အတွေးအမြင်

ကစားမလား နားမလား ဆေးခြောက်ရှုမှာလား

ကစားမလား နားမလား ဆေးခြောက်ရှုမှာလား

ဝင်းမျိုးသူ | အတွေးအမြင်

ထိုင်းတွေကောင်းတာတခုကတော့ ဘယ်အစိုးရတက်တက် စီးပွားတက်အောင်နှင့် တိုင်းပြည်မနာအောင်တော့ သတိထားဆင်ခြင်လုပ်ကြတယ်။ ဒါကြောင့်အာဏာသိမ်းမှုအကြိမ်ကြိမ်ရှိလဲ တိုင်းပြည်က သိပ်မနာခဲ့ဘူး။
ခုအတိုက်အခံပါတီ မဲအများဆုံးရသူ Move Forward က လူငယ်ခေါင်းဆောင် ပီတ က ပါတီငယ်တွေနဲ့ ဖွေထိုင်းပါတီကို စည်းရုံးနိုင်တဲ့အတွက် စုစုပေါင်းမဲ ၃၁၀ ရသွားပြီဖြစ်ပါတယ်။ မဲ၅၀၀ ရှိတဲ့ပြည်သူ့လွှတ်တော်မှာ ၃၁၀ ရှိတာမို့ လွှတ်တော်အတွင်း ဥပဒေပြုရေးတွေမှာ မဲခွဲတိုင်းသူ့ညွှန့်ပေါင်းအဖွဲ့က နိုင်မဲ့အနေအထားဖြစ်သွားပါတယ်။
ဒါကြောင့်မို့လို့ စစ်တပ်ကရွေးချယ်ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ က အစိုးရဖွဲ့ရေးမှာ သူ့ကို မထောက်ခံပဲ စစ်တပ်ကထောက်ခံတဲ့လူနည်းစုညွှန့်ပေါင်းပါတီအစုအဖွဲ့ကို တင်မြှောက်ခဲ့ရင် လူထုထောက်ခံမှုနည်းတဲ့အစိုးရတက်လာပြီး ဥပဒေပြုရေးမှာ အမြဲလိုလို ပွတ်တိုက်မှုတွေ ဖြစ်နေမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရာရွတ် အုပ်ချုပ်ခဲ့တဲ့ကာလ လိုပဲ နိုင်ငံရေးအကြပ်အတည်းတွေတခါပြန်ပြီး ကြုံတွေ့ရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်နိုင်မှာမဟုတ်ပါဘူး။
ဒီအခြေအနေကို ထိုင်းနိုင်ငံက နိုင်ငံရေးသမားတိုင်းက မလိုလားကြပါဘူး။ ဒါကြောင့်မို့လို့ ဆီးနိတ်တာ ၂၅၀ ထဲက ဆင်ခြင်တုံတရားရှိတဲ့ အမတ် ၆၇ ယောက်လိုက်က ပါတီစွဲ မစွဲပဲ တိုင်းပြည်မျက်နှာကိုပဲကြည့်ပြီး မဲပေးခဲ့ကြရင်တော့ ပီတ တို့ ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။
Move Forward က စစ်တပ်နှင့်ဆက်စပ်တဲ့ ပါတီတွေနဲ့တော့ ညွှန့်ပေါင်းမဖွဲ့ဘူးပြောတဲ့အတွက် စစ်ဗိုလ်ချုပ်ဟောင်းပရာဝတ် ခေါင်းဆောင်တဲ့ Palang Pracharat ပါတီနှင့် ပရာရွတ်ခေါင်းဆောင်တဲ့ ပရာချာချတ်ပါတီ တို့ကို ညှိုနှိုင်းမှာ မဟုတ်ပါဘူး။
အမှန်က ပရာရွတ်က သူဝန်ကြီးချုပ်ဖြစ်လာတုံးက ပရာဝတ်ရဲ့ပါတီက ပါ။ ၂၀၂၃ ရွေးကောက်ပွဲမှာ ပရာဝတ်ပါတီ က ပရာဝတ်ကိုပဲဝန်ကြီးချုပ်အဖြစ်လျာထားမယ်လို့ကြေငြာတဲ့အတွက် သူက တစင်ခွဲပြီး ပရာချာချတ်ပါတီထောင်ပြီး မဲအရွေးခံခဲ့တာပါ။
