စကားဝိုင်း

နွေဦးတော်လှန်ရေး ဖက်ဒရယ်တည်ဆောက်ရေးကာလမှာ ပညာရေးအခန်းကဏ္ဍ ဘယ်လိုပူးတွဲ မြှင့်တင်ကြမလဲ(စကားဝိုင်းအနှစ်ချုပ်) 

နွေဦးတော်လှန်ရေး ဖက်ဒရယ်တည်ဆောက်ရေးကာလမှာ ပညာရေးအခန်းကဏ္ဍ ဘယ်လိုပူးတွဲ မြှင့်တင်ကြမလဲ (စကားဝိုင်းအနှစ်ချုပ်) 

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲတာ ကာလမှာ စစ်ရေး တင်းမာမှုတွေ မြှင့်တက်နေချိန်နေမှာ ပျောက်ဆုံးနေတဲ့၊ ရှုံးဆုံးနေတဲ့ ကလေးတွေရဲ့ ပညာသင်ကြားခွင့် နှင့် ပတ်သက်ပြီး တွေ့ကြုံနေရတဲ့ အဟန့်အတားတွေကို ဘယ်လို ဖြေရှင်းကြရမလဲဆိုတာနဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံ ဆွေးနွေးခဲ့ကြသလို၊ ဖက်ဒရယ်ပညာရေတစ်ရပ် တည်ဆောက်နိုင်ဖို့တွက် လိုအပ်တဲ့ မူဝါဒ၊ စံချိန်စံညွှန်းတွေကို ၊ အခြေခံလိုအပ်ချက်နှင့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးမှာ ပညာရေးရဲ့ ကဏ္ဍဟာ အလွန်ကြီးမားကြောင်းနှင့် စိတ်ရင်းစေတနာတွေက အလွန်တရာအရေးကြီးကြောင်း

ဆွေးနွေးသူများ

(၁) ဆရာစောကပီ (Founder/ Director – School of Governance and Public Administration)

(၂) ဆရာမဂျာထွယ်ပန် (ဒုတိယဝန်ကြီး – အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန)

(၃) ဆရာမဂရေ့ ( တာဝန်ခံ – မြောင်ပညာရေးကွန်ရက်)

(၄) ဆရာဇော်ဆိုင်း ( ကျောင်းအုပ်ဆရာကြီး – School of English for professional Purposes)

မေးခွန်းများ

ဖက်ဒရယ်တည်ဆောက်ရေးကာလအတွက် ဖက်ဒရယ် ပညာရေးဆိုင်ရာ အယူအဆ ဆွေးနွေးခြင်း

၁) ပထမဦးဆုံးအနေနဲ့ ဖက်ဒရယ်ပညာရေးဆိုတာ ဘာလဲ။ ( ဆရာစောကပီ၊ ဆရာမဂျာထွယ်ပန်)

ဆရာစောကပီ (Founder/ Director – School of Governance and Public Administration)

ဖက်ဒရယ်စနစ်နဲ့တိုင်းပြည်တစ်ခုကို တည်ဆောက်မယ်ဆိုရင် ဖက်ဒရယ်ပညာရေးကို အကောင်အထည်ဖော်ဆောက်ဖို့လိုပါတယ်။ ဖက်ဒရယ်ပညာရေးစနစ်ဆိုတာ ပြည်ထောင်စု၊ ပြည်နယ်နဲ့ ဒေသန္တရ အစိုးရအဆင့်ဆင့်တွေကြားမှာ လုပ်ပိုင်ခွင့်အာဏာတွေကို ခွဲဝေသုံးစွဲပြီးတော့  ပညာရေးစနစ်ကိုအကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့ ပညာရေးဆိုင်ရာ လိုအပ်သော ဘဏ္ဍငွေခွဲဝေပေးခြင်း၊ စံချိန်စံနှုန်းနှင့် မူဝါဒများကို သတ်မှတ်ပေးခြင်း စတဲ့လုပ်ငန်းတာဝန်တွေ လုပ်ဆောင်ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ အင်စတီးကျူးရှင်းတွေကို အကောင်အထည်ဖော်ဆောင်တဲ့တာဝန်ကို လုပ်ဆောင်ပါတယ်။ အဆင့်မြင့်ပညာရေးကိုပါ ပြည်နယ်အစိုးရတွေက ဦးစီးဆောင်ရွက်ကြပါတယ်။

