ဆောင်းပါးသတင်းဆောင်းပါး

အံကို သူခဲ၊ ပန်းပန်လျက်ပဲ

“အံကို သူခဲ၊ ပန်းပန်လျက်ပဲ”

အားမီ

သတင်းနှင့် မီဒီယာ ကွန်ရက်။

“ပထမဆုံး သတိထားမိတဲ့သတင်းက ကလေးမြို့မစျေးက ပန်းရောင်းတဲ့စျေးသည်တွေနဲ့ ပန်းပန်ထားတဲ့ အမျိုး သမီးတွေကို ဖမ်းသွားတယ်ဆိုတဲ့သတင်းပေါ့နော်။ အစတော့ သိပ်မယုံချင်သေးဘူး။ ပြီးတော့ ရုပ်သံဖိုင် တစ်ခု ထပ်တက်လာတယ်။

ပန်းကိုင်ထားတဲ့လူတွေက စစ်ဝတ်စုံအပြည့်နဲ့ စစ်သားတွေက လိုက်ဖမ်းနေတဲ့ ကလစ် လေ။ တော်တော်အံ့ဩဖို့ကောင်းတာ။ ပန်းတောင် အစည်းလိုက်ကြီး ဘုရားပန်းအတွက် ဝယ်လာတာ နေမှာ။ သူ့ကိုပါ ကားပေါ်တင်သွားတာလေ……” လို့ ဆိုသူကတော့ ကရင်နီပြည်နယ်ထဲက စစ်ရှောင်တွေကို ကူညီပေးနေတဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသမီး (အမည်လွှဲ) ဆူးမြာ ဖြစ်ပါတယ်။

ဆူးမြာက “ပန်းပန်လည်းဖမ်း၊ ပန်းရောင်းလည်းဖမ်း၊ ပန်းကိုင်လည်း ဖမ်းတာကတော့ တော်တော်လေးကို အံ့ဩစရာကောင်းပါတယ်” လို့ ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ မြို့မဈေးမှာ ဇွန်လ (၁၉) ရက်နေ့ မနက်ပိုင်းတုန်းက ပန်းရောင်းတဲ့ဈေးသည် တွေ အပါအဝင် ပန်းပန်ထားတဲ့ အရပ်သား ပြည်သူအယောက် (၂၀) ကျော် ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ 

ကလေးမြို့ခံတစ်ယောက်က “အစတော့ စစ်သားတွေဘာလုပ်တာလဲပေါ့ နည်းနည်းလည်း စိုးရိမ်သွားတာ။ ပေါက်ကွဲမှု တွေ ဘာတွေဖြစ်လာဆိုပြီး ထင်တာ။ နောက်တော့ ပန်းပန်တဲ့သူတွေကို ဖမ်းမှန်းသိတာ။ တချို့ဆို ဘာနေ့မှန်း တောင်မသိတာဗျာ။ အကုန်လိုက်ဖမ်းတာ။ ပန်းရောင်းတဲ့ အဒေါ်ကြီးတွေတောင် ဖမ်းခံရတယ်။ စျေးသည်တွေ ဖမ်းခံရတာများတယ်။ စျေးသည်တွေက အမြဲပန်းပန်ပြီးရောင်းကြတာ ဒီ ၁၉ ရက်နေ့မှာပဲ ပန်တာမဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့မစျေးထဲကို စစ်ဖက်သုံး ကားအသေးတွေအပါအဝင် ကား (၆) စီးနဲ့ ဈေးသည် အပါအဝင် ဈေးထဲက ပန်းပန်ထားတဲ့သူ အယောက် (၂၀)ကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ပြောပါ တယ်။

အလားတူ ဇွန်လ ၂၀ ရက်နေ့မှာတော့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာလည်း အမျိုးသမီး ၄ ယောက်ကို ပန်းသပိတ်ဆင်နွဲလို့ဆိုပြီး မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

