သတင်း

နမ့်ဆန်ယန်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်

Photo- CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဇွန် ၁၈ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်ရှိတဲ့ နမ့်ဆန်ယန်ကျေးရွာအနီး ကချင်ပြည်လွတ် လပ်ရေး တပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့အကြား ယနေ့မန်နေ့ ဇွန် ၁၇ ရက် နံနက်ပိုင်း ၁၀ နာရီခန့်က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေး တင်းမာနေဆဲ ဖြစ်တယ်လို့ နမ့်ဆန်ယန် ဒေသခံတွေဆီက သိရပါတယ်။

နမ့်ဆန်ယန် ဒေသခံတစ်ဦး ပြောပြတာက “ အဓိက တိုက်ပွဲ ဖြစ်ပွားတာက KIA တပ်စခန်းချထားတဲ့ ဧရိယာ ဘက်ကို ဝင်ရောက်လာလို့ တိုက်ပွဲ ဖြစ်ခဲ့တာပါ။ ဝင်ခွင့် မရှိတဲ့ နယ်မြေဧရိယာတွေ စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားလို့ တိုက်ခိုက်ခံရတာပါ။ တိုက်ပွဲကတော့ မနေ့က နံနက်ပိုင်း ၁၀ နာရီလောက်မှာ ဖြစ်ခဲ့တာပေါ့”လို့ ပြောပါတယ်။

တချို့ သတင်းရင်းမြစ်တွေအရတော့ ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင် အောင်ဂျာကျေးရွာမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ် ခလရ ၁၃ တပ်က စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဟာ ခြေလျင်နဲ့ နမ့်ဆန်ယန်‌ ကျေးရွာအနီး‌ ရွှေတူးဖော် နေသူများကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားလာပြီး ဝင်ရောက်လာတာကြောင့် ကချင်လွတ် မြောက်ရေး တပ်မတော်(KIA) ဘက်က ကြားဖြတ်ခဲ့တာလို့ ဆိုပါတယ်။

နမ့်ဆန်ယန် ချောင်းတစ်ဖက်ကမ်းသို့ စစ်ကောင်စီတပ်အနေဖြင့် မည်သည့်အကြောင်းပြချက်နဲ့မဆို ဝင်ရောက်ခွင့် မရှိသလို စစ်ကောင်စီ နေရာယူထားတဲ့ ချောင်းတစ်ဖက်ကမ်းဘက်က တပ်စခန်းတို့ကလည်း နှစ်ဖက် လှုပ်ရှားမှု တွေကိုလည်း စစ်ရေးအရ အမြဲစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

အခုတော့ နှစ်ဖက်တိုက်ပွဲကြောင့် လတ်တလော် မြစ်ကြီးနား-လိုင်ဇာ ခရီးသည် ကားအဝင်အထွက်ကားများကို ပိတ်ထားသလို စစ်ရေးတင်းမာလာမှုကြောင့် စစ်ကောင်စီက ဖိအားပေး အတင်းအဓ္ဓမ နေရပ်ပြန်ခဲ့ကြရတဲ့ နမ့်ဆန်ယန်ဒေသက စစ်ဘေးရှောင် ဒေသခံများဟာ စိုးရိမ်မှု မြင့်တက်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာလည်း စစ်ကောင်စီတပ်က နမ့်ဆန်ယန်ကျေးရွာတွင်းသို့ ဝင်ရောက်ရန် ကြိုးစား ဖူးတာကြောင့် KIA ဘက်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရက်သတ္တပတ်ခန့် နှစ်ဖက်စစ်ရေး တင်းမာမှု များ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယမန်နေ့ ကြားဖြတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှု မရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း တချို့ကိုတော့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) က သိမ်းဆည်းရမိခဲ့တာပါ။

Related Articles

Back to top button