ဆရာမဂျာထွယ်ပန် ( အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန – ဒုတိယဝန်ကြီး)

မြန်မာနိုင်ငံဟာ ဗဟိုဦးစီး ပညာရေးစနစ်ကို လုပ်ဆောင်တာဟာ မမှန်ကန်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် ဗဟိုချုပ်ကိုင်မှု လျော့ချတဲ့ ပညာရေးစနစ်၊ ဒေသန္တရပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ဖို့လိုပါတယ်။

၂) ဖက်ဒရယ်ပညာကို ဘယ်ကနေစပြီး မိတ်ဆက်ပေးရမလဲ။ (ဆရာဇော်ဆိုင်း၊ ဆရာမဂရေ့)

ဆရာဇော်ဆိုင်း ( ကျောင်းအုပ်ဆရာကြီး – School of English for professional Purposes)

ဖက်ဒရယ်ပညာရေးလို့ ပြောရင် ဒေသအသီးသီးမှာ ရှိတဲ့ ယဉ်ကျေးမှု၊ သမိုင်း စတာတွေကို ဒေသအသီးသီးက ပညာရှင်တွေကိုယ်တိုင် ဆွေးနွေးပြီး သင်ရိုးညွှန်းတမ်းတွေကို ကိုယ်တိုင်ရေးဆွဲပြီး အကောင်အထည်ဖော်ဖို့လိုပါတယ်။

ဆရာမဂရေ့ ( တာဝန်ခံ – မြောင်ပညာရေးကွန်ရက်)

ဖက်ဒရယ်ပညာရေးကို မိဘပြည်သူများကို စတင်မိတ်ဆက်ပေးဖို့လိုပါတယ်။ ကိုယ့်ဒေသနဲ့ ချိတ်ဆက်ပြီး တွေးတောနိုင်ဖို့အတွက် စတင်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဖက်ဒရယ်ပညာရေးကို သက်ဆိုင်ရာဖက်ဒရယ်ယူနစ်နဲ့ ပြည်ထောင်စုအစိုးရက ပူးတွဲလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မိဘပြည်သူတွေအနေနဲ့ ဖက်ဒရယ်ရဲ့ သဘောသဘာဝကိုလည်း ပူးတွဲ မိတ်ဆက်ပေးဖို့လိုပါတယ်။

၃) ဖက်ဒရယ်တည်ဆောက်ရေးကို သွားနေကြပြီဖြစ်တာကြောင့် ဖက်ဒရယ်အခြေခံတဲ့ ပညာရေးကို (ဥပဒေကြောင်းအရ၊ နိုင်ငံသားအခွင့်အရေး ရှုထောင့်) တွေကနေ ဘယ်လို စတင်အကောင်အထည်ဖော် ကျင့်သုံးဖို့ သင့်တော်ပြီလို့ ယူဆပါသလဲ။

ဆရာမဂျာထွယ်ပန် (ဒုတိယဝန်ကြီး – အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန)

ဖက်ဒရယ်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ပညာရေးစနစ် တည်ဆောက်ဖို့အတွက် အဆင့်သုံးဆင့် သတ်မှတ်ပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ Conceptual Change, mindset change, structural change ကို လုပ်ဆောင်ဖို့လိုပါတယ်။ ဖက်ဒရယ်ရဲ့ အနှစ်သာရဖြစ်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို အခြေခံပြီးတော့ ပညာရေးစနစ်ကို လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