ကံပေါက် ဒေသခံ အမျိုးသမီးတစ်ယောက်က “ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်မြောက်မွေးနေ့တုန်းက ပန်းသပိတ်လုပ်ပြီး အွန်လိုင်းပေါ်ကိုတင်ထားတဲ့ ပုံတွေကိုပြပြီး လာဖမ်းတာလို့ သိရတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ဒေါ်နှင်းမြင့် အသက် ၄၅ နှစ်၊ ဒေါ်စုဝေ အသက် ၄၁ နှစ်၊ ညီအမတော်စပ်သူ ဒေါ်မီး လေး အသက် ၃၉ နှစ်နဲ့ ဒေါ်မီးချို အသက် ၃၇ နှစ်တို့ ဖြစ်ကြပါတယ်။

ဧရာဝတီ၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးစတဲ့ တိုင်းဒေသကြီးတွေအပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကရင်ပြည် နယ်၊ ကော့ကရိတ်မြို့က ဒေသခံတွေကိုလည်း စစ်ကောင်စီတပ်က ပန်းသပိတ်မှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးသွားခဲ့ ပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုက ပြုစုထားတဲ့ စာရင်းအရ ရန်ကုန် တစ်မြို့တည်းမှာပဲ ပန်းပန်သူတွေနဲ့ ပန်းကိုင်သူ အယောက် ၄၀ ကျော်ဖမ်းဆီးခံရတယ်လို့ ဆိုပေမယ့် မြေပြင်မှာတော့ ဒီထက်လည်း များနိုင်တယ်လို့ ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြု တဲ့ အနေနဲ့ ပန်းသပိတ်လုပ်ကြဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းပြောဆိုထားရာ အဲ့ဒီနေ့မှာ ပန်းပန် ထားသူတွေ၊ ပန်းကိုင်ပြီး သွားလာခဲ့သူတွေ၊ ပန်းရောင်းတဲ့သူတွေအပြင် ပန်းပျိုးပင် ဝေပေး သူတွေကိုပါ စစ်တပ် က ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတဝှမ်း လူပေါင်း ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေက အများစု ဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုတွေက စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ပန်းသပိတ်ကို ထိတ်လန့်ကြောင်း သက်သေပြသွားတာ ဖြစ်ပါတယ်။

ပန်းသပိတ်ဆိုသည်မှာ…

“သူ (ဒေါ်အောင်ဆန်းစုကြည်) အပါအဝင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားပေါင်း သောင်းချီက ထောင် ထဲမှာ ရှိနေတယ်။ ဒီနိုင်ငံရေး အကျဉ်းသူ/သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တန်ဖိုးထားတဲ့သဘောနဲ့ ရောပေါ့ဗျာ တော်လှန်ရေး အဆက်ဆက်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးထုကြီးကိုရော အားလုံးကိုပေါ့ လူထုတရပ်လုံးကို လေး စားဂုဏ်ပြုတဲ့အနေနဲ့ ပန်းသပိတ်ကို ဖော်ဆောင်တာ ဖြစ်ပါတယ်” လို့ နွေဦးတော်လှန်ရေးမှာ အဦးဆုံးပါဝင်ခဲ့ တဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းသပိတ် လှုပ်ရှားမှုတွေမှာ ပြည်သူတရပ်လုံး ပါဝင်ဖြို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

ခေါင်းမှာ ပန်းတွေကို ဝေအောင်ပန်တတ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ/သားတွေအပါအဝင် ပြည်သူ တစ်ရပ်လုံးကို လေးစားတဲ့အနေနဲ့ အခုလို ပန်းသပိတ်ကို ဆင်နွှဲရတာလို့ ဆိုကြပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့၊ နိုင်ငံရေးပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ အားလုံးဟာ တော်လှန်ရေးသမိုင်း အဆက်ဆက်မှာ ကျရာကဏ္ဍကနေ တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့လို့ ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံလုံးကျွတ် ပန်းသပိတ်မှာ ဆင်နွှဲကြတာလို့ ဆိုပါတယ်။

စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှု အကြမ်းဖက်မှုတွေကို ကြောက်ရွံ့နေမှာမဟုတ်ကြောင်း၊ သွေးပျက်သွားမှာ မဟုတ်ကြောင်း ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နောက်ဆုတ်မှာမဟုတ်ကြောင်း ပြသလိုတာကြောင့် အခုလို ပန်းသပိတ်လှုပ်ရှားမှုကို လုပ်ပြီး သက်သေပြတာလို့လည်း ပါဝင်ဆင်နွှဲသူတွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ် လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြသလို ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သတိရ လွမ်းဆွတ်နေပါတယ်ဆိုတဲ့ စာသား လမ်းမပေါ်မှာ ချိတ်ဆွဲခဲ့ ကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် သူ့မရဲ့ အသက် ၇၅ နှစ်ပြည့် မွေးနေ့နောက်ပိုင်းကစလို့ ဒီနေ့အချိန်ထိ မွေးနေ့ရက်တွေကို အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေရတာ သုံးနှစ်ရှိပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရပြီး နေပြည်တော် အချုပ်ထောင်တွင်းက အဆောက်အအုံ တစ်ခုမှာ တစ်ဦးတည်း သီးခြားထိန်းသိမ်းခံထား ရတာ ဖြစ်ပါတယ်။

နန်းဆန်တဲ့ ပန်းချစ်သူတွေကို ကြောက်တဲ့ စစ်တပ်

ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ် Time City အနီးတွင် ပန်းကိုင်လာတဲ့ ပြည်သူတွေကို လက်နက်တွေကိုင်ဆောင် ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတဲ့ ရုပ်သံ Video ရိုက်ကူးခဲ့တဲ့ Yes Beauty & Salon ဝန်ထမ်း ၁၀ ယောက်ကျော်လည်း ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီထဲက ၂ ယောက်ကိုတော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ အမှု ဖွင့်ဖမ်းဆီးထားပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက အဖွဲ့ဝင်တစ်ယောက်က “ဗွီဒီယို ရိုက်တဲ့ ၂ ယောက်ကို ပုဒ်မ ၅၀၅ နဲ့ဖွင့်တယ်ဆိုတာ ဟုတ်ပါတယ်။ GSCB က ရထားတဲ့စာရင်းအရဆိုရင် ၄၀ ကျော် ၅၀ အဖမ်းခံရတယ် ဒါ က ရန်ကုန်ကနော်။ တခြားမြို့တွေမပါသေးဘူး။ သေနတ်ကိုင်တဲ့လူတွေက ပန်းပဲ ကိုင်တဲ့ ပန်တဲ့ ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက် ဖမ်းတယ်ဆိုတာက အင်မတန့် အင်မတန်ကိုမှ ရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စပဲလို့ ပြော ချင်တယ်။ စစ်တပ်က အရှက်ဆိုတာလည်း မရှိတော့ပါဘူး” လို့ ပြောပါတယ်။

နိုင်ငံတဝှမ်း ပန်းသပိတ်မှာ ပါဝင်ခဲ့တဲ့သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာ အယောက် ၁၅၀ ကျော်ခဲ့ပါ တယ်။ ဒါဟာ ဇွန်လ ၁၆ ရက်နေ့ တရက်တည်းမှာ ဖမ်းဆီးခံရတဲ့ စာရင်းဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ့ ပြန်လည်လွတ်မြောက်လာသူ တချို့ ရှိခဲ့ပေမယ့် တချို့ကတော့ အခုချိန်ထိ ပြန်မလွတ်လာ သေးပါဘူး။ ဖမ်းဆီးခံထားရသူထဲက တချို့ကတော့ ဥပဒေပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခံထားရပါတယ်။

