တော်လှန်ရေး၊ ဗမာဇာတ်သွင်းရေးနဲ့ အသစ်တွေလုပ်ချင်တဲ့ရောဂါ
- စည်းနရီ | အတွေးအမြင်
မြန်မာနိုင်ငံကြီးကို ကြည့်လိုက်တဲ့အခါ ပြည်တွင်းစစ်က နှစ် ၇၀ ကျော်လို့ ပြောကြပေမယ့် တိုင်းရင်းသားအဖွဲ့တွေအတွက် တော်လှန်ရေးတွေ၊ ဒါမှမဟုတ် ကျူးကျော်စစ်တွေကို ခုခံတာတွေ ဖြစ်ပြီး ပြည်တွင်းစစ်လို့ အတိအကျ ပြောရခက်ပါတယ်။ ဥပဒေအကြောင်းအရ နိုင်ငံကြီးတခုထဲက ဒေသတွေမှာ ဖြစ်နေတဲ့စစ်ပွဲတွေလို့ ရှုမြင်တာကြောင့် ပြည်တွင်းစစ်လို့ လွယ်လွယ်ပြောဆိုတတ်ကြပါတယ်။ ဇာတ်လမ်းအရတော့ ပြည်တွင်းစစ်ကြီးဖြစ်လာတယ်၊ တိုင်းရင်းသားဒေသတွေက ဖိနှိပ်ခံရတယ်၊ အခုဗမာတွေလည်း ခံရတယ်လို့ ပြောတာတွေ ကြားလာရပါတယ်။
သို့ပေမဲ့ စေ့စေ့ကြည့်တော့ ရေးရေးပေါ် ဆိုသလို ဥပမာအနေဖြင့် ကရင်လူမျိုးတွေဆိုရင် အမျိုးသားဝိဉာဉ်၊ လူထုစိတ်ဓာတ် ထွန်းကားလာလို့ နိုင်ငံတခုအနေနဲ့ နေချင်တယ်ဆိုတာကနေ ကရင့်ကြမ္မာ ကရင်ဖန်တီးနိုင်တဲ့ ပြည်နယ်တခု သီးသန့်ရဖို့ လက်နက်ကိုင်လာကြတာ ဖြစ်ပါတယ်။ ကချင်အနေဖြင့် ဗမာပြည်မရဲ့ လွှမ်းမိုးမှုကို တွန်းလှန်ဖို့ လက်နက်ကိုင်တယ်။ ကရင်နီဆို သီးခြားလွတ်လပ်တဲ့ပြည်နယ်ရဲ့ ခေါင်းဆောင်တွေဆီက နိုင်ငံရေးကြေအောင် မညှိနိုင်ပဲ ဖဆပလတပ်တွေ အတင်းဝင်လာလို့ ကျူးကျော်စစ်ကို ခုခံရတယ်။
ရှမ်းဆိုရင် စော်ဘွားကိုတော်လှန်တဲ့ အင်အားစုတွေ အရှိန်ကောင်းလာတုန်း အစောပိုင်းက ဖဆပလ၊ နောက်ပိုင်းကျတော့ ဗမာပြည်မစစ်တပ်က နိုင်ငံရေး၊ စစ်ရေးဖိအားပေးပြီး အာဏာစွန့်ခိုင်းရာက လက်နက်ကိုင်တော်လှန်ရေးတွေ များလာတယ်။ ဥပဒေကြောင်းအရ နိုင်ငံတခုရဲ့ ပြည်တွင်းစစ်လို့ ပြောရပေမယ့် လူမှုရေး၊ နိုင်ငံရေး၊ ဒေသရေးဘက်ကပြောရင် Internal colonialism ဆိုတဲ့ အတွင်းဘက်လှိုက်စားတဲ့ ကိုလိုနီဝါဒ၊ နိုင်ငံရေးအရ မိမိတို့ လူမျိုးစုဖွဲ့မှုကို စွန့်ပစ်ပြီး ဗမာဦးဆောင်စုဖွဲ့တဲ့ နိုင်ငံရေးအောက် ဝင်လာရေး ပရောဂျက်ကို ခုခံတာပါပဲ။