ဆရာဇော်ဆိုင်း ( ကျောင်းအုပ်ဆရာကြီး – School of English for professional Purposes)

နိုင်ငံသားအခွင့်အရေးရှုထောင့်အရ ကလေးတိုင်းကို အသားအရောင်၊ လူမျိုး မခွဲခြားဘဲ ပညာသင်ကြားခွင့်ကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထိုအတွက် ဥပဒေအကြောင်းအရ ထိန်းကြောင်းထားပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး equity, equality ကို အလေးထားဖို့လိုပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ အနိမ့်ဆုံး ရှိရမဲ့ ပညာရေးအဆင့်အတန်းကို သတ်မှတ်ထားပြီး မဖြစ်မနေ သင်ကြားပေးဖို့လိုပါတယ်။

၄) တဆက်တည်းမှာပဲ မြန်မာ့နိုင်ငံရဲ့ ခေတ်အဆက်ဆက်က ပညာရေးကို ဖက်ဒရယ်အယူအဆအခြေခံတဲ့ ပညာရေးဘက်သို့ မြှင်တင်သွားကြမှာ ဖြစ်လို့ ဘာတွေလုပ်ဆောင်ထားဖို့ လိုအပ်တယ်လို့ ပြောချင်လဲ။ ဆရာစောကပီ (Founder/ Director – School of Governance and Public Administration)

၂၀၁၀ နောက်ပိုင်းမှာ တိုင်းပြည်က အနည်းငယ် ပွင့်လင်းတာပြီး ပညာရေးအင်စတီကျူးရှင်းတွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ပညာရေးအတွက် ဘဏ္ဍာငွေ တိုးမြှင့်လာတာကြောင့် ပညာရေးစနစ်ပိုမိုကောင်းမွန် ပွင့်လင်းလာတယ်လို့ ပြောလို့ ရပါတယ်။ သို့ပေမဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုဟာ အာဏာသိမ်းလိုက်ချိန်မှာ ထိုဖြစ်စဉ်က ပြိုကျသွားတယ်လို့ ပြောလို့ရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကြိုးကိုင်တဲ့ ပညာရေးလို့ ပြောလို့ရနိုင်ပါတယ်။ တချိန်တည်းမှာ NUCC ကတော့ ဖက်ဒရယ်ပညာရေးနဲ့ ပတ်သက်ပြီး ရေးဆွဲထားမှုအပေါ် ဖက်ဒရယ်စံနှုန်းအပေါ် ရေးဆွဲထားတာ တွေ့ရပါတယ်။

၅) အခု ဆွေးနွေးကြတဲ့ ဖက်ဒရယ်အခြေခံတဲ့ ပညာရေးနဲ့ ပတ်သက်ပြီး မြန်မာလူထုတွေ နားလည်နိုင်အောင် လေ့လာခွင့်ရအောင် တော်လှန်ရေးအစိုးရ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဖန်တီးပေးဖို့ လိုအပ်မလဲ။ ဆရာမဂျာထွယ်ပန် (ဒုတိယဝန်ကြီး – အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန)

ဖက်ဒရယ်ပညာရေးကို သက်ဆိုင်သူတွေ (Actors) ကို ကဏ္ဍအလိုက် အသိပညာပေးဖို့လိုပါတယ်။ ကျောင်းသား၊ မိဘ၊ ပြည်သူတွေကို ဖက်ဒရယ်ပညာရေးနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ် မိတ်ဆက်ပေးဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာ ဖက်ဒရယ်ပညာရေးကို အခြေခံတဲ့ ကျောင်းတွေကို ပုံစံမျိုးစုံနဲ့ တည်ထောင်ကြတဲ့အပေါ် အားပေးဖို့ လိုအပ်ပါတယ်။ လက်ရှိ မီဒီယာတွေကတဆင့် ပြောင်းလဲလာတဲ့ပညာရေးစနစ်ကို မိတ်ဆက်ပေးလျက်ရှိပါတယ်။ ဝန်ထမ်းတွေကိုလည်း Training တွေ ပေးနေပါတယ်။

