်အမှုဆောင်ကော်မတီ၊ ဒုဥက္ကဌ)

ပြည်မ က နိုင်ငံရေးအဖွဲ့အစည်းတွေက ခေါင်းစဥ်အမျိုးမျိုးနဲ့ ပါဝင်နေကြပင်မဲ့ တောင်တန်းဒေသက တော့ မပါဝင်နိုင်သေးတာ တွေ့ရတယ်။ တောင်တန်းဒေသမှာရှိတဲ့ လူဦးရေနည်းတဲ့ လူမျိုးစုတွေရော ဘယ်လိုပါဝင်နေတာရှိသလဲဆိုတာလည်းကြည့်ရမယ်။ ကျွန်တော့်အနေနဲ့ပြောရရင် တောင်တန်းဒေသနဲ့ ပြည်မပါဝင်မှုက မျှခြေမကိုက်သေးဘူးလို့ ဆွေးနွေးချင်တယ်။

မဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

NUCC ကို စုပေါင်းခေါင်းဆောင်မှုလို့ဆိုတယ်။ NUCC မှာလည်း တစ်နိုင်ငံက ကိုယ်စားပြုအစုအဖွဲ့တွေ ပါဝင်ပြီးလား။ NUCC ကို စုပေါင်းဆောင်းမှုလို့ သတ်မှတ်တယ်ဆိုရင် သူ့မှာလုပ်ငန်းတာဝန်တိတိကျကျရှိဖို့လည်း လိုပါတယ်။ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားတဲ့ဆီမှာ အစုအဖွဲ့တစ်ခုချင်းဆီရဲ့ အဓိက ပန်းတိုင်က ဘာလဲဆိုတာ သိဖို့လိုတယ်။ ပြည်မနဲ့ တောင်တန်း ပါဝင်မှုက မျှခြေကိုက်လားဆိုရင် ကျမအနေနဲ့ မျှခြေမကိုက်သေးပါဘူးလို့ မြင်ပါတယ်။ တောင်တန်းရော ပြည်မရောရဲ့ အဓိက ပန်းတိုင်က စစ်အာဏာရှင် ပြုတ်ကျရေးဖြစ်တည်။ အဲ့ဒါကြောင့် မျှခြေကိုက်ကိုက် မကိုက်ကိုက် ဒီဟာကိုတော့ တွန်းလှန်ရမယ်ဆိုတဲ့ သဘောမျိုးတော့ သွားရမှာဖြစ်တယ်။

၂) နွေဦးတော်လှန်ရေးကို နိုင်ငံရေးအဆင့်ကနေ စည်းနှောင်အားခိုင်မာတဲ့ ဥပဒေ အဆင့်ကို ပြောင်းလဲ ပုံဖော်ဖို့ တိုက်တွန်းချက်တွေရှိပါတယ်။ ဥပမာ – ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဆင့်ကနေ ပြည်ထောင်စု လွှတ်တော်အဆင့်ကို ခေါ်ယူပြီး ဥပဒေလှမ်းကြောင်းကို တက်လှမ်းဖို့ပါ။ ဒီထဲမှာ ၆၀ ရာခိုင်းနှုန်းကတော့ ရွေးကောက်ခံကိုယ်စားလှယ်တွေပါဝင်ပြီး ၄၀ ရာခိုင်နှုန်းကတော့ လူထုက ထောက်ခံထားတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ဖို့ တိုက်တွန်းအကြံပြုချက် ရှိပါတယ်။ ဒီလိုအကြံပြုချက်အပေါ် ဘယ်လိုအမြင်ရှိပါသလဲ။

Esther Ze Naw ( လူမှုတရားမျှတရေး တက်ကြွလှုပ်ရှားသူ)