ဗမာပြည်မ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဝိဓူရသခင်ချစ်မောင်က ၁၉၆၂ မတ်လ ၁ ရက်နေ့တွင် တိုင်းရင်းသားများနဲ့ ဗမာတို့ အမြင်မတူကြောင်း၊ ဗမာ့အမြင်အရ “ပြည်မကို အခြေခံ၍ ပြည်ထောင်စု ဖွဲ့စည်းခြင်းဟာ ပြည်ထောင်စု တစ်ခုလုံးအတွက် (Centre of unity and leadership) လို့ ခေါ်တဲ့ “ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက်”အဖြစ်နဲ့သာ ထူထောင်ခဲ့ခြင်း ဖြစ်ပါတယ်” လို့ ပြောခဲ့ဖူးပါတယ်။
ဗမာပြည်မနဲ့ တိုင်းရင်းသားတွေက အစတည်းက အမြင်မတူရုံမဟုတ်၊ ဗမာပြည်မ နိုင်ငံရေးသမားတွေရဲ့အမြင်က ဗမာတို့ဟာ ခေါင်းဆောင်မှုဗဟိုမှာရှိတဲ့ စုဖွဲ့မှုကို လိုချင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း နှစ်ပေါင်းများစွာကြာပြီး အာဏာအကြိမ်ကြိမ်သိမ်း၊ ဖွဲ့စည်းပုံတွေ အကြိမ်ကြိမ်ဆွဲပြီးတဲ့နောက်မှာ လူမျိုးစုံ၊ တိုင်းရင်းသားစုံ အရေကို ခြုံထားတဲ့ ဗမာပြည်မရဲ့ ဦးဆောင်ဖွဲ့စည်းတဲ့ နိုင်ငံရေးကြီး ဖြစ်လာတော့တာပေါ့။ တွန်းလှန်၊ တော်လှန်ခဲ့တဲ့သူတွေကတော့ တောထဲမှာပဲ လက်နက်ကိုင်လျက်၊ စင်ပြိုင်အစိုးရတွေ ထောင်လျက်ရှိပါသေးတယ်။
ဒီခေတ်အခါ ရောက်တဲ့အခါ အမှတ်သညာ (Identity) တွေ အများကြီးမရှိတော့ဘူး။ ဗမာပြည်မက အများစုကတော့ ကိုယ့်ကိုယ်ကို ပြည်ထောင်စုသားရယ်လို့ လွယ်လွယ်ပြောလိုက်ကြပါပြီ။ ဟိုတုန်းက ရန်ကုန်ကောလိပ်ကို တက္ကသိုလ်အဆင့်တိုးပေးတုန်းကလို “ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား” လို ကြွေးကြော်စရာ မလိုတော့ပါဘူး။ ခုတော့ ဖိနှိပ်ခံမဟုတ်တော့ဘူး။ အမျိုးသားလက္ခဏာကို ရှမ်းဒေသ၊ ကရင်နီဒေသ၊ ကချင်ဒေသ၊ ရခိုင်ဒေသလို ဒေသတွေဆီကို ဖြန့်ဝေကုန်ကြပြီ။ ဗမာပြည်မက ဦးဆောင်စုဖွဲ့တဲ့ နိုင်ငံရေးကိုသာ အမှန်လို့ ပြောကုန်ကြပြီ။
နေရင်းထိုင်ရင်း ဗမာပြည်မကဖွဲ့တဲ့ ပြည်ထောင်စုထဲ အတင်းဆွဲထည့်ခံရတဲ့ ကရင်နီပြည်၊ ကုန်းဘောင်ခေတ်က အသိမ်းခံရတဲ့ ရခိုင်ပြည်နဲ့ မွန်ပြည်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရမချင်း လက်နက်မစွန့်မယ့် ကရင်တွေ၊ ခွဲထွက်ခွင့်ရှိပါလျက် တပတ်ရိုက်ခံလိုက်ရတဲ့ ရှမ်းပြည်၊ တောင်တန်းဒေသဖွံ့ဖြိုးစေချင်လို့ ဗမာနဲ့တွဲပြီး လွတ်လပ်ရေးယူခဲ့တဲ့ ချင်းနဲ့ ကချင်ဒေသတွေ – အဲ့သည်ဒေသတွေက လူမျိုးတွေရဲ့ အမှတ်သညာ (identity)၊ ဒေသယဉ်ကျေးမှု ဘာသာစကား၊ ဒေသအသိနဲ့ ပညာ၊ လူမျိုးလက္ခဏာတွေက အရေးမပါဘူး ဖြစ်ကုန်ပါပြီ။