၆)မြောင်ပညာရေးကွန်ယက်အနေနဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို ဘယ်လိုရေးဆွဲတည်ဆောက်ထားသလဲ ဆိုတာ အကျဉ်းပြောပြပေးလို့ ရနိုင်မလားရှင့်။

ဆရာမဂရေ့ (တာဝန်ခံ – မြောင်ပညာရေးကွန်ရက်)

မြောင်ပညာရေးအနေနဲ့ လက်ရှိမှာအခြေအနေအရ ဖက်ဒရယ်ပညာရေးကို အကောင်အထည်ဆောင်ဖို့ ခက်ခဲပါတယ်။ လက်ရှိမှာတော့ ဒေသတွင်း ပညာရေးကို လုပ်ဆောင်နေသူ (CDM ဆရာ/မများ၊ ဘုန်းကြီးကျောင်း ပညာရေး၊ စသော) များနှင့် ဆွေးနွေးပြီး ပညာရေးကိုအကောင်အထည်ဖော်လျက်ရှိပါတယ်။ အာဏာသိမ်းမှုကြောင့် အဆက်ပြတ်နေတဲ့ပညာရေးကို စဉ်ဆက်မပြတ်ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ ရုန်းကန်ဖို့လိုပါတယ်။ အကြီးဆုံးအချက်ကတော့ ပညာသင်ကြားမှုနောက်မှာ ထပ်မံချိတ်ဆက်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

၇) ခေတ်အဆက်ဆက် အစိုးရတွေကြားထဲမှာ သက်ဆိုင်ရာ လူမျိုးစုတွေက အထူးသဖြင့် တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်း (EROs)က သူတို့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ပညာရေးနဲ့ ပတ်သက်ပြီး တည်ထောက်ဖွင့်လှစ် သင်ကြားပေးနေကြပါတယ်။ EAOs တွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ၊ ဘယ်လိုအသိအမှတ်ပြု မြှင့်တင်ဖို့ လိုအပ်ပါလဲ။

ဆရာဇော်ဆိုင်း ( ကျောင်းအုပ်ဆရာကြီး – School of English for professional Purposes)

လက်ရှိအခြေအနေအရ လတ်တလောပညာရေးဖြေရှင်းမှုအတွက် ပြင်ပပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြပါတယ်။ ထို့အတွက် စံနှုန်း၊ မူဝါဒများကို သတ်မှတ်ထားဖို့ လိုပါတယ်။

ဆရာစောကပီ (Founder/ Director – School of Governance and Public Administration)

ပညာရေးဆိုင်ရာအသိအမှတ်ပြုခြင်း နဲ့ပတ်သက်ပြီး ပြောလိုတာက ပညာရေးဆိုင်ရာ အသိအမှတ်ပြုခြင်းကို အစိုးရက လုပ်ဆောင်ပေးရတာမဟုတ်ဘဲ၊ ပညာရေးစံချိန်စံနှုန်းနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ပညာရေးရဲ့ အခြေခံဖြစ်တဲ့ အရည်အသွေးအခြေပြု မူဝါဒအပေါ် အခြေခံတဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၈) ဖက်ဒရယ်ဂျာနယ် မြန်မာက ပြုလုပ်ခဲ့တဲ့ စကားဝိုင်းတချို့မှာလည်း လူမျိုးစုလူငယ်ခေါင်းဆောင်၊ တက်ကြွလှုပ်ရှားသူတွေ၊ သုတေသီတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက မြန်မာ့အရေးအတွက် အတွေးသစ် အခေါ်သစ် စနစ်သစ်တွေနဲ့ ရှေ့ကိုလှမ်းဖို့ တိုက်တွန်း ဆွေးနွေးချက်တွေလည်း အများကြီး ရှိပါတယ်။ ဆိုတော့ ဒီကနေ့ စကားဝိုင်း တည်ထားတဲ့ ခေါင်းစဉ်အတိုင်း ခြုံငုံပြီး ဆွေးနွေးပေးဖို့ပါ၊ နွေဦးတော်လှန်ရေး ဖက်ဒရယ် တည်ဆောက်ရေးကာလမှာ ပညာရေး အခန်းကဏ္ဍ ဘယ်လိုပူးတွဲ မြှင့်တင်ဖို့ လိုအပ်ပါသလဲ။

