အတွေးအမြင်

အစိတ်သား မွေဦးမယ့် ထိုင်းနိုင်ငံရေး  

အစိတ်သား မွေဦးမယ့် ထိုင်းနိုင်ငံရေး  

ဝင်းမျိုးသူ | အတွေးအမြင် 

ထိုင်းရွေးကောက်ပွဲရလဒ်တွေထွက်လာပါပြီ။ အောက်လွှတ်တော် House မှာ အမတ် ၅၀၀ ရှိပြီး အထက်လွှတ်တော် Senate မှာ ၂၅၀ ရှိပါတယ်။
Senate က ဒီမိုကရေစီဘိုးအေနိုင်ငံ ဗြိတိန်လိုပဲ ရွေးကောက်ခံမဟုတ်ပါ။ Appointed ခန့်အပ်တာပါ။ ထိုင်းစစ်တပ်ကအဓိက စိတ်တိုင်းကျရွေးချယ်ခန့်အပ်တာပါ။ စုစုပေါင်း၂၅၀ထဲမှာ ထိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကြီးအကဲ ၆ ဦးက အလိုအလျှောက် Senate အဖွဲ့ဝင်တွေဖြစ်သလို ၁၉၄ ဦးကို စစ်တပ်က တိုက်ရိုက်ခန့်ပါတယ်။ ကျန် ၅၀ ဦးကိုတော့ ပညာရှင် ၁၀ဦးနှင့် လူထုလူတန်းစားအဖွဲ့အစည်းတွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေ၊ လယ်သမား၊ ကျောင်းဆရာ၊ ဆရာမ များနှင့် တရားသူကြီးတွေကရွေးချယ်လိုက်တဲ့ ၄၀ ဦးတို့ဖြစ်ပါတယ်။
Senator တွေက ပါတီနိုင်ငံရေးက ကင်းရှင်းပြီး ၅ နှစ်သက်တမ်းထမ်းဆောင်ပြီးရင် နောက်တခါ ပြန်ထမ်းဆောင်ပိုင်ခွင့်မရှိပါဘူး။
အပေါ်ယံကြည့်ရင်တော့ nonpartisan ဘယ်ပါတီမှ မျက်နှာမလိုက်တဲ့ နိုင်ငံရေး စနစ်ပြဌာန်းနိုင်ဘို့ senate ကို ဖွဲ့စည်းပေမဲ့ ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးဘို့ ဘုရင်စနစ်ကိုလိုလားတဲ့သူတွေ ကိုပဲ့ senate မှာ ခန့်ထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ထိုင်းဘုရင်စနစ်ကို ဝေဖန်သူတွေများလာခဲ့ပါတယ်။
ထိုင်းဘုရင်စနစ်ဟာ အထူးခွင့်ထူးခံထားတဲ့ စနစ်ဖြစ်ပြီး နိုင်ငံရဲ့မြေယာနှင့် အဓိကစီးပွါးရေးလုပ်ငန်းအများစုကို ချုပ်ကိုင်ထားတာဖြစ်ပါတယ်။ ဘုရင့်စနစ်ကိုမှီပြီး လက်ဝါးကြီးအုပ်ထားတဲ့ ခရိုနီအုပ်စုဟာ စစ်တပ်နဲ့ပေါင်းပြီး ထိုင်းနိုင်ငံရေးကိုကြီးစိုးထားတာပါ။ သူတို့ကို စိန်ခေါ်လာမဲ့ ဘယ်နိုင်ငံရေးသမားကိုမဆို ဖိနှိပ်ဘို့ ဖွဲ့စည်းပုံခြေဥကို စိတ်တိုင်းကျရေးဆွဲထားတာဖြစ်ပါတယ်။
လက်ရှိရွေးကောက်ပွဲပြီးသွားတဲ့အခါ အစိုးရဖွဲ့ဘို့ အထက်လွှတ်တော် နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်းပြီး မဲခွဲရမှာဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်ပေါင်းက၇၅၀ နေရာရှိတာမို့ မဲ ၃၇၆မဲရတဲ့ ပါတီကသာလျှင် အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။
ရွေးကောက်ပွဲရလဒ်တွေကိုကြည့်တဲ့အခါ အောက်လွှတ်တော်မှာ မဲအများစုရတဲ့ အတိုက်အခံပါတီတွေဖြစ်တဲ့ Move forward က ၁၅၂ မဲ နှင့် ယခင်ဝန်ကြီးချုပ် သက်ဆင်ရဲ့သမီးပါတီ ဖွေထိုင်းပါတီက ၁၄၁ မဲရတာမို့ သူတို့နှစ်ပါတီမဟာမိတ်ဖွဲ့တောင်မှ ၂၉၃ မဲပဲရှိပါတယ်။
ဘုရင်စနစ်လိုလားတဲ့ လက်ယာစွန်းပါတီတွေဖြစ်တဲ့ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ရဲ့ UTN က ၃၆ မဲ၊ ကျန်းမာရေးဝန်ကြီးအနုတင်ချန်ဝရာကူး ဦးဆောင်တဲ့ Bhumjaithai က ၇၀မဲ၊ Palanparacharat က ၄၀မဲ၊ ပညာတတ် ရေပေါ်ဆီတွေကြီးစိုးတဲ့ Democrat ပါတီက ၂၅ မဲ ရကြပါတယ်။ ဒီပါတီလေးခုပေါင်းခဲ့ရင်တော့ ၁၇၁ မဲရှိပါတယ်။ ဆီးနိတ်က ၂၀၅ မဲ ရရင် ရွေးကောက်ပွဲ အဓိကမနိုင်သော်လည်းပဲ ဒီလက်ယာစွန်း ပါတီတွေ အစိုးရဖွဲ့နိုင်ပါလိမ့်မယ်။ ဒီတခါတော့ ကျန်းမာရေးဝန်ကြီး အနုတင်ချန်ဝရာကူး ဝန်ကြီးချုပ်ဖြစ်လာ နိုင်မလားလို့ တွေးမိတယ်။
Move forward ပါတီက ဘုရင်စနစ်နှင့်ပတ်သက်ပြီးချုပ်ခြယ်တဲ့ဥပဒေဖြေလျှော့ရေးတွေ၊ ခြေဥပြင်ဆင်ရေးတွေ၊