“နုတ်ထွက်တော့မည့် ထိုင်းအစိုးရက မြန်မာနိုင်ငံနှင့်ပတ်သက်၍ နောက်ဆုံးအကြိမ်အဖြစ် မိမိကိုယ်မိမိ အရှက်ရစေခဲ့သည်”
မာ့ခ် ကိုဂန် (ဂျီအိုပိုလစ်တစ်ကယ်လ် မိုနီတာ – ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်) | အတွေးအမြင်
မြန်မာစစ်အုပ်စုနှင့် “အပြည့်အဝ ပြန်လည်ဆက်ဆံမှု” ပြုနိုင်ရန်အတွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် အစည်းအဝေးတစ်ရပ်ကို လက်ခံကျင်းပရန် ရည်ရွယ်ထားသည်ဟု ထိုင်းနိုင်ငံက ကြေညာခဲ့သည့်အခါ၊ ပညာရှင်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှစ်ခုစလုံးတို့အကြား အချက်ပေးခေါင်းလောင်းသံများက စတင်ထွက်ပေါ်လာခဲ့သည်။
ပထမဦးစွာ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်များကို အာဆီယံအစည်းအဝေးများမှ ဖယ်ထုတ်ထားရန် အဖွဲ့ဝင်နိုင်ငံများအကြား ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ကာလရှည်ကြာ ချမှတ်ထားခဲ့သည့် အစီအစဉ်ကို အဆိုပါ အစည်းအဝေးက ချိုးဖောက်ခဲ့သည်။
ထို့အပြင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုက စစ်အုပ်စု၏ တရားဝင်ဖြစ်မှုကို တိုးလာစေပြီး – ပို၍ဆိုးသည်မှာ၊ ကမ္ဘောဒီးယား၏ အထူးသံတမန်ဟောင်း ရင်ဆိုင်ခဲ့ရသကဲ့သို့ လူထုဆက်ဆံရေးမြင်ကွင်းတွင် မျက်စေ့ဒေါက်ထောက် ကြည့်စရာ ဖြစ်ရိုးဖြစ်စဥ် မဟုတ်သည့် ကောင်းဘွိုင်ခေါ် “နွားကျောင်းသား” သံခင်းတမန်ခင်းပုံစံဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက ဒုတိယအကြိမ်နှင့် နှစ်နှစ်ဆက်တိုက် လုပ်ဆောင်မှုဟုလည်း အဓိပ္ပါယ်ရသည်။
ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးမှာ မကြာမီရာထူးမှ ထွက်ခွာတော့မည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမဒ်ဝီနိုင်း၏ ဖိတ်ကြားချက်အရ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးဖိတ်ကြားစာတွင် အာဆီယံခေါင်းဆောင်များက မြန်မာအား အမြင့်ဆုံးအဆင့်ဖြင့် ပြန်လည်လက်ခံရန် ကတိပြုခဲ့ကြသည်ဟုဆိုသည့် ပြီးခဲ့သည့်မေလက အင်ဒိုနီးရှားတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအား အစချီရည်ညွှန်းဖော်ပြထားသည်။
ဒွန်၏ အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံရှိ ဒီမိုကရေစီလိုလားသူများနှင့် ဒေသအတွင်းရှိ စင်္ကာပူကဲ့သို့သော လုပ်ဖော်ကိုင်ဖက်နိုင်ငံများက အဓိကဝေဖန်ခဲ့ကြပြီး၊ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က “ထိပ်သီးဆွေးနွေးပွဲအဆင့်တွင် မြန်မာစစ်အုပ်စုနှင့် ပြန်လည်ဆက်ဆံရန်ဆိုသည်မှာ၊ နိုင်ငံခြားရေး ဝန်ကြီးအဆင့်အတွက်ပင် အချိန်မတန်သေးကြောင်း” အပြင်းအထန် ပြောဆိုခဲ့သည်။
အောင်မြင်မှုမရှိသော ဆွေးနွေးပွဲအပြီး စိတ်ရှုပ်ထွေးနေသည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက၊ ထိုင်းနှင့် မြန်မာတို့အကြား ကုန်းတွင်းနယ်စပ်နှင့် ရေကြောင်းနယ်နိမိတ် ကီလိုမီတာ ၃,၀၀၀ ကျော် ရှိကြောင်းနှင့်၊ နောက်ဆုံးအကျိုးဆက်အဖြစ် နှစ်နိုင်ငံကြား ဒေါ်လာဘီလီယံနှင့်ချီ၍ ရှိနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေများကို ထိခိုက်လာလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် အဖြေရှာလိုသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်” ဟုဆိုကာ “အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများက မိမိတို့လောက် ဂရုတစိုက်မရှိကြ” ဟု ရဲတင်းမာကြောစွာပင် ထောက်ပြလာခဲ့သည်။ ထိုသို့ ပြောဆိုခဲ့ခြင်းက၊ မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ပယ်ချခဲ့ကြသည့် အာဆီယံ၏အစုအဖွဲ့ကို ဦးဆောင်နေကြသော အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူတို့၏ စုပေါင်းလုပ်ဆောင်မှုကို အထင်အရှား စော်ကားပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
သို့ရာတွင် ထိုင်းနိုင်ငံအနေဖြင့် ထိုကဲ့သို့လုပ်ဆောင်နေခြင်းအတွက် ဘန်ကောက်၏ အဓိကကျသည့်အကြောင်းရင်းခံကို အခြားအာဆီယံနိုင်ငံများက သိရှိနားလည်ခြင်းမရှိဟု တွေးထင်ထားသည်အထိ တုံးအနေခြင်း မဖြစ်နိုင်ပေ။ ထိုင်းနိုင်ငံက မြန်မာစစ်တပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမတိုင်မီ ကာလကြာမြင့်စွာကပင် နေရာပေးနေခဲ့ပြီးဖြစ်သည်။
ပရမ်တင်ဆူလာနွန်ဒါက ဗိုလ်ချုပ်မင်းအောင်လှိုင်အား ၎င်း၏ “မွေးစားသား” ဟု ခေါ်ဆိုခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ နှစ်ဘက်စလုံးမှ စစ်ဗိုလ်ချုပ်များအကြား ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုများရှိနေခဲ့ကြသည်။ ၂၀၁၄ ခုနှစ်အတွင်း ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်များက ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့်အခါ “နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်မှာ စစ်တပ်၏ တာဝန်ဖြစ်သည်” ဟု ပြောကြားခဲ့ပြီး၊ မြန်မာစစ်တပ်၏ ထောက်ခံမှုကို ရရှိခဲ့သည်။
၎င်း၏ ပြင်းထန်ဆိုးရွားသည့် သံခင်းတမန်ခင်းနှင့် ပတ်သက်၍ စင်္ကာပူက ထိုင်း၏ မြန်မာနှင့် ထိတွေ့ဆက်ဆံမှုအား ဧပြီလကတည်းကပင် သတိပေးထားခဲ့ပြီးဖြစ်သည်။ သို့ရာတွင် အစိုးရသစ်ဖွဲ့စည်းရန် အလားအလာရှိနေသော ထိုင်းနိုင်ငံမှ ရှေ့သို့ချီ (မုဗ်ဖော်ဝါ့ဒ်) ပါတီက မြန်မာနိုင်ငံအား မတူကွဲပြားသည့် ချဥ်းကပ်မှုဖြင့် ဆက်ဆံသွားရန် ကတိကဝတ် ပြုထားခဲ့သည်။
ရှေ့သို့ချီပါတီ၏ ပိုမိုထိပ်တိုက်ရင်ဆိုင်လိုသည့် အနေအထားက ထိုင်းနိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ ပီတီတီမှတစ်ဆင့် ရှိနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအား ခြိမ်းခြောက်လာမည်ကို၊ မြန်မာအစိုးရပိုင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးသောဆက်ဆံမှုရှိသည့် ထိုင်းအခွင့်ထူးရ သီးသန့်အုပ်စုများက စိုးရိမ်နေကြသည်ဟု အများက သိရှိထားကြပြီး ဖြစ်သည်။ ပီတီတီ၏ လုပ်ငန်းများက ဗိုလ်ချုပ်မင်းအောင်လှိုင်၏ စစ်အုပ်စုအတွက် ဝင်ငွေဒေါ်လာ ၁.၃ ဘီလီယံကျော်ကို နှစ်စဉ်ပေးဆောင်လျက် ရှိနေသည်။
ဒုတိယအချက်မှာ၊ မြန်မာစစ်တပ်က အပြစ်မဲ့အရပ်သားများအပေါ် အင်အားသုံးဖိနှိပ်သည့်အခါ သို့မဟုတ် နှစ်ဘက်အလွယ်တကူ ဝင်ထွက်နိုင်သည့် နယ်စပ်တစ်လျှောက် တိုက်ပွဲများဖြစ်ပွားနေသည့်အခါ၊ ထိုင်းစစ်တပ်က အခြားနည်းလမ်းမှ ကြည့်မြင်တတ်သည့် အလေ့အထကလည်း ရှိနေသည်။
