ဖက်ဒရယ်ကို ငြင်းပယ်ခြင်း (သို့မဟုတ်) အမျိုးသားရေးဝိသေသကို ဖြိုချခြင်း
ကံ့ကော်ဖြူ | အတွေးအမြင်
မြန်မာနိုင်ငံတော်ဟာ ပုံမကျပန်းမကျ ပြည်ထောင်စုတစ်ခုဖြစ်နေပါတယ်။ ပြည်သူအားလုံးရဲ့ဖြစ်တည်ခြင်းကို လျစ်လျူရှုပြီး တိုင်းပြည်ကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ထို့မျှမက နေ့စဉ်နဲ့အမျှ အသက်ရှင်သန်ရန်အတွက် လူဖြစ်ခြင်းကိုလည်း စွန့်လွှတ်ထားရပါတယ်။
တိုင်းပြည်က ဆင်းရဲရတဲ့အထဲ စစ်မီးက အရှိန်ကောင်းကောင်းနဲ့တောက်လောင်နေဆဲ။ တောင်မင်းမကယ်နိုင်၊ မြောက်မင်းမကယ်နိုင်ဘဝနဲ့ မရေမရာပြေးလွှာနေရပါတယ်။ ထိုအရာများသည် မြန်မာနိုင်ငံတော်၏ နိစ္စဓူဝ ပင်။
မြန်မာနိုင်ငံသားတစ်ဦးချင်းတွင် လူ့အခွင့်အရေးကို ပုံစံမျိုးစုံ ချိုးဖောက်ခံနေရသလို စားဝတ်နေရေးအတွက် မမျှတစွာ လုပ်အားထုတ် အလုပ်လုပ်ကြရပါတယ်။ အများစုသည် အလုပ်လုပ်ရင်းမွဲတေသွားကြရပါတယ်။ ထိုသည် မြန်မာနိုင်ငံရှိလူသားတစ်ဦးချင်းတိုင်း တွေ့ကြုံနေရသော လူမှုရေး၊ စီးပွားရေး ပြဿနာများပင်။
တနည်းဆိုရလျှင် လူတစ်ဦးချင်းရပိုင်ခွင့် (Individual Right) ကို ချိုးဖောက်ခံနေရပါတယ်။ ထိုမျှမက မြန်မာနိုင်ငံတွင် နေထိုင် ကြသူတို့သည် အမှတ်သညှာ (Identity)၊ နေထိုင်ရာဒေသ ကို အခြေပြု၍ ခွဲခြားဆက်ဆံ ဖိနှိပ် ခံနေရပါတယ်။ လူ့ဂုဏ်သိက္ခာကို အပိုင်းပိုင်းအစစ ဖျက်စီးခံနေရပါတယ်။
အဆိုးရွားဆုံးအနေဖြင့် အမျိုးသားတန်းတူမှုကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံကြီးတွင် ပြည်တွင်းစစ်ကြီး မီးတောက်လောင်ခဲ့ရ၊ ပြည်သူတွေ အများအပြားသေကြေပျက်စီးခဲ့ရ၊ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ တိုင်းတပါးကို ထွက်ပြေးတိမ်းရှောင်ရ၊ ပညာသင်ကြားခွင့်၊ကျန်းမာရေးစောင့်ရှောက်ခွင့် စတဲ့အခြေခံအခွင့်အရေးကို မရရှိမှုကြောင့် မျိုးဆက်သစ်များ ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နိမ့်ကျခဲ့ရပါတယ်။
အမျိုးသားတန်းတူမှုကို ဘယ်လိုနည်းနဲ့ ပုံဖျက် ဖြိုချခဲ့သလဲဆိုတာကို တဆင့်ချင်းအလိုက် ဆွေးနွေးသုံးသပ်သွားပါမယ်။ ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံဟာ ဗဟုအမျိုးသားတိုင်းပြည် (Multination State) တစ်ခုဖြစ်သည်နှင့်အညီ အမျိုးသားတန်းတူရေးကို အခြေခံပြီး တိုင်းပြည် တည်ဆောက်ရမှာ ဖြစ်ပါတယ်။
သဘောဆန္ဒအလျောက် ပူးပေါင်းပြီး တိုင်းပြည်တည်ထောင်တဲ့ Coming Together State ဖြစ်တဲ့အတွက် အမျိုးသားတန်းတူရေးမရှိဘဲ တိုင်းပြည်တစ်ခု ဖြစ်အောင် (တနည်း) ကွဲပြားတဲ့ အမျိုးသား ဖြစ်တည်မှုတွေကို အသိအမှတ်ပြု၊ လက်ခံခြင်းမပြုဘဲ တိုင်းပြည်တစ်ခု ဖြစ်အောင် တည်ဆောက်လို့ မရပါဘူး။
သို့ပေမဲ့ အမျိုးသားတန်းတူမှုဟာ မြန်မာ့မြေပေါ်မှာ တခါမှ မရှိခဲ့ဘူးပါဘူး။ ပင်လုံစာချုပ်ဟာ အမျိုးသားတန်းတူရေးကို အာမခံပြီး ချုပ်ဆိုခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက်ပိုင်းမှာ ဗမာနိုင်ငံရေးယူနစ်ဖြစ်တဲ့ ဖဆပလက ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး ထင်ထင်ရှားရှားမတွေ့ခဲ့ရပါဘူး။ ၄၇ ဖွဲ့စည်းပုံမှာ ဥပဒေရေးရာအရ အမျိုးသားတန်းတူရေးကို လျစ်လျူရှုခဲ့သလို၊ လက်တွေ့အုပ်ချုပ်ရေးယန္တရားမှာ ပြည်နယ်အသီးသီးရဲ့အရေးအရာတွေကို ပြည်မက ဝင်ရောက်စွက်ဖက်ပြီး ထိန်းချုပ်ခဲ့ပါတယ်။
အမျိုးသားတန်းတူရေးရရှိရေးအတွက် ၁၉၆၁ ခုနှစ်မှာ ပြည်နယ်ပေါင်းစုံတက်ရောက်သော တောင်ကြီးညီလာခံမှ ဗမာပြည်နယ်အပါအဝင် ရှစ်ပြည်နယ်အခြေပြုပြီး အမျိုးသားတန်းတူရေးကို ဖော်ဆောင်ရန် အားလုံးသဘောတူညီခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်တွင် ထိုရှမ်းမူသည် တိုင်းပြည်ပြိုကွဲရေးသာဖြစ်သည်ဟုဆိုကာ ဗိုလ်နေဝင်းမှ စစ်အာဏာသိမ်းကာ အရပ်ဖက်အုပ်ချုပ်ရေးကို ဖျက်စီးခဲ့ပါတယ်။ ထူးခြားချက်အနေဖြင့် ထိုအာဏာသိမ်းမှုကို ဗမာနိုင်ငံရေးခေါင်းဆောင်အတော်များများက လက်ခံခဲ့ကြသလို ထိုအာဏာသိမ်းမှုကို သွေးမြေမကျ တော်လှန်ရေးတစ်ရပ်အဖြစ် အောင်ပွဲခံခဲ့ကြပါတယ်။
ဗိုလ်နေဝင်း ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အမျိုးသားများဖြစ်တည်မှုကို ဥပဒေလမ်းကြောင်းအရ ပြောင်ပြောင်တင်းတင်း ဖျက်စီးလိုက်ပါတယ်။ ရှမ်းမူတွင် တောင်းဆိုထားသော ရှစ်ပြည်နယ်မူကို အလေးမထားရုံမျှမက ရှိရင်းစွဲ ပြည်ထောင်စုနယ်များကို တိုင်း ခုနှစ်တိုင်းအဖြစ် ခွဲကာ၊ အမျိုးသားဖြစ်တည်မှုကို ဝေဝါးအောင် လုပ်ပြီး ဖျက်စီးလိုက်သည်။