ဥပဒေအဆင့်ကို ပြောင်းဖို့ဆိုရင် အခက်အခဲက ပြည်ထောင်စုလွှတ်တော်ကော်မတီကနေမှ လွှတ်တော်အဆင့်ကိုခေါ်ယူမယ် ဒီ ဥပေဒကြောင်းကိုတက်မယ်ဆိုတဲ့ ဟာမျိုးပါ။ ဘယ်လောက်ရာခိုင်နှုန်းကတော့ လွှတ်တော်ကိုယ်စားလှယ်ပါဝင်မလဲ ဘယ်လောက်က ပြည်သူထောက်ခံမှုရတဲ့သူတွေပါမလဲ။ ၂၀၀၈ ခြေဥကို ဖျက်သိမ်းလိုက်လို့ တရားဝင်ကြေညာထားတယ်။ ကြေညာထားတဲ့ ကြေညာချက်အပေါ်မမူတည်ပဲ ၂၀၀၈ အရ ရွေးကောက်ခံကိုယ်စားလှယ်တွေကို တရားဝင်သေးလား မဝင်သေးလားဆိုတာ ငြင်းနေရတာ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ တော်လှန်ရေးကနေ နိုင်ငံရေးကိုစည်းနှောင်မှုရှိတဲ့ အဆင့်ကိုတက်လှမ်းမယ်ဆိုရင် စပြီးတော့ အတွေးအခေါ်တွေ စဥ်းစားချက်တွေက ရှင်းလင်းဖို့လိုတယ်။ ၂၀၀၈ ကိုဖျက်သိမ်းပြီး အသစ်ကို ပူးပေါင်းပြီး ဖန်တီးကြမယ်ဆိုတဲ့ ရှင်းလင်းဖို့လိုတယ်။ အားလုံးရဲ့ သဘောထားတွေနဲ့ ဆွေးနွေးထားတဲ့ မူကြမ်းတွေကလည်း ရှိပြီးသားဖြစ်တယ်။ ဒီဖက်ဒရယ်ဒီမိုကရေစီအုပ်မြစ်က အပေါ်အောက်မဟုတ်ပဲနဲ့ အားလုံးရဲ့ ပါဝင်မှုနဲ့ စတင်ရေးဆွဲကြဖို့ ဆွေးနွေးလိုပါတယ်။

ကိုအောင်ဖုန်းမော် (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

CRPH ကနေစပြီးတော့ ပြည်ထောင်စုလွှတ်တော် တစ်ခုခေါ်ပြီး ဥပဒေတစ်ရပ်ပြုမယ်ဆိုရင်လည်း လက်ရှိအခြေအနေနဲ့ သိပ်ပြီးထူးခြားမှုရှိမယ့်ပုံမပေါ်ဘူး။ NUCC မှာ အစုအဖွဲ့အစုံပါပြီး ပြည်ထောင်စု လွှတ်တော်လိုပဲ လုပ်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုဖြစ်တယ်။ ဒါကို CRPH က ဦးဆောင်ပြီး ပြည်ထောင်စု လွှတ်တော်ခေါ်မယ်ဆိုရင်လည်း သိပ်ပြီးထူးခြားသွားမှာ မဟုတ်ပါဘူး။

၃) တော်လှန်ရေးတပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါအုံးရှင့်။

ဗိုလ်မျက်မှန် (ကရင်နီအမျိုးသားပြည် အမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဗဟိုပြန်ကြားရေးနှင့် ပြောရေးဆိုခွင့်ရှိသူ)

လက်ရှိမှာ စစ်ကောင်စီရဲ့ အခြေအနေကိုရိုက်ချိုးလိုက်ပြီးမှ တောင်တန်းပြည်မ ပါဝင်မှု မျှခြေကိုက်အောင် လုပ်ရမယ်။ လက်ရှိတော်လှန်ရေးမှ ပေါက်ဖွားလာတဲ့အဖွဲ့တွေက ညှိနှိုင်းရမှာ ဖြစ်လို နဂိုကတည်းက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့အတွက် တိုက်ခိုက်လာတဲ့ အုပ်စုတွေလည်း ရှိပါတယ်။ လူထုက မဲပေးတဲ့ အုပ်စုလည်း ရှိပါတယ်။ အဲ့ဒါတွေက ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်ရတာပေါ့လေ။