ပြီးခဲ့သည့်နှစ်က နယ်စပ်တစ်ဘက် မြန်မာနိုင်ငံဘက်တွင် ရှိနေသည့် ပစ်မှတ်တစ်ခုကို တိုက်ခိုက်ရန်အတွက် မြန်မာ မစ်-၂၉ တိုက်လေယာဉ် တစ်စီးက ထိုင်းလေပိုင်နက်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်အခါ၊ ပရာယွတ်က ထိုဖြစ်ရပ်မှာ “မရည်ရွယ်ဘဲ ဖြစ်လာသည့်” လုပ်ရပ်ဖြစ်ပြီး “ထိုင်းပိုင်နက်အတွင်းသို့ အနည်းငယ်မျှသာ ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ၊ မဝင်မီကပင် ပတ်လှည့်မောင်းထွက်ခဲ့ပြီး ဖြစ်သော်လည်း နိုင်ငံတကာစံနှုန်းနှင့်အညီ မိမိတို့၏ တိုက်လေယာဉ်များကို တုံ့ပြန်စေလွှတ်ခဲ့သည်” ဟု ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုခြင်းက ယင်းဖြစ်ရပ်ကို တရားဝင်ကန့်ကွက်ထားသည့် ထိုင်းတော်ဝင်လေတပ်၏ ဒေါသတကြီးတုံ့ပြန်မှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေး ယိုယွင်းလာပါက ထိုင်းနိုင်ငံအနေဖြင့် များစွာနစ်နာဆုံးရှုံးရမည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ အဆိုးမြင်မှုတိုင်းနှင့် ဆက်စပ်နေသည့် အကောင်းမြင်မှုများကလည်း ရှိနေကြသည်။
အစိုးရသစ်လက်ထက်တွင် ပြန်လည်ညှိနှိုင်းမည့် စာချုပ်များ သို့မဟုတ် အစီအစဉ်များကြောင့်၊ တရုတ်၊ ရုရှားနှင့် ထိုင်းနိုင်ငံတို့အပါအဝင် ဒေသဆိုင်ရာအစိုးရများမှ ရရှိလာသည့် ရန်ပုံငွေများဖြင့် ရပ်တည်နေသော ရက်စက်ကြမ်းကြုတ်သည့် စစ်အုပ်စုအတွက် အရေးကြီးသည့် ရန်ပုံငွေရရှိမှုအပေါ် ထိခိုက်မှုရှိလာစေနိုင်သည်။
နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုများကို ထောက်ခံပြီး စစ်အုပ်စု၏တရားဝင်ဖြစ်မှုကို ငြင်းပယ်သည့်အနေအထားသို့ ပြောင်းလဲရန် ဆန္ဒရှိသည့် ထိုင်းနိုင်ငံအဖြစ် အသစ်ပြန်လည်ထူထောင်ခြင်းက၊ အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အရ တိုးတက်မှုဆီသို့ တွန်းပို့လာနိုင်သည်။
ထိုသို့ဖြစ်ရမည့်အစား၊ အများစုက ၎င်းတို့ကိုယ်တိုင် မိမိတို့၏စစ်အုပ်စုအတွက် တာဝန်ရှိနေဆဲဖြစ်သည့် ရာထူးမှဆင်းပေးရတော့မည့် ထိုင်းခေါင်းဆောင်များအတွက်၊ နိုင်ငံတကာ စင်မြင့်ထက်တွင် နောက်ထပ်တစ်ကြိမ် မိမိတို့ကိုယ်ကို အရှက်ရစရာ ဖြစ်လာစေခဲ့သည်။
တရုတ်အပါအဝင် နိုင်ငံအနည်းငယ်ကသာ တက်ရောက်ခဲ့ကြသော မကြာသေးမီက ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးများမှာ၊ ထိုင်းအစိုးရသစ်က အာဏာရယူခြင်းမပြုမီ မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ဆက်ဆံရေးကို ပြန်လည်ဆယ်တင်နိုင်ရန်အတွက် ပိုမို၍ အလေးထားလုပ်ဆောင် ခဲ့ကြခြင်းသာ ဖြစ်သည်။
အကယ်၍ ထိုင်းနိုင်ငံအနေဖြင့် မိမိ၏သံတမန်ရေးတွင် ပိုမိုပွင့်လင်းမြင်သာမှု ရှိလိုသည်ဆိုပါက အဆိုပါ တံခါးပိတ်အစည်းအဝေးများ၏ ဆွေးနွေးမှုမှတ်တမ်းများကို လူသိရှင်ကြား ထုတ်ပြန်ကြေညာမှု ပြုနိုင်သည်။ သို့သော်လည်း ၎င်းတို့က ထိုသို့ ထုတ်ပြန်ပေးကြလိမ့်မည် မဟုတ်ပေ။
ပြီးခဲ့သည့် ကိုးနှစ်တာကာလအတွင်း ပရာယွတ်အစိုးရက ပြသခဲ့သည့်အတိုင်းပင်၊ မြန်မာနိုင်ငံနှင့် ပတ်သက်မှုရှိလာသည့် အခါတိုင်း ၎င်းတို့က အမှောင်ထဲတွင် အလုပ်လုပ်ရန်ကိုသာ နှစ်သက်ကြလေ့ရှိသည်။
———————
Thailand’s outgoing government disgraces itself one last time on Myanmar
By Mark S. Cogan
https://www.geopoliticalmonitor.com/thailands-outgoing…/
အီဂေါ သတင်းစာမျက်နှာ၏ တင်ဆက်မှုကို ခွင့်ပြုချက်သဘောတူညီမှုဖြင့် ပြန်လည် ဖော်ပြသည်။