အနုပညာသည်တချို့လည်း ဖမ်းဆီးခံခဲ့ရတာ ရှိပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ခေါင်းဆောင်စစ်စစ်” လို့ တင်ခဲ့တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်လည်း စစ်တပ်လော်ဘီ ဟန်ငြိမ်းဦး အပါအဝင် တယ်လီဂရမ်ချန်နယ်တွေက လှုံ့ဆော်ခဲ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။ မိုးပြည့်ပြည့်မောင်နဲ့ ခင်ဝင့်ဝါတို့လည်း ပန်းသပိတ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးပြနေတာက “စစ်အာဏာရူးတွေက ကျနော်တို့ ပြည်သူတွေကို ကြောက်ရွံ့သွားစေချင်တယ်။ တုန်လှုပ်သွားစေချင်တယ်။ သွေးအေးသွားစေချင်တယ်။ ဒါကြောင့် သူတို့ နည်းလမ်းမျိုးနဲ့ အကြမ်းဖက်ပြနေ တာပဲ။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေကတော့ လုံးဝသွေးအေးမသွားဘူး။ ကျနော်တို့ ပြည်သူတွေရဲ့ နီတဲ့ သွေးတွေ ရဲရဲတောက် ရှိနေဆဲဆိုတာကို ဒီပန်းသပိတ်ကြီးနဲ့ ဖော်ဆောင်တာ ဖြစ်တယ်” ဒေါက်တာ တေဇာဆန်း က ပြောပါတယ်။

“ကျနော်တို့ ‘ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပါ’ ကျနော်တို့ တော်လှန်ပန်းတွေက ပွင့်ဖူးနေဆဲ ဖြစ်တယ်ဆို တာကို ပြသကြဖို့ ဖြစ်ပါတယ်” လို့ ဒေါက်တာတေဇာဆန်းက ထောက်ပြပါတယ်။

“ပန်းပန်ရင် နန်းဆန်တယ်” လို့ ဖွဲ့နွဲ့တင်စားခဲ့တဲ့ကြ သီချင်းစာသားလေးကို “ပန်းပန်ရင် အဖမ်းခံရမယ်” လို့ ပြောင်းလဲရတဲ့ ခေတ်ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီခေတ်ပဲ ဖြစ်ပါတယ်။

ကရင်နီ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဆူးမြာက “တစ်ချက်ထပ်ပြောချင်တာက ဇွန်လ ၁၉ ရက်နေ့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပဲ မဟုတ်ဘူးပေါ့နော်။ တခြားလူတွေလည်း မွေးကြပါတယ်။ အခု စစ်ကောင် စီက လုပ်တာနဲ့ အဲ့ဒီနေ့မွေးတဲ့ တခြားမွေးနေ့ရှင်တွေက ပန်းတွေဘာတွေ လက်ဆောင်ပေးလို့ မရတော့ဘူး လား။ ဗုဒ္ဓဘာသာဝင်တွေဆို မွေးနေ့ဆို ဘုရားမှာ ပန်းလှူကြတယ် မဟုတ်လား၊ အခုက လှူခွင့် မရှိတော့ဘူး လား။ တော်တော် ဆိုးတယ်။ ဇွန် ၁၉ ဆို ပန်းပန်ခွင့် မရှိတော့ဘူးပေါ့။ ကိုယ့်ခေါင်းပေါ် ပန်တာတောင် ပန်ခွင့် မရှိဘူး” လို့ ပြောပါတယ်။

လူတိုင်းက ပန်းလေးတွေကို ချစ်ပေမယ့် ပန်းကိုကြောက်တဲ့ အုပ်စုတစ်စုတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်လာခဲ့ပါတယ်။

“ဖက်စစ်အာဏာရူးတွေ၊ လက်နက်အားကိုး ဓါးရေးတွေ ဘယ်လောက်ပဲပြပြ ပြည်သူတစ်ရပ်လုံးရဲ့ တော်လှန် ပန်းတွေ ဖွေးဖွေးလှုပ်အောင် ဆက်ပြီးတော့ ပွင့်ဖူးနေမှာပဲ ဆိုတာ” လို့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

အလွတ်တန်းသတင်းထောက် မကေဇွန်နွေးက “နှင်းဆီပန်းတွေနဲ့ ပတ်သက်ပြီးမှ ထောင်ကလေ အယူအဆ တစ်ခုရှိတယ်။ နှင်းဆီပန်း ထောင်ထဲကို သွင်းလို့မရဘူး။ တချို့ဝန်ထမ်းတွေဆိုရင်လေ နှင်းဆီပန်းဆိုတဲ့ အသံကို ကြားတောင် မကြားချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ဒီဥစ္စာက နှင်းဆီပန်းဆိုတဲ့ သင်္ကေတက ဒေါ်အောင် ဆန်းစုကြည်ကို ကိုယ်စားပြုတယ်ဆိုပြီး လက်ခံထားတာ ဆိုတော့ ကျမတို့က နှင်းဆီပန်းက ဘာလုပ်နေလို့လဲ ပေါ့နော် ကွယ်ရာမှာပြန်ပြောကြတယ်ပေါ့နော်” လို့ ဆီသို့ – Towards သတင်းဌာနရဲ့ အင်တာဗျူးမှာ ပြောဆို ထားပါတယ်။