NUG ရဲ့ ဦးဆောင်မှုကို ကျနော်တို့ ကြိုဆိုထောက်ခံတယ်။ မထောက်ခံလို့လည်းမရဘူး တစ်ဖက်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားပဲရှိတယ်။ ကျနော်တို့ ဆီမှာလည်း တစ်နိုင်ငံလုံးအတိုင်းတာ အုပ်ချုပ်နိုင်တဲ့ အဖွဲ့အစည်းရှိဖို့လိုတယ်။ NUG ကလည်း ဒီထက်ပိုအားကောင်းဖို့လိုသလို လက်တွေ့ကျတာတွေကို ထပ်ပြီးလုပ်ဆောင်ဖို့လိုတယ်။

ကိုအောင်ဘန်း (လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)၊ အလုပ်အမှုဆောင်ကော်မတီ၊ ဒုဥက္ကဌ)

NUG က ကြားကာလအစိုးရဖြစ်တယ်။ သူ့ရဲ့လုပ်ဆောင်ချက်မှာ ဗဟိုချုပ်ကိုင်မှုနဲ့လုပ်တာ အဆင်မပြေဘူး။ စစ်ကိုင်းဖိုရမ် ကိစ္စမှာ စစ်ကိုင်းတိုင်းကို ကောင်စီ၊ ပြည်နယ် ဒါမှမဟုတ် လက်ရှိ စစ်ကိုင်းတိုင်း ဆိုသလို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးသင့်တယ်။ တိုင်းရင်းသားတွေမှာလည်း သူ့ သက်ဆိုင်ရာ အစိုးရရှိပြီးသားဖြစ်တယ်။ ရှိပြီးသားအစိုးရတွေအပေါ်မှာလည်း ဆရာကြီးသွားလုပ်တာတွေရှိတယ်။ဒီဟာက သိပ်ကိုအဆင်မပြေဘူး။NUG ဆိုပြီးဖြစ်လာတာကောင်းတယ်။ သူတို့ ဘယ် body နဲ့သွားမလဲ ဆိုတာတော့ သူတို့ကိုသူတို့ စဥ်းစားရမယ့်အခြေအနေမှာရှိတယ်။ ဗဟိုချုပ်ကိုင်မှုနဲ့သွားမယ်ဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသွားတဲ့နေရာမှာ ကွဲလွဲချက်တွေတော့ ရှိလာနိုင်တယ်။

၄) နွေဦးတော်လှန်ရေးအောင်မြင်ဘို့ ခြေလှမ်းတွေကြန့်ကြာနေမယ်ဆိုရင် နောက်ဆက်တွဲ သက်ရောက်မှုတွေက ဘယ်လောက်ထိ ကြီးမားနေမယ်လို့ မြင်ပါသလဲ။

Esther Ze Naw ( လူမှုတရားမျှတရေး တက်ကြွလှုပ်ရှားသူ)