မဲဇာတောင်ခြေသီချင်းကို အရေးတယူသင်ခံရသလောက် တိုင်းရင်းသားတွေရဲ့အသိပညာ (local wisdom) တွေကို အသိအမှတ်မပြုတော့ဘူး။ ကိုယ်ပိုင်ခဲ့တဲ့ ကိုယ့်နိုင်ငံရေးယူနစ်တွေရဲ့ ဂုဏ်သိက္ခာတွေ ပဲ့ယွင်းရုံသာမကဘူး ကိုယ့်နယ်မြေထဲက ကိုယ့်လူမျိုးတွေတောင်မှ ဗမာဦးဆောင်တဲ့ နိုင်ငံရေးစီးကြောင်းထဲ ပါသွားကြပါတယ်။
ဗမာစစ်တပ်ပြောလေ့ရှိတာက တပ်မတော်ရဲ့ သဘောထားမှန်ကို နားလည်လာသူတွေက ပူးပေါင်းလာတယ် ဆိုတာမျိုးဖြစ်မယ်ထင်တယ်။ ဗမာလူမျိုးတွေရဲ့ အုပ်ချုပ်မှုနဲ့ ဖွံ့ဖြိုးရေး လုပ်ပေးနိုင်မှုကြောင့် ပူးပေါင်းလာတယ်လို့ ပြောတာလည်း ကြားဖူးကြရဲ့။ တကယ်တော့ တိုင်းရင်းသားစုံ၊ လူမျိုးစုံဆိုတဲ့ စကားတွေအောက်ကနေ ဗမာပြည်မက စုဖွဲ့တဲ့ ဗမာ့နိုင်ငံရေးစီးကြောင်းနဲ့ ဗမာဇာတ်သွင်းနေတာ ဖြစ်နေသလားလို့ တွေးစရာပါပဲ။
ဗမာတွေရဲ့ အားလုံးစုဖွဲ့ပြီး နေတဲ့နေနည်း Way of Life က အားလုံးအတွက် အသင့်တော်ဆုံး အကောင်းဆုံးလို့ ဆိုလိုနေတာ မဟုတ်လား။ အမျိုးသားလက္ခဏာဖိနှိပ်ခံရတာနဲ့ စီးပွားရေး ဖိနှိပ်ခံရတာ မတူပါဘူး။ တနိုင်ငံလုံးက စီးပွားရေးအရ ခေါင်းပုံဖြတ်ခံရတာပါပဲ။ ဒါပေမယ့် အမျိုးသားရေးလက္ခဏာနဲ့ ဘဝနေနည်းတွေကြတော့ တိုင်းရင်းသားလူမျိုးစုတွေကသာ ဖိနှိပ်ခံနေရတာပါ။
ဗမာလို့ဆိုရာမှာ Ethnic သွေးမျိုးဆက်ကနေ ဗမာလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ ဥပဒေအကြောင်းအရ လွတ်လပ်ရေးရတဲ့အခါကတည်းက ဗမာပြည်မကနေ အခြေခံတဲ့ ဗမာပြည်မရဲ့ နိုင်ငံရေးကို အခြေခံလှုပ်ရှားတဲ့ နိုင်ငံရေးစုဖွဲ့မှုတွေအောက်က လူတွေကို စုပြီးခေါ်ရတာပါပဲ။ အဲ့ဒါကို ငါတို့အဖေ၊ အမေက ဘယ်သူမို့ ဗမာရယ်လို့ မဟုတ်ဘူးလို့ ပြောတာမျိုးလည်း တွေ့ရသေးတယ်။
အမျိုးသားလက္ခဏာ ဖိနှိပ်မခံရတဲ့ အခါကြတော့ ဗမာစာသည် တို့စာလည်း မဖြစ်တော့ဘူးပေါ့။ အမျိုးသားလက္ခဏာ ဖိနှိပ်ခံရတဲ့ တိုင်းရင်းသားတွေကိုကြတော့ တဖက်က ဖိပြီး၊ တဖက်က ဖိတ်ခေါ်သလိုနဲ့ ဘဝနေနည်းကို ပုံပြောင်းလို့ ဗမာ့ရေစီးကြောင်းထဲ ပေါင်းကြဖို့ရာ လမ်းကြောင်းထားပါတယ်။
