
ဓါတ်ပုံ – The Kachin Net
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂၀ ရက်၊ ၂၀၂၃။
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ပညာရေးဝန်ကြီးဌာန အုပ်ချုပ်မှုအောက်က ဖွင့်လှစ်ပေးနေတဲ့ သီးသန့် ကချင်စစ်ရှောင် အလန်ဘွမ် အထက်တန်း ကျောင်းမှာ အခုနှစ် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာတော့ တက်ရောက်လာတဲ့ ကျောင်းသား၊သူ ဦးရေ နှစ်ထောင် ကျော်လာပြီလို့ လိုင်ဇာဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
အခု သီးသန့် ကချင်စစ်ရှောင် အလန်ဘွမ် အထက်တန်းကျောင်းမှာတော့ တက်ရောက်လာတဲ့ ကျောင်းသား၊သူ ဦးရေ နှစ်စဉ်တိုးလာလို့ ပညာသင်ကြားမယ့် ကျောင်းခန်းများကို တိုးချဲ့ စီမံနေရတယ်လို့ ကျောင်းအုပ်ချုပ်ရေး စီမံခန့်ခွဲအဖွဲ့တွေက ပြောပါတယ်။
ကျောင်းသား၊သူ ဦးရေ အဆမတန် တိုးလာပြီးနောက် သင်ကြားအခန်းများ ခက်ခဲလာတာကြောင့် အလယ်တန်း ကျောင်းသား၊သူများနှင့် အထက်တန်းကျောင်းသား၊သူများကို သီးသန့်နေရာခွဲပြီး သင်ကြားပေးနေရတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ကလေး ငယ်များရဲ့ ပညာရေးအတွက် မိဘတွေက KIO က ဖွင့်လှစ်တဲ့ ကျောင်း ကို ရွေးချယ်လာကြလို့ တက်ရောက်သူ ဦးရေ တိုးလာတယ်လို့ နားလည်ရပါတယ်။
အခုနှစ် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာတော့ စနစ်သစ်ဖြင့် ပထမတန်း (Grade -1) ကနေ န၀မတန်း (Grade -10) ထိ ပြောင်းလဲ သင်ကြားပေးနေပြီး စနစ်ဟောင်းနှင့်အတူ ဒသမတန်း(Grade- 11)ကို တက်ရောက် သင်ကြားနေတဲ့ ကျောင်းသား၊သူ ဦးရေ (၁၁၁၅) ဦးထိ ရှိနေတယ်လို့ သိရပါတယ်။
အခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဖွင့်ပွဲကိုတော့ ယမန်နေ့ ဇွန် ၁၉ ရက်နေ့မှာ အလန်ဘွမ် အထက်တန်း ကျောင်းရဲ့ ခန်းမကြီးအတွင်း ကျောင်းသား၊သူများ နှင့် ဆရာ၊ဆရာမ များ ကျောင်း အုပ်ချုပ်ရေး အဖွဲ့တို့က စုပေါင်းပြီး ကျောင်းသင်ကြားရေး အတွက် ဆုတောင်းဆပ်ကပ် ကျေးဇူးတော်ချီးမွမ်းကာ စတင်ဖွင့်လှစ် သင်ကြား ပေးနေပြီလို့ ဆိုပါတယ်။
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ပညာရေးဝန်ကြီးဌာန အုပ်ချုပ်မှုအောက်က ဒေသ ၁၀ ခုမှာ အထက်တန်း ကျောင်း ၁၀ ကျောင်းထက် မနည်း ဖွင့်လှစ်သင်ကြားပေးနေပြီး ပြီးခဲ့တဲ့ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်ရဲ့ ဒသမတန်း (Grade- 11) ကို တက်ရောက် အောင်မြင်ခဲ့သူ ကျောင်းသား၊သူ ဦးရေ (၁၄၃၇) ဦး ရှိခဲ့ပါတယ်၊ အဲဒီထဲမှာ ဘာသာရပ် အလိုက် ထူးချွန်တဲ့ ရမှတ်များနဲ့ ဂုဏ်ထူးများလည်း အသီးသီး ထွက်ရှိခဲ့ကြတယ်လို့ KIO ဗဟိုပညာရေး ဝန်ကြီးဌာနဘက်က သတင်း ထုတ်ပြန်ထားပါတယ်။