သတင်း

မယ်စဲ့မြို့နယ်အားလုံးနီးပါးကို ကရင်နီပူးပေါင်းတပ်ဖွဲ့ကထိန်းချုပ်ထားနိုင်ပြီလို့ ဆို

ဓါတ်ပုံ- CJ 

ဖယ်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂၅ ရက်၊၂၀၂၃။
 
ကယား(ကရင်နီ)ပြည်နယ် ထိုင်းနယ်စပ်က မယ်စဲ့မြို့နယ်အားလုံးနီးပါးကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထိန်းချုပ်ထားနိုင်ပြီလို့ မယ်စဲ့ဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
 
နှစ်ဖက်တိုက်ပွဲအတွင်း BP -13 စစ်သား (၂၁) ဦးထဲက တပ်သား (၁၈) ဦးက နယ်စပ်တဘက် ထိုင်းနိုင်ငံထဲ ထွက် ပြေးသွားခဲ့ပြီး ထိုင်းစစ်တပ်လက်ထဲ ရောက်ရှိနေသလို အရာရှိ(၃)ဦးကတော့ ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေး ရဲဘော်တွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၁၃)ရက်နေ့မှစပြီး မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီတွေရဲ့ တောင်လှစခန်း၊ မယ်တင်နွယ်စခန်း၊ BP – 14 နှင့် ရဲစခန်း တို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့တာပါ။
 
အဲဒီနောက် ဇွန်လ (၁၆)ရက်နေ့မှာတော့ မယ်စဲ့မြို့နယ်၊ ပန်းတိန်းကျေးရွာအခြေစိုက် BGF (1004)တပ်ရင်းက ခွဲထွက်အဖွဲ့တို့ဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး (KNPLF)အဖွဲ့ထဲသို့ ပြန်လည် ပေါင်းစည်းခဲ့ပါတယ်။
 
ဇွန်လ (၂၃)ရက်နေ့က မယ်စဲ့မြို့နယ်အရှေ့ဖက်ရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတစ်ခုကို ကရင်နီ ပူးပေါင်း တပ်ဖွဲ့ များမှ ထပ်မံသိမ်းနိုင်ခဲ့ပြီးနောက် ဇွန်လ(၂၄)ရက်နေ့မှာလည်း မယ်စဲ့မြို့နယ်ရှိ BP -13ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂၁)ဦး ရှိသည့်အနက် (၁၈)ဦးမှာ လက်နက်အပြည့်အစုံနဲ့ လက်နက်ချခဲ့ကြတာပါ။
 
လက်ရှိမယ်စဲ့မြို့နယ်တွင် စစ်ကောင်စီတပ်မှ ပန်းတိန်းကျေးရွာတွင် အခြေစိုက်ထားသည့် (1004) တပ်ရင်းနေရာ တစ်ခုတည်းသာ တပ်အင်အားကျန်တော့တယ်လို့ မယ်စဲ့ဘက်က ရဲဘော်တစ်ဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ မယ်စဲ့ဒေသခံတွေကတော့ တဘက်ထိုင်းနိုင်ငံဖြစ်တဲ့ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ်အတွင်း ရောက်ရှိလာကြသည့် ကရင်နီစစ်ဘေးရှောင်များဟာ လက်တလော် နေရပ်ထဲကို ပြန်မရနိုင်သေးသလို အရေးပေါ်အကူအညီလည်း လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ကတော့ မယ်စဲ့မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားလာပြီး ဖားဆောင်းမြို့နယ်ကနေတဆင့် အင်အား (၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်နေလျက်ရှိနေပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်များနဲ့ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များ၊ EAO များဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်လျက် ရှိနေတယ်လို့ ဖားဆောင်းဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

အခုမယ်စဲ့ဘက်က အခြေအနေများနဲ့ ပတ်သက်ပြီး FJMM အနေဖြင့် သီးခြားအတည်ပြုနိုင်ဖို့ ဆက်သွယ်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

Related Articles

Back to top button