အမျိုးသားပြည်နယ်အသီးသီးရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးသတ်ဖြတ်အစဖျောက်ခဲ့ရုံသာမက အမျိုးသားတစ်ခုချင်းစီရဲ့ သမိုင်းကြောင်းကိုပါ ဖျောက်ဖျက်လိုက်သည်။ ထို့နောက် မြန်မာပြည်သူအားလုံးသည် တမျိုးသားတည်းကသာ ဆင်းသက်လာသယောင်၊ အမျိုးသားလှုပ်ရှားမှု၊ တော်လှန်ရေးသမိုင်းကို တခုတည်းဖြစ်အောင် အတင်းကာရော သွတ်သွင်းခဲ့ကာ အခြားအမျိုးသားများ (Nation) ၏ ဖြစ်တည်မှုကို ဖြိုချလိုက်ပြီး လူမျိုးစု (Ethnic) တွေအဖြစ် ခွဲဖြာလိုက်ပြီး လူမျိုးစုများအကြား သွေးခွဲခဲ့ကြပါတယ်။
ထို့နောက် ထိုလူမျိုးစုများကို အားလုံးဟာ တမျိုးသားတည်းသာ (One Nation) သာ ဖြစ်သည် ဟူပြီး ထပ်စုစည်းကာ ဗမာ့နိုင်ငံရေး၊ ဗမာ့ယဉ်ကျေးမှု၊ ဗမာ့စရိုက်လက္ခဏာကို သွတ်သွင်းခဲ့သည်။ ထိုလုပ်ရပ်သည် ဗဟုအမျိုးသားဖြစ်တည်မှုကို ဖျောက်ဖျက်ပြီး ဗမာလူမျိုးကြီးဝါဒကို သွတ်သွင်းခြင်းပင် ဖြစ်သည်။ ထိုလုပ်ရပ်ကို ဗိုလ်နေဝင်းသာမက ၁၉၉၀ ခုနှစ်မှာ ထပ်ဆင့်် စစ်အာဏာပြန်သိမ်းခဲ့တဲ့ ဗိုလ်သန်းရွှေပါ ဆက်လက်အမွေခံ လုပ်ဆောင်ခဲ့ပါတယ်။
ထိုလုပ်ရပ်ရဲ့ အကျိုးဆက်သည် လက်ရှိအချိန်အထိ အကျိုးသက်ရောက်မှုရှိနေဆဲပင်။ “အမျိုးသားတန်းတူရေးဟုဆိုလိုက်တာနဲ့ လူမျိုးပေါင်း ၁၃၅ မျိုးရှိတဲ့ မြန်မာနိုင်ငံမှာ အမျိုးသားတန်းတူရေးကို ဘယ်လိုပေးမလဲ။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုပေးလို့ရမလဲ။” ဆိုတာ အကျယ်လောင်ဆုံး မေးခွန်းတစ်ခုဖြစ်ပါတယ်။ လူမျိုးစုများ (Ethnics) ၏ တည်ရှိမှုကိုသာ အလေးစိုက်ပြီး အမျိုးသားများ (Nations) ၏ ဖြစ်တည်ခြင်းကို သိ၍ဖြစ်စေ၊ မသိ၍ ဖြစ်စေ လျစ်လျူရှုထားတတ်ကြပါတယ်။ အမျိုးသားတန်းတူရေးသည် လူမျိုးစုတစ်ခုချင်းအပေါ် အခြေခံတည်ဆောက်ခြင်းမဟုတ်ဘဲ အမျိုးသားတစ်ရပ်ချင်းအပေါ် အခြေခံတည်ဆောက်ခြင်းဖြစ်ပါတယ်။
“ဒီမိုကရေစီတည်ဆောက်ခြင်းဖြင့် အမျိုးသားတန်းတူရေးကို ရရှိနိုင်သလား” ဆိုတာဟာ အရေးကြီးတဲ့မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဟာ အမျိုးသားရပိုင်ခွင့်အပေါ် အခြေခံခြင်းမဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးအပေါ် အခြေခံတည်ဆောက်တာဖြစ်တာဖြစ်သည်။