နွေဦးတော်လှန်ရေးအထိ ဒီပြဿနာရှိလာပါတယ်။ ကိုလိုနီစနစ် (Internal Colonialism) ကြီးမှာ ဒီမိုကရေစီဆိုတာ မရှိပါဘူး။ ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်က အလွန်ဆုံးပဲ။ အဲ့ဒါကို ဒီမိုကရေစီလို့ မခေါ်ပါဘူး။ ဒီမိုကရေစီဆိုတာ လွတ်လပ်မှုအခြေခံ Foundation တခုအပေါ်မှာ တည်ရတဲ့စနစ်ဖြစ်ပါတယ်။ အမျိုးသားလူထုကို ဖိနှိပ်ပြီး အတင်းဆွဲထားတဲ့စနစ်မှာ၊ နိုင်ငံရေးယူနစ်တွေကို ဝါးမြိုမှုအောက်မှာ ဒီမိုကရေစီလို့ အမည်တပ်မရပါဘူး။ ပြဿနာက နိုင်ငံရေးဂုဏ်သိက္ခာ၊ နိုင်ငံရေးယူနစ်ရဲ့ ဂုဏ်သိက္ခာဆိုတာ သိပ်မမြင်ကြတော့ပဲ ဖွံ့ဖြိုးရေးလုပ်တာနဲ့ မဲပေးတာဆီကို လျှော့ချလိုက်တာ (Reduction) ဖြစ်လာပါတယ်။ တနိုင်ငံလုံးအတွက် ကြည့်ရမယ်လို့ Doctrinate လုပ်ပါတော့တယ်။ အားလုံးကလည်း တနိုင်ငံလုံးအတွက် ကြည့်ဖို့ ဝန်မလေးပါဘူး။ နိုင်ငံရေးယူနစ်တွေကို နိုင်ငံရေးဂုဏ်သိက္ခာတော့ ပြန်ပေးဖို့ အရင်လုပ်ရမှာပါ။
အမှတ်သညာတွေက အရေးမကြီးဘူး၊ ဒါမှမဟုတ် အမှတ်သညာတွေကြောင့် နိုင်ငံရေးပြဿနာ ဖြစ်ရတယ်လို့ တချို့ကပြောတာလည်း ရှိပါတယ်။ ဒါပေမယ့် Identity တွေက အလွန်အရေးကြီးပါတယ်။ ဥပမာအားဖြင့် တော်လှန်ရေးအတွက် လက်နက်ဝယ်တာ၊ တော်လှန်ရေးသမားတွေအတွက် ထမင်းကျွေးတာကိုပဲ ကြည့်ကြပါစို့။ သဘာဝသယံဇာတ ထုတ်ယူတာပဲဖြစ်ဖြစ်၊ ပြည်သူတွေဆီက တနည်းနည်းနဲ့ ရယူတာပဲဖြစ်ဖြစ် ဗမာ သို့မဟုတ် ပြည်ထောင်စုသားသပ်သပ်ပဲလို့ ခံယူထားကြသူတွေရဲ့ စုဖွဲ့တဲ့တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဒီအပြုအမူတခုပဲ လုပ်တယ်ဆိုရင်တောင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက ဆက်ကြေးကောက်တယ်၊ သယံဇာတတူးတယ် စသည်ဖြင့် နာမည်ဆိုးရပါတယ်။ ပင်မနိုင်ငံရေးရေစီးကြောင်းက အဖွဲ့တွေကတော့ လိုအပ်ချက်အရ လုပ်တယ်ဆိုပြီး ပြီးသွားတာပါပဲ။ အလုပ်ချင်းတူရင်တောင် identity အမှတ်သညာပေါ် အခြေခံပြီး ကောက်ချက်တွေ ကွာတတ်ပါတယ်။ ဒါကြောင့်လည်း အရေးကြီးတယ်လို့ ပြောတာပါ။