တော်လှန်ရေးလို့စဥ်းစားရင် ယူကရိန်းအရေးနဲ့လည်း ယှဥ်ပြီးစဥ်းစားတာရှိတယ်။ ယူကရိန်းက ပြည်ပ ကျူးကျော်စစ်မို့လို့ နိုင်ငံတကာက ကူညီရလွယ်ကူတယ်။ မြန်မာအရေးက ပြည်တွင်းရေးမို့လို့ နိုင်ငံတကာကနေ လုပ်ပိုင်ခွင့်နည်းတယ်။ တော်လှန်ရေးက ဒီအထိရောက်လာပင်မဲ့ ဦးဆောင်တဲ့သူတွေဆီမှာ ဆုံးဖြတ်နိုင်မှု မရှိခဲ့တာတွေရှိတယ်။ ခြေလှမ်းတွေက ကြန့်ကြာပင်မဲ့ ရွေ့နေတယ်။ စစ်ကောင်စီက ဘာမှမလုပ်နေတဲ့ အနေအထား မဟုတ်ဘူး။ နောက်တစ်ချက်က တော်လှန်ရေးဦးဆောင်တဲ့သူတွေက နိုင်ငံရဲ့ အနီးပတ်ဝန်းကျင်မှာ ရှိသင့်တယ်။ တော်လှန်ရေးကျန့်ကြာမယ်ဆိုရင် ပြည်သူတွေရဲ့ ခံနိုင်အားပေါ့။ ဒီလိုမျိုးပြည်သူတွေရဲ့ ခံနိုင်ရည်အားကလည်း အကြီးမားဆုံးနောက်ဆက်တွဲ သက်ရောက်မှုဖြစ်တယ်လို့ ကျမအနေနဲ့ယူဆပါတယ်။

ကိုအောင်ဖုန်းမော် (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

တော်လှန်ရေးက ဘယ်ချိန်အောင်ရမလဲ သတ်မှတ်ချက် မရှိတော့ ကြန့်ကြာလား မကြာလား ပြောရခက်ပါတယ်။ တော်လှန်ရေးရဲ့အဓိကဖြစ်စဥ်မှာ ပြည်သူတစ်ရပ်လုံးပါဝင်ဖို့အရေးကြီးတယ်။ တော်လှန်ရေး ဦးဆောင်တဲ့သူက ရှင်းလင်းတဲ့တော်လှန်ရေးအမြင်ကို ပံ့ပိုးပေးဖို့လိုအပ်တယ်။ တော်လှန်ရေးကို ကြန့်ကြာစေတဲ့အကြောင်းထဲမှာ လက်ရှိဦးဆောင်နေတဲ့သူတွေက ရှင်းလင်းတဲ့ တော်လှန်ရေးစကားကို မပေးနေနိုင်ဘူး။ တော်လှန်ရေး ကြန့်ကြာမယ်ဆိုရင် ကြန့်ကြာတဲ့ အကျိုးဆက်တွေက ကြုံတွေ့ရမှာပဲ။

မဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

တော်လှန်ရေးမှာ ဦးဆောင်နေတဲ့သူတွေက ဘယ်နှစ်ရာခိုင်နှုန်းအောင်မြင်နေပြီး နယ်မြေ ဘယ်လောက်ကို သိမ်းထားပြီးပြီး ဆိုတဲ့ သတင်းစကားအမှားတွေပေးတယ်။ ဒီလိုတွေက မဖြစ်လာနိုင်ဘူးလို့ သိထားတဲ့ သူတွေနဲ့ ဒီအပေါ်မှာ မျှော်လင့်တဲ့ သူတွေကြားမှာ လွန်ဆွဲပွဲတွေဖြစ်လာတယ်။ နွေဦးတော်လှန်ရေး အောင်မြင်အောင် သွားနေကြတဲ့ဆီမှာ ကြန့်ကြာနေတယ်။ ဘယ်အချိန်မှာ ပြီးမလဲဆိုတာကိုတော့ မသိဘူး။ မကြိုးစားဘူးလားဆိုတော့ ကြိုးစားနေတယ်။

ကြာလာရင် အဖွဲ့တွေ ကွဲ သွားမယ် ဖရိုဖရဲဖြစ်သွားမယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေက တော်တော်ကြီးမားနိုင်တယ်။ ပြည်သူတွေက မျှော်လင့်နေတယ်။ ကြည့်နေတယ်။ သူတို့ မျှော်လင့်နေတာ ပြိုကွဲသွားပြီးဆိုရင် အာဏာရှင်က ဆက်ပြီးရှိနေတာကြောင့် ကျမတို့မလိုချင်တဲ့ စနစ်ကို လက်ခံသွားလိုက်ရမယ်။

