သတင်း

နယ်စပ်စည်းမျဉ်းတလျောက် တည်ငြိမ်ရေးအတွက် စစ်ဆန့်ကျင်ရေးများ ပြုလုပ်ခွင့်မပြုဖို့ အိန္ဒိယနဲ့ စစ်ကောင်စီ ကတိပြု

နယ်စပ်စည်းမျဉ်းတလျောက် တည်ငြိမ်ရေးအတွက် စစ်ဆန့်ကျင်ရေးများ ပြုလုပ်ခွင့်မပြုဖို့ အိန္ဒိယနဲ့ စစ်ကောင်စီ ကတိပြု

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဇူလိုင်လ ၂ရက်။ ၂၀၂၃။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး မြန်မာသို့ လာရောက်ပြီးနောက် နယ်စပ်စည်းမျဉ်းတလျောက် တည် ငြိမ်ရေးအတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခွင့်မပြုဖို့ စစ်ကောင်စီနဲ့ ကတိတဝတ်ပြုခဲ့ကြတယ်လို့ အိန္ဒိယ သတင်းဌာနဖြစ်တဲ့ The Hindu က ဖော်ပြပါတယ်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Giridhar Aramane ဟာ မြန်မာနိုင်ငံသို့ ဇွန် ၃၀ ရက်ကနေ ဇူလိုင် ၁ ရက်နေ့ နှစ်ရက်ကြာ တရားဝင်လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်သွားလာမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများ နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်တလျောက်ဟာ ကီလိုမီတာ ၁၇၀၀ ခန့် ရှည်လျားသော နယ်နိမိတ် ထိစပ်နေပြီး နှစ်ဖက် ဒေသတွေက ဒေသခံများဟာ လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ အပြန်အလှန် ဆက်ဆံမှုများ ရှိကြပြီး အိန္ဒိယ အရှေ့မြောက်ဘက်တွင် လှုပ်ရှားနေသော အိန္ဒိယ ဆန့်ကျင်ရေးအဖွဲ့များသည် မြန်မာ နယ်စပ်ကို ဖြတ်ကာ ခိုလှုံနေသကဲ့သို့ စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယဘက်သို့ မြန်မာ ဒုက္ခသည် များလည်း သောင်းနှင့်ချီပြီး ဝင်ရောက်ခိုလှုံလျက်ရှိကြတာပါ။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Giridhar Aramane ဟာ သူ့ရဲ့ မြန်မာ ခရီးစဉ်အတွင်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦး (ငြိမ်း)၊ မြန်မာ့ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခန်မြင့်သန်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုခရီးစဉ်ဟာ မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရပြည်နယ်မှာ ဒေသအတွင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေချိန် လာရောက်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

Swedish Think Tank Stockholm International Peace Research Institute (SIPRI) ၏ ကမ္ဘာလုံးဆိုင်ရာ လက်နက်လွှဲပြောင်းမှုဆိုင်ရာ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံဟာ ရုရှားနှင့် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသို့ တတိယမြောက် လက်နက်အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၅ နှစ်တာ ကာလအတွင်း တင်သွင်းမှု၏ ၁၄ ရာခိုင်နှုန်းရှိနေသည့်နိုင်ငံလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ -မြန်မာဘက်က မြင်ရတဲ့ မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရပြည်နယ် နယ်စပ်ဖြတ်ကျော်တံတား မြင်ကွင်း။ Getty Images

Related Articles

Back to top button