မူလပါတီ နှင့် ပေါင်းမပေါင်းက တော့ မဲရတဲ့အပေါ်မှာ မူတည်တယ်လို့ မူလစကားခံထားတော့ လက်ရှိအခြေအနေမှာတော့ စစ်တပ်နှစ်ပါတီ ပေါင်းမှ ရပါတော့မယ်။ အထူးသဖြင့် ဘုရင့်ဂိုဏ်းသားတွေဟာ လက်ရှိရွေးကောက်ခံရတဲ့ Move Forward ပါတီတက်လာမှာကို အထူးကြောက်ရွံ့လျက်ရှိပါတယ်။
ရွေးကောက်ပွဲမတက်ခင် က ရေပန်းစားတဲ့ ဖွေထိုင်းပါတီ တက်လာရင်တောင်မှ ဘုရင့်ဂိုဏ်းသားတွေ ကဒီလောက်ပူပင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဖွေထိုင်း နောက်ကွယ်က သက်ဆင်ဟာ လက်ယာစွန်း စီးပွားရေးသမားဖြစ်တာမို့ လူအားဖြင့်သာမတည့်သောလည်းပဲ မူအားဖြင့်က သိပ်မကွဲကြပါဘူး၊ လက်ရှိ Move Forward ကတော့ လူငယ်အများစုဖြစ်ပြီး လက်ဝဲစွန်းအယူအဆတွေရှိတာမို့ ရေရှည်မှာ ဘုရင့်သြဇာဟာ ကျဆုံးသွားနိုင်ပါတယ်။
ပြီးတော့ သက်ဆင်က ထိုင်းကို ပြန်လာချင်နေတဲ့အတွက် ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်နေသူမို့ နိုင်ငံရေးအရ အပေးအယူ လုပ်နိုင် မဲ့ အနေအထားရှိပါတယ်၊ ဒါကြောင့် ဘုရင့်နှင့် ခရိုနီအများစု က စစ်တပ်ပါတီနှစ်ပါတီကို ညွှန့်ပေါင်းဖွဲ့ဘို့တွန်းအားပေးပြီး Move Forward အစိုးရမဖွဲ့နိုင်အောင် တားဆီးမှာ အသေအချာပါပဲ။
ယခင် အောက့်စဖိုဒ့်ကျောင်းဆင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်တို့ရဲ့ ဒီမိုကရက်ပါတီက လည်း ဒီညွှန့်ပေါင်းမှာ ပါဝင်မှာ အသေအချာပါပဲ။ ဒီနေရာမှာ ဟ နေတာကတော့ ထုိင်းနိုင်ငံမှာ ဆေးခြောက်စီးပွားဖြစ်စိုက်ရေးအကြီးအကျယ်မဲဆွယ်နေတဲ့ weed party ဆေးခြောက်ပါတီလို့ လူသိများတဲ့ Bhumjaithai ပါတီပါပဲ။ သူက မဲ၇၀ ထိ ရထားတာမို့ လက်ယာစွန်းတွေအထဲ အားအကောင်းဆုံးလို့ ပြောရမှာဖြစ်ပါတယ်။
Move Forward ကတော့ ဒီပါတီကို ညှိုနှိုင်းလိုစိတ် ရှိပေမဲ့ ဆေးခြောက်ပါတီခေါင်းဆောင် အညုတင် ကတော့ ဘုရင်စနစ်ကို ဆန့်ကျင်သူတွေနဲ့ မပေါင်းဘူးလို့ လေပစ်ထားပါတယ်၊ ထိုင်းဆီးနိတ်က မဲ ၂၀၀ ကျော်ရမှ သေချာရင် သူက ကြိမ်းသေပေါက် ပရာရွတ်တို့ ညွှန့်ပေါင်းမှာ ခေါင်းဆောင်ပြီး ဝန်ကြီးချုပ်တက်လုပ်မှာဖြစ်ပါတယ်။