၅) နွေဦးတော်လှန်ရေးအောင်မြင်ဘို့ ဘာတွေက အခရာကျတယ်လို့ ထင်ပါသလဲ။

ဗိုလ်မျက်မှန် (ကရင်နီအမျိုးသားပြည် အမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဗဟိုပြန်ကြားရေးနှင့် ပြောရေးဆိုခွင့်ရှိသူ)

တော်လှန်ရေးအောင်ဖို့ အက္ခရာ ကျတာ (၁) လူထုဖြစ်တယ်။ (၂) က စစ်ကောင်စီနဲ့ တိုက်ခိုက်တဲ့ သူတွေပါမယ်။ (၃) က စစ်ကောင်စီနဲ့ အပြိုင် အစိုးရဖွဲ့တဲ့သူတွေက အက္ခကျမယ်လို့ မြင်ပါတယ်။ နွေဦးတော်လှန်ရေးကို အောင်မြင်ချင်ရင် သတင်းအမှားမပေးဖို့ လိုပါတယ်။ ကျနော်တို့ကိုယ်တိုင် လက်နက်ကိုင်တဲ့ အချိန်မှာ လက်နက်အပေါ်မှာယစ်မူးနေတာမဟုတ်ပဲ လက်နက်ကိုင်တာ လူထုကိုကာကွယ်ဖို့ပဲဖြစ်ရမယ်။ လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး စည်းမျဥ်းစည်းကမ်းတွေ ရှိဖို့လိုတယ်။ အောင်မြင်ချင်တယ်ဆိုရင်တော့ ဒီလိုမျိုး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လိုတယ်လို့ ယူဆပါတယ်။

တော်လှန်ရေး အောင်မြင်ဖို့ အက္ခရာကျတာ NUG အစိုးရအပေါ်အများကြီးမူတည်ပါတယ်။ နောက်တစ်ခုက စစ်ကောင်စီကို တိုက်ခိုက်နေတဲ့သူတွေမှာ ဘုံသဘောတူညီချက်တစ်ခု ပေါ်ပေါက်ဖို့လိုတယ်။ စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ အဖွဲ့အစည်းတွေကိုလည်း ဖိတ်ခေါ်ဖို့လိုတယ်။ အဲ့လိုအဖွဲ့တွေပါလာရင်လည်း တော်လှန်ရေး အောင်မြင်ဖို့ သိပ်ကိုအရေးကြီးတယ်။

ကိုအောင်ဘန်း (လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)၊ အလုပ်အမှုဆောင်ကော်မတီ၊ ဒုဥက္ကဌ)

အက္ခရာကျမှုမှာ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ တော်လှန်ရေးဖြစ်ရင်ပိုပြီးကောင်းတယ်။ အတွေးအခေါ် နဲ့ဆိုင်တဲ့တော်လှန်ရေး ဖြစ်ရင်ပိုကောင်းတယ်။ နိုင်ငံရေးတန်းတူညီမျှ၊ နိုင်ငံရေးလေးစားတန်ဖိုးထားမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နိုင်ငံရေးဥပဒေကိုအခြေခံပြီးတော့ အဖြေရှာရင်ပိုကောင်းမယ်။ ပြည်မက ဗမာ အကုန်လုံးလိုချင်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုအကောင်အထည်ဖော်နိုင်ရင်လည်း ပိုကောင်းမယ်။

မဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

ပင်မဦးတည်ချက်က စစ်အာဏာရှင်စနစ်ပြုတ်ကျရေးပဲ။ အဲ့ဒီလမ်းကြောင်းကနေ မသွေဖယ်ဖို့က အက္ခရာ ကျပါတယ်။ နောက်တစ်ခု အက္ခရာကျတာက လူထုဖြစ်ပါတယ်။ လူထုကြားထဲမှာ ပွတ်တိုက်မှုဖြစ်စေတဲ့ အရာတွေရှိတယ်။ အဲ့ဒီအရာတွေကျော်လွှားနိုင်ဖို့က ပင်မဦးတည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်ပြုတ်ကျရေးလမ်းကြောင်ကနေ သွေဖိမသွားဖို့ဖြစ်တယ်။

ကိုအောင်ဖုန်းမော် (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

အဓိက အကျဆုံးက ပြည်သူလူထုရဲ့ တစ်စုံလုံးအနေနဲ့ ပါဝင်မှုပဲ။ ပြည်သူလူထုက အဲ့လို တစ်လုံးပါဝင်နေမယ်ဆိုရင် တော်လှန်ရေးက အောင်မြင်မှု ရမယ်လို့ ယုံကြည်တယ်။ တော်လှန်ရေး အများစုက ထောက်ခံ ပံ့ပိုးသူတွေရဲ့ အမြင်နဲ့ ရပ်တည်နေတယ်။ အဲ့ဒီတစ်ဆင့်ကနေ တက်လှမ်းနိုင်ဖို့ က ရှင်းလင်းတဲ့ သတင်းစကား ရှင်းလင်းတဲ့ တော်လှန်ရေးအမြင်ကို ပေးမှရမယ်။ ရှင်းလင်းတဲ့ လမ်းညွန်ချက်တွေပေးမှရမယ်။ ပြည်သူတစ်ရပ်လုံးမြေပြင်နိုင်ငံရေးမှာ ပါဝင်လာမယ်လို့မြင်တယ်။ အဲ့လိုမှ မဟုတ်ရင် တော်လှန်ရေး ကြန့်ကြာနေမယ်။

Esther Ze Naw ( လူမှုတရားမျှတရေး တက်ကြွလှုပ်ရှားသူ)

ပြည်သူတွေရဲ့ ပါဝင်မှုက အရေးကြီးတယ်။ ဘယ်လိုပဲ ခေါင်းဆောင်မှု ရှိတယ်ပြောပြော ပြည်သူတွေရဲ့ ပါဝင်မှု မရှိရင် ဘာမှ လုပ်လို့ မရဘူး။ပြည်သူလူထုပါဝင်မှုမှာ ဒီအတိုင်းပဲ ပါဝင်နေပါလို့ ပြောလို့ မရဘူး။ ပြည်သူတွေနားလည် ရမှာကို ရှင်းရှင်းလင်းလင်း mapping တွေ ပေးဖို့ လိုတယ်။ ပြည်သူတွေအနေနဲ့ ဘယ်လောက်အနေအထားရောက်ပြီးလဲ မသိတဲ့ အချိန်မှာ တကယ်စိတ်အားထက်သန်တဲ့ ပြည်သူတွေတောင် စိတ်အားလျော့ လာတာတွေ ရှိတယ်။ ပြည်သူတွေမှာ လိုအပ်တဲ့ အတွေးအခေါ်တွေ ထပ်ဖြည့်ပေးဖို့ လိုတယ်။ တော်လှန်ရေး ခရီးကြာလာတဲ့အခါမှ ပညာရပ်ပိုင်းကိုလည်း တည်ဆောက်ဖို့ လိုပါတယ်။ စစ်ရေး အရမှာ အားလုံး ညီညွတ်တဲ့ အင်အားတစ်ခုကိုဖော်ဆောင်နိုင်ဖို့လိုတယ်။ ဒီထက်ပိုအောင်နိုင်ဖို့ ဆိုရင် စစ်ရေးအရမှာ အားလုံးပါဝင်ဖို့၊ ဒီထက်ပိုတော်လှန်ဖို့၊ တိုက်ဖို့၊ ကူညီဖို့ ဆိုတာလည်း အရေးကြီးပါတယ်။

Related Articles

Back to top button