နှင်းဆီပန်းနဲ့ပတ်သက်ပြီး ထောင်အာဏာပိုင်တွေ အပြင် တခြားအာဏာပိုင်တွေကလည်း ထိလွယ်ရှလွယ်တဲ့ သဘောမျိုးဖြစ်နေတယ်လို့ မကေဇွန်နွေးက ဆိုပါတယ်။

ဒါ့အပြင် “ခွန်အားဖြည့် မိငယ်” ဆိုတဲ့ သီချင်း အကျဉ်းထောင်တွေထဲမှာ ဆိုသူတွေကို တိုက်ပိတ်တာမျိုး၊ ရိုက် နှက် နှိပ်စက်ခံရတာမျိုး၊ ထောင်ပြောင်းခံရတာမျိုး စတဲ့ ကြီးလေးတဲ့ ဒဏ်ခတ်တာမျိုးတွေကို ထောင် အာဏာ ပိုင်တွေက လုပ်လေ့ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တချို့က ပြောပါတယ်။

နွေဦးတော်လှန်ရေး ကာလတလျှောက်လုံးမှာ ပန်းသပိတ်လှုပ်ရှားမှုက နှစ်ကြိမ်ရှိခဲ့ပါပြီ။ ပထမအကြိမ်ကတော့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့တုန်းက ဖြစ်ပြီး အခု ၂၀၂၃ ခုနှစ်မှာ ကျရောက်တဲ့ ၇၈ နှစ်ပြည့်မွေးနေ့ ပန်းသပိတ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။

“ပန်းသပိတ်” မှာ ပါဝင်သူတွေ၊ ပန်းပန်၊ ပန်းကိုင်၊ ပန်းရောင်း၊ ပန်းဝေသူအားလုံးကို စစ်တပ်က ကြောက်အားကြီး လိုက်ဖမ်းနေတာကို ကြည့်ခြင်းအားဖြင့် လက်နက်ခဲယမ်းအပြည့်ကိုင်ထားတဲ့ သူတွေက လက်နက်မဲ့ ပန်းကိုင်သူ တွေကို ထိတ်လန့်ကြောက်ရွံ့နေတယ်ဆိုတာ သက်သေပြနေတာ ဖြစ်ပါတယ်။

ပန်းပန်တာကို တရားစွဲဆိုတာဟာ တရားဥပဒေအရ မျှတမှု မရှိသလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှု တစ်ခု ဖြစ် တယ်လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တာ်ရှေ့နေ တစ်ယောက်က ပြောပါတယ်။

အမျိုးသမီးတွေရဲ့ ခေါင်းမှာ ပန်းပန်တဲ့ လှပတဲ့ ဓလေ့လေးရှိတဲ့ မြန်မာနိုင်ငံကနေ ပန်းပန်ရင် အဖမ်းခံရတဲ့ တိုင်းပြည်ကြီးဆိုပြီး ကမ္ဘာ့စံချိန်ဝင် မှတ်တမ်းတင်ခံရမယ့် နိုင်ငံဖြစ်လာနေပြီလို နိုင်ရေး အကဲခတ်တွေ၊ တက် ကြွလှုပ်ရှားသူ လူငယ်တွေက ပြောပါတယ်။

ဒီမိုကရေစီ ရရှိရေးအပြင် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်လိုတဲ့ ဆာလောင်မှုကြီးက စစ်ခေါင်း ဆောင်တွေကို အသံမတိတ်ဘဲ ဆက်လက်တွန်းလှန် ဆန့်ကျင်သွားမယ်ဆိုတာ ဒီပန်းသပိတ်က သက်သေလို့ ပင် ဆိုရတော့ပေမည်။

Related Articles

Back to top button