ဆရာမဂျာထွယ်ပန် (ဒုတိယဝန်ကြီး – အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန)

တော်လှန်ရေးမှာ ဖက်ဒရယ်ပညာရေးပေါ်ပေါက်လာအောင် ဆောင်ရွက်ပြီး တတပ်တအား ပါဝင်လုပ်ဆောင်နေပါတယ်။ မတူကွဲပြားမှုကို လက်ခံတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်စံနှုန်းကို နားလည်တဲ့ ပညာရေးကို ပေးဖို့ လုပ်ဆောင်ပါတယ်။ Critical Thinking ကိုလည်း သင်ကြားပေးရမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း တော်လှန်ရင်းနဲ့ ပညာရေးအတွက် အခြေခံအုတ်မြစ်ချ တည်ဆောက်နေပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ ပညာ သင်ကြားရေး၊ လေ့လာခွင့်တို့အတွက် စိန်ခေါ်မှုဆိုင်ရာ ဆွေးနွေးခြင်း

၁) အခုတော်လှန်ရေးကာလမှာ လူငယ်တွေ ပညာသင်ကြားရေးမှာ နှစ်ဖက်အင်အားစုတွေရဲ့ အသိအမှတ် မပြုမှု၊ မတရားဖမ်းဆီးခံရမှု စတဲ့စိန်ခေါ်မှုမျိုး ကြုံနေရတာ တွေ့ရပါတယ်။ ကျောင်းပညာရေးအတွက် စိတ်သောက ရောက်ကြရတဲ့ မိဘတွေကိုလည်း မြင်နေရပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ဘာတွေလုပ်ဖို့လိုမလဲ။

ဆရာဇော်ဆိုင်း ( ကျောင်းအုပ်ဆရာကြီး – School of English for professional Purposes)

လက်ရှိမှာ ပညာရေးနဲ့ပတ်သက်ပြီး စိန်ခေါ်မှု (၃) ခုရှိပါတယ်။ (၁) စကစ ကျောင်းကို ပို့ရမလား၊ (၂) အဖွဲ့အစည်းတွေက ဖွင့်တဲ့ကျောင်းတွေမှာ ပို့ရမလား၊ (၃) တနိုင်သင်ကြားပေးတဲ့ ဆရာ/မ တွေဆီမှာ ပို့ရမလား ဆိုတဲ့အပေါ် အခက်အခဲ ဖြစ်နေကြပါတယ်။ ထို့နည်းအတူ အခြားနည်းလမ်းတစ်ခုက အွန်လိုင်းကနေ သင်ယူတာဖြစ်ပါတယ်။ ထိုနည်းက တော်တော်အဆင်ပြေပါတယ်။ ထိုအတွက် ပညာရေးဝန်ကြီးဌာနက မူဝါဒ၊ စံနှုန်းတွေကို သတ်မှတ်ပေးဖို့ လိုပါတယ်။

၂) တဆက်တည်းမှာပဲ အခုလို စိန်ခေါ်မှု ကြုံနေရတာက ဘာကြောင့်လို့ ပြောချင်ပါသလဲ။ ကလေးအားလုံး ပညာသင်ခွင့်ရရှိရေး စစ်အာဏာသိမ်းမှု အပြင် ဘာတွေက အဟန့်အတား ဖြစ်နေပါသလဲ။  