တနည်း လူတစ်ချင်းစီရဲ့မတူညီမှုများကို လက်ခံပြီး ဗဟုယဉ်ကျေးမှုကို လက်ခံထားခြင်းဖြစ်သည်။ သို့သော် ဒီမိုကရေစီတစ်မျိုးတည်းဖြင့် အမျိုးသားတန်းတူရေး၏ အဓိကလက္ခဖြစ်တဲ့ အမျိုးသားရေးအရနိုင်ငံရေး၊စီးပွားရေး၊လူမှုရေး အရ အသိအမှတ်ပြုမှု၊ လက်ခံမှု၊ ဆုံးဖြတ်ပိုင်ခွင့်ရှိမှု တို့ကို မရရှိနိုင်ပေ။ တနည်းဆိုရလျှင် ဒီမိုကရေစီသည် အမျိုးသားတို့၏ နိုင်ငံရေးဂုဏ်သိက္ခာကို မဆောင်ကျဉ်းပေးနိုင်ပေ။
ထို့ကြောင့် အမျိုသားတန်းတူရေးကို အာမခံပေးနိုင်ဖို့အတွက် အမျိုးသားပြည်နယ်များနှင့် အမျိုးသားများပြည်နယ်များကို ပြန်ပြောင်းဖွဲ့စည်းဖို့လိုပါတယ်။ ဒါ့ပြင် ဗိုလ်နေဝင်းမှ သတ်မှတ်ခဲ့တဲ့တိုင်းဒေသတွေကိုလည်း ဗမာပြည်နယ်နှင့် အမျိုးသားများပြည်နယ်များအဖြစ် ပြန်လည်ဖွဲ့စည်းဖို့လိုပါတယ်။ အမျိုးသားများကို အခြေပြုပြီး ပြည်နယ်တွေ မဖွဲ့စည်းသ၍ အမျိုးသားတန်းတူရေးကို အပြည့်အဝရရှိဖို့ အလွန်ခက်ပါတယ်။
အမျိုးသားတန်းတူရေးကို ရရှိဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ တိမ်မြုပ်နေတဲ့အမျိုးသားဖြစ်တည်မှုကို ပြန်လည်အားကောင်းအောင်လုပ်ဖို့လိုအပ်ပါတယ်။ ထို့နောက် အမျိုးသားဝိသေသလက္ခဏာ (Nation Building) ကို တည်ဆောက်ဖို့လိုပါတယ်။ ထို့နောက် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ဖက်ဒရယ်ယူနစ်တွေကို ဖွဲ့စည်းပြီး ပြည်ထောင်စုကို တည်ဆောင်ဖို့လိုပါတယ်။ သို့မှသာ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းသော တိုင်းပြည်တစ်ခု၊ ဖွံ့ဖြိုးတိုးတက်သာယာသော တိုင်းပြည်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။
အမျိုးသားဝိသေသလက္ခဏာတည်ဆောက်ဖို့ ငြင်းပယ်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ငြင်းပယ်ခြင်းဖြစ်ပါတယ်။ အမျိုးသားပြည်နယ်ဖွဲ့စည်းဖို့ ငြင်းပယ်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ငြင်းပယ်ခြင်းပင်ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ငြင်းပယ်ခြင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုကို ငြင်းပယ်ခြင်းဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုကို ငြင်းပယ်ခြင်းဟာ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေး၊ အခြေခံအခွင့်အရေးရပိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ငြင်းပယ်ခြင်း ဖြစ်ပါတယ်။ အချုပ်အားဖြင့် မြန်မာပြည်ထောင်စုတည်ရှိမှုကို ငြင်းပယ်ခြင်း ဖြစ်ပါကြောင်း။
- ကံ့ကော်ဖြူ