အရင်တည်းက လုပ်လာခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေး အင်စတီကျူးရှင်းတွေက ဂုဏ်သိက္ခာနှင်းအပ် (Honor) တာ မခံရပါဘူး။ နင်းတက်စရာတုန်းတွေလို (stepping stone) တွေလို ဖြစ်သွားပါတယ်။ စစ်ကိုင်းဘက်မှာ တော်လှန်ရေးအဖွဲ့ချင်း နယ်မြေကျော်လို့ ပစ်ခတ်တာတွေ သတင်းမီဒီယာထဲ မမြင်ရပါဘူး။ တိုင်းရင်းသားတော်လှန်ရေးတွေကတော့ နယ်မြေထဲမှာ နေရာပေးထားတာပါ။ ဒါပေမယ့် သူတို့ စစ်ဘေးရှောင်တွေကို ထမင်းကျွေးဖို့၊ လက်နက်ဝယ်ဖို့၊ တော်လှန်ရေးဆက်သွားဖို့ ဝင်ငွေရှာရတဲ့နေရာတွေမှာ ရှောင်ပေးပါဆိုတာကို အသစ်စုဖွဲ့မှုတွေက မရှောင်ပဲပြဿနာလုပ်ကြတာကလည်း ရှိပြန်ပါတယ်။ တိုင်းရင်းသား အစိုးရတွေကို သူလိုငါလို စုဖွဲ့မှုသဘောထားပြီး ခြေရာတိုင်းကြပါတယ်။ Legitimacy မရှိတဲ့သဘော ဆက်ဆံကြပြန်ပါရော။ ဒါပေမယ့် ဒီအဖွဲ့တွေဟာ De Facto ကော၊ Output legitimacy ပါရှိလို့ တခြားနိုင်ငံတွေကတောင် ညှိနှိုင်းလုပ်ဆောင်နေကြတယ် ဆိုတာကို မေ့နေကြပါတယ်။
ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီအားလုံးဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ လွတ်လပ်မှုအခြေခံရှိမှသာ ပေါင်းမယ်ဆိုပြီး ပြည်ထောင်စုထဲပါလာတဲ့သူတွေပါ။ သူတို့ဒေသမှာသူတို့ အင်စတီကျူးရှင်းတွေ တည်ရှိသင့်ပါတယ်။ ဒါပေမယ့် ဗမာပြည်မကဦးဆောင်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးစုဖွဲ့မှုက ကြာသွားတာရယ်၊ လက်ရှိ အဲ့သည်ဒေသတွေမှာ ရန်ကုန် မန္တလေး စစ်ကိုင်းဒေသက လူငယ်တွေရောက်လာတာရယ်ကြောင့် လူမျိုးစုံပါဝင်တဲ့ ပြည်ထောင်စုကြီးထဲက လူမျိုးစုံပါဝင်တဲ့ တန်းတူယူနစ်တခုအနေနဲ့ ပင်မနိုင်ငံရေးရေစီးကြောင်းထဲကပဲ သွားကြဖို့ တိုက်တွန်းသံတွေ ကြားရပါတယ်။
တကယ်တော့ အဲ့သည် ၁၉၄၇ ပြည်သူ့သမ္မတဗမာနိုင်ငံကြီးကို ဘဝင်မကျလို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အခြားလက်နက်ကိုင်စုဖွဲ့မှုအစုံက လွတ်လပ်ရေးရပြီး လပိုင်းလေးကတည်းက လက်နက်ကိုင်တောခိုခဲ့ကြတဲ့အကြောင်း ပြန်ပြောင်း သတိရဖို့လိုပါတယ်။ တကယ်တော့ လက်ရှိပြည်ထောင်စု စုဖွဲ့မှုကြီးက ဗမာဇာတ်သွင်းတယ်လို့ ပြောလို့ရသလို ဗိုလ်နေဝင်းဦးဆောင်ပြီး စုဖွဲ့သွားတဲ့ပုံစံပါပဲ ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးကြေလည်မှု မရှိခဲ့ကြပါဘူး။
