သတင်း

တိုင်းအတိုင်ပင်ခံကောင်စီ (သို့) အစုအဖွဲ့တစ်ခု တည်ဆောက်ဖို့ သဘောထား စုစည်းနိုင်ခဲ့ကြောင်းစစ်ကိုင်းဖိုရမ် ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၁ ရက်၊ ၂၀၂၃။

စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတွင် ပါဝင်နေကြသည့် နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများကြား အားလုံးပေါင်းစပ် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက် ချနိုင်သည့် တိုင်းအတိုင်ပင်ခံကောင်စီ (သို့) အစုအဖွဲ့တစ်ခု တည်ဆောက်ပြီး စစ်အာဏာရှင် အပါအဝင် အာဏာ ရှင်စနစ် အားလုံးအပြီးတိုင် ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ရန် ရည်မှန်းထားချက်တွေကို သဘောထား စုစည်းနိုင်ခဲ့တယ်လို့ စစ်ကိုင်းဖိုရမ်ကနေ ထုတ်ပြန်ပါတယ်။

ပထမဦးဆုံး အကြိမ် ကျင်းပနေတဲ့ စစ်ကိုင်းဖိုရမ်ကိုတော့ ယမန်နေ့ (မေ ၃၀၊ ၂၀၂၃) နေ့မှ (မေ ၃၁၊ ၂၀၂၃) နေ့ထိ နှစ်ရက်တိုင်တိုင် အောက်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး တိုင်းတွင်း (၂၈)မြို့နယ်တွင် အခြေ စိုက်သည့် တော်လှန်ရေး အဖွဲ့အစည်းပေါင်း (၁၇၃) ဖွဲ့နှင့် လေ့လာတက်ရောက်သူ (၃၁) ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖိုရမ်အတွင်း နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍ ဟူ၍ ကဏ္ဍကြီးလေးရပ်ကို ဆွေးနွေးအဖြေရှာခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် တိုင်း၏ အနာဂတ်ရေးရာများနှင့် ပက်သက်၍ နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍ၊ သပိတ်၊ CDM၊ သယံဇာတ၊ စစ်ရှောင်ကူကယ်ရေး စတဲ့ ကဏ္ဍကြီးများကိုလည်း စုပေါင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းအဆင့် အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များဖြစ်တဲ့ တိုင်းအဆင့် အသွင်ကူးပြောင်းရေးကာလ အစီအမံများပေါ်ပေါက်ရေး၊ တိုင်းအဆင့်ကိုယ်ပိုင်ပြဌာန်းခွင့်မူဝါဒများရေးဆွဲရေး၊ တိုင်းအတွင်း အုပ်ချုပ်ရေးနှင့် စစ်ရေးအဖွဲ့များကြား အပြန်အလှန်ထိန်းကျောင်းနိုင်ရေးနှင့် ဒေသအတွင်း ကာကွယ်ရေးအဖွဲ့များ စုစည်းအားကောင်းနိုင်ရေးတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ လုပ်ဆောင်သွား ကြရန် သဘောထားပေး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button