သို့သော် အထက်က ဆိုခဲ့တဲ့အတိုင်း လူနည်းစုအစိုးရ လူအများစုလွှတ်တော်တို့ရဲ့ နိုင်ငံရေးထိတ်တိုက် တွေ့တဲ့ပွဲမှာ ကြားညှပ်မှာ ဖြစ်ပြီး ဒီ နိုင်ငံရေးစနစ်ကို ပြောင်းလဲလိုတဲ့ သူတွေလည်း ဆီးနိတ်ထဲမှာ ရှိနေနိုင်တာမို့ သူတို့ကဖောက်ပြီး Move Forward ကို မဲပေးခဲ့ရင် ဆေးခြောက်ပါတီခေါင်းဆောင်ကြီး မျောက်သစ်ကိုင်းလွတ်မှာ ဖြစ်ပါတယ်။
Move Forward အနေနဲ့ကလည်း ၆၇ မဲ လိုတာမို့ ဆီးနိတ်တာ ၂၅၀ ထဲက ဖောက်ပြီး ဘုရင့်ဂိုဏ်းထက် တိုင်းပြည်မျက်နှာကိုပဲကြည့်မဲ့ သူတွေပေါ်ပေါက်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဆီးနိတ်တာ သက်တမ်း က ငါးနှစ်ပဲရှိပြီး နောက်တကြိမ်ပြန် ခန့်လို့မရပါ။
ပရာရွတ်မျက်နှာလည်း ကြည့်စရာမလိုတဲ့အတူ ငါ့သက်တမ်းအပြီး တိုင်းပြည်မျက်နှာပဲကြည့်မယ် လူထုရဲ့ အမုန်းကို မခံတော့ဘူးဆိုတဲ့ ဆီးနိတ်တာ အမတ်တွေရှိလာတဲ့အခါမှာ အညုတင် ရှုံးမဲ့ဘက်ကို လောင်းပြီးသားဖြစ်နိုင်ပါတယ်။
သူ့ဆေးခြောက်စိုက်ခင်းတွေ စီးပွားဖြစ်လာနိုင်မဲ့ မူဝါဒ လွှတ်တော်က အတည်ပြုဘို့လည်း လိုနေတာ့ အညုတင်ဟာ နိုင်ဘို့ကြိမ်းသေတဲ့ဘက်ကို လောင်းမှာ သေချာပါတယ်။ သူစျေးဆစ်ကောင်းရင် Move Forward ညွှန့်ပေါင်းမှာလည်း ဝန်ကြီးချုပ်လုပ်နိုင်တဲ့အခွင့်အလန်းရှိနေတာမို့ စစ်တပ်ကလည်းရွေးကောက်ပွဲရလဒ်ဘာဖြစ်ဖြစ် အာဏာမသိမ်းဘူး ဆိုထားတာမို့ Move Forward ဘက်ကို ယိမ်းသွားနိုင်ပါတယ်။
ဆေးခြောက်လေးတဖွာလောက် ရှိုက်ပြီး စဥ်းစားရင်တော့ သာယာမဲ့ဘက်ကို ယိမ်းမဲ့သူပါပဲ။ ရွေးကော်က နောက်နှစ်ပတ်အကြာ ရွေးကောက်ပွဲရလဒ်တွေအတည်ပြုပြီးရင်တော့ ထိုင်းနိုင်ငံရေးက အဖြေထွက်လာမှာဖြစ်ပါတယ်။ အဓိက ကတော့ မဲအများဆုံးနဲ့ နိုင်ထားတဲ့ Move Forward က ဂုဏ်မမောက်ဘို့ပဲ လိုပါတယ်။
နိုင်ငံရေးပါးနပ်စွာနှင့် နိုင်ငံတည်ငြိမ်ရေးကိုရှေ့ရှုလို့ ဘုရင့်ဂိုဏ်းသားတွေကြောက်မသွားအောင် သူတို့ မူဝါဒနဲ့လမ်းစဥ်ဟာ ထိုင်းနိုင်ငံ ဘုရင့်စနစ်နှင့် ဗုဒ္ဒဘာသာ ယဥ်ကျေးမှုဓလေ့ထုံးစံတွေကို မပစ်ပယ်ဘူး ဆိုတာကို အခိုင်အမာ လူသိရှင်ကြား ကတိကဝတ်ပြုထားဘို့လိုပါမယ်။ ပြီးတော့ တတ်နိုင်သမျှ ဆေးခြောက်ပါတီကို အလျှော့ပေး ညှိုနှိုင်းနိုင်ဘို့လိုပါတယ်။
ဒီတောင်ကိုကျော်နိုင်ရင်တော့ ထိုင်းနိုင်ငံဟာ social transformation လူမှုအဆောက်အအုံတဆင့်မြှင့်တိုးတက်ပြောင်းလဲနိုင်မဲ့ အချိုးအကွေ့ကိုရောက်နိုင်မှာဖြစ်ပါတယ်။

Related Articles

Back to top button