ဒါတွေက ဘယ်သူ့ကိုမှလည်း အပြစ်တင်နေတာမျိုးမဟုတ်ပါဘူး။ Reality အဖြစ်မှန်ကို တည့်တည့်မြင်ဖို့သာ ဖြစ်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးတွေက ပင်မနိုင်ငံရေစီးကြောင်းထဲက တော်လှန်ရေးတွေထက် တဆင့်နှိမ့်မြင်ခံရတာ၊ လက်ရှိ NUCC လိုမှာတောင် တိုင်းရင်းသားတော်လှန်ရေးအစိုးရတွေကို သာမန်အဖွဲ့တွေနဲ့တူတူလိုပဲ အဆင့်ထားဆက်ဆံတာ၊ ဖက်ဒရယ်ယူနစ် အုပ်ချုပ်မှုတွေကို အသစ်ပြန်ဖွဲ့ခိုင်းတာ စတာတွေ မြင်ရတာပါပဲ။
တိုင်းရင်းသားတော်လှန်ရေးတွေအတွက် ညှိပြီးသား သဘောတူပြီးသား စာချုပ် စာတမ်း ဖွဲ့စည်းပုံတွေကို တရားမဝင်သလိုပြောပြီး ဒီတော်လှန်ရေးမှာ ကိုယ့်ဘာသာ ပြန်ရေးကြတာပါပဲ။ အရင်လူတွေ လက်မှတ်ထိုးသွားလည်း ပြန်မသုံးတော့ပါဘူး။ ဒါမှမဟုတ် ဒေသအုပ်ချုပ်သူ De Facto တိုင်းရင်းသားတော်လှန်ရေးတွေရဲ့ အုပ်ချုပ်ရေးကို အလေးမထားပဲ လက်ရှိတော်လှန်ရေးမှာ ဒေသအုပ်ချုပ်ရေးကို အသစ်ဖွဲ့တာလည်းကြည့်လို့ရတာပါပဲ။ ဘယ်လိုလဲဆိုတော့ ဆရာတယောက် ဆေးတမျိုးဆိုတာလိုပါပဲ။ အင်စတီကျူးရှင်းချင်းတူတာတောင် အဆင့်မတူသလို ဖြစ်နေပါတယ်။
တခါတလေတော့ တော်လှန်ရေးကာလ အပြစ်မပြောနဲ့ ဆိုတာလည်း ကြားရပါတယ်။ ဒါပေမယ့် အပြစ်ကိုမပြောရင် အပြစ်ကို မမြင်တာဖြစ်ပြီး နောက်ဆိုရင် အပြစ်တွေလုပ်ဖြစ်နေကြမှာပါ။ ကောင်းမွန်တဲ့ နိုင်ငံတခုဆိုတာ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်ကို အခြေခံပြီး တည်ဆောက်ရတာပါ။ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်ကို အခြေခံဖို့ဆိုတာ ကြေလည်တဲ့ နိုင်ငံရေးဆွေးနွေးချက်တွေ ရှိဖို့လိုပါတယ်။ ကြေလည်ပြီးသားတွေကိုလည်း လက်ခံဖို့လိုပါတယ်။ အရင်ပဒေသရာဇ်တွေလို “ငါ့ခမည်းတော်နဲ့ချုပ်တဲ့စာချုပ် ငါနဲ့မဆိုင်”ဆိုပြီးလုပ်ခဲ့တုန်းက လူရိုင်းစာရင်းသွင်းခံရသလို နိုင်ငံကိုသိမ်းခံရတာတောင် ကောင်းကောင်းမွန်မွန် ဆက်ဆံမခံရတာ ဖြစ်ခဲ့ရဖူးပါသေးတယ်။
ဆိုလိုတာက တည်ဆောက်ထားပြီးသား အင်စတီကျူးရှင်းတွေရဲ့ တန်ဖိုးကိုမေ့မပစ်စေချင်ပါကြောင်းနဲ့ အင်စတီကျူးရှင်းတွေနဲ့ လူထုအသိုက်အမြုံတွေအပေါ်မှာလည်း နိုင်ငံရေးဂုဏ်သိက္ခာအရကော လူမှုရေး ဂုဏ်သိက္ခာအရပါ တရားမျှတစေဖို့လိုကြောင်း ရေးသားရခြင်းသာ ဖြစ်ပါတယ်။
- စည်းနရီ