ဆရာမဂရေ့ ( တာဝန်ခံ – မြောင်ပညာရေးကွန်ရက်)

ပညာရေးစိန်ခေါ်မှုတွေက အများကြီး ရှိပါတယ်။ လက်ရှိတော်လှန်ရေးကာလမှာဆိုရင် ပညာရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီတွေက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေးကို စဉ်ဆက်မပြတ်သင်ကြားနိုင်ရေးအတွက် အလွန်ခက်ခဲနေပါတယ်။ ထိုအခက်အခဲတွေ ဘာဘဲ ဖြစ်ဖြစ် ဖောက်ထွက်ကြမယ်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။

၃) နွေဦးတော်လှန်ရေးကာလအတွင်း ပညာသင်ကြားရေးကို အကန့်အသတ်၊ အတိုင်းအတာ ထားသင့်ပါသလား။

ဆရာမဂျာထွယ်ပန် (ဒုတိယဝန်ကြီး – အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန)

တော်လှန်ရေးမှာ ပညာရေးကဏ္ဍမှာလည်း စစ်မျက်နှာတစ်ခုလို ဖြစ်ပါတယ်။ စစ်ကောင်စီက CDM ဆရာ/မတွေကို ဖမ်းဆီးနှိပ်စက်နေကြပါတယ်။ ထိုအတွက် ပညာရေးကို အကောင်အထည်ဖော်သင်ကြားပေးဖို့ အတွက် အသက်နဲ့ရင်းနေရပါတယ်။ ထိုအခက်အခဲတွေကို ကျော်လွှားဖို့အတွက် တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ အားလုံးပါဝင်လာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။

ဆရာစောကပီ (Founder/ Director – School of Governance and Public Administration)

ဒီလိုကာလမှာ အရမ်းလွန်ဆွဲနေတဲ့ ကာလဖြစ်ပါတယ်။ အခြေအနေအရ နိုင်ငံသားတွေအနေနဲ့ ကျရာကဏ္ဍမှာ တာဝန်ကျေပွန်ဖို့ လိုပါတယ်။ မိဘတေတွကို စစ်ကောင်စီက ပေးတဲ့ ပညာရေးစနစ်ကို လိုချင်သလားဆိုတာကိုဘဲ မေးရမှာဖြစ်ပါတယ်။ မည်သို့ပင် ဖြစ်စေ ကလေးတွေရဲ့ ရတဲ့နည်းနဲ့သင်ယူမှုကို လက်ခံအသိအမှတ်ပြုပေးဖို့ လိုပါတယ်။ စစ်ကောင်စီအလိုကျပညာရေးစနစ်ကို ငြင်းဆိုဖို့ လိုပါတယ်။

၄) မြောင်ပညာရေးအနေနဲ့ ဘယ်လို ချိတ်ဆက် လည်ပတ်နေပါသလဲ။

ဆရာမဂရေ့ ( တာဝန်ခံ – မြောင်ပညာရေးကွန်ရက်)

မြောင်ပညာရေးနဲ့ ပတ်သက်ပြီး မြောင်အခြေပြုကွန်ယက်တစ်ခု တည်ဆောက်ပြီး ပညာရေးစနစ်ကို စတင်လည်ပတ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းဆရာမတွေအနေနဲ့ အချင်းချင်းကြား ပြန်လည်မျှဝေသင်ကြားလေ့လာနည်းနဲ့ လေ့လာကြသလို၊ လိုအပ်တဲ့အကူအညီတွေကို ကွန်ယက်တွေကတဆင့် ပြန်လည်ရှာဖွေတာ ပြုလုပ်ပါတယ်။ ပညာရေးဝန်ကြီးဌာနမှပြုလုပ်တဲ့ သင်တန်းတွေကိုလည်း တက်ရောက်ပါတယ်။

၅) အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး မူဝါဒအပါအဝင်၊ တော်လှန်ရေးကာလမှာ ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့် ရရှိရေးတို့ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုထပ်တိုးပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်မလဲ။

ဆရာမဂျာထွယ်ပန် (ဒုတိယဝန်ကြီး – အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန)

ပညာရေးစနစ်နဲ့ပတ်သက်ပြီး ရေတို၊ ရေရှည်စီမံချက်တွေ ရေးဆွဲပြီး လုပ်ဆောင်နေပါတယ်။ လက်ရှိ ကြားကာလမှာ အကောင်းဆုံးပညာရေးစနစ်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ အရင်အစိုးရက မပြီးပြတ်သေးတဲ့ သင်ရိုးညွှန်းတန်း ပြန်လည်ရေးဆွဲနေပါတယ်။ ပညာရေးအကောင်အထည်ဖော်နေသူတွေကို အရည်အသွေးမြင့်တင်နိုင်ဖို့ သင်တန်းတွေ လုပ်ဆောင်နေပါတယ်။ နောက်ဆုံးအနေနဲ့ CDM ကျောင်းသားတွေနဲ့ Forum လုပ်ခဲ့ပါတယ်။

၆) နောက်ဆုံးအနေနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သွားနေပြီဖြစ်တာကြောင့် ပညာရေးမူဝါဒ နဲ့ ပတ်သက်ပြီး ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ်အကြား အယူအဆ အခြေခံအုတ်မြစ်ကိုလည်း ဘယ်လိုချမှတ် ဖော်ဆောင်သင့်ပါသလဲ။

ဆရာဇော်ဆိုင်း ( ကျောင်းအုပ်ဆရာကြီး – School of English for professional Purposes)

ကလေးတွေကို အတန်းတခု သင်ကြားတက်မြောက်ပြီးရင် ထပ်ဆင့်သင်ကြားနိုင်ဖို့ NUG ဘက်က စီစဉ်ပေးနိုင်ဖို့ လိုပါတယ်။ ထိုအတွက် ပညာသင်ကြားတတ်မြောက်မှုဆိုင်ရာ စံနှုန်းတွေကို သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။

ဆရာမဂရေ့ ( တာဝန်ခံ – မြောင်ပညာရေးကွန်ရက်)

ပညာရေးကို အကောင်အထည်ဖော်ရာမှာ အကြီးဆုံးစိန်ခေါ်မှုကို အဆင့်မြင့်ပညာရေးကို တက်လှမ်းနိုင်ဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် ကျောင်းသားတွေရဲ့ ပညာရေးအ‌ပေါ် ယုံကြည်မှုက ကျဆင်းလာပါတယ်။ ဒါ့ကြောင့် ပညာရေးအတွက် လမ်းကြောင်း ရှာဖွေပေးဖို့လိုပါတယ်။

ဆရာစောကပီ (Founder/ Director – School of Governance and Public Administration)

ဖက်ဒရယ်ပညာရေးနှင့် ဖက်ဒရယ်စနစ် က တထပ်တည်းကျဖို့လိုပါတယ်။ ဖက်ဒရယ်စနစ်မတည်ဆောက်ရသေးဘဲ ဖက်ဒရယ်ပညာရေးစနစ်ကို ကျူးပြီး တည်ဆောက်ဖို့ ခက်ပါတယ်။ ပြည်ထောင်စု၊ ပြည်နယ်၊ ဒေသန္တရလုပ်ပိုင်ခွင့်တွေကို သေချာပြဌာန်းခွဲဝေဖို့ လိုပါတယ်။ လက်ရှိမှာ ဖက်ဒရယ်ပညာရေးကို အကောင်အထည်ဖော်ရာမှာ အခက်အခဲ ကြီးပေမဲ့ တကယ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပြီးသွားတဲ့အချိန်မှာ ဖက်ဒရယ်ပညာရေးကို အကောင်အထည်ဖော်ဖို့ အခက်အခဲရှိမယ်လို့ မထင်တော့ပါဘူး။

Related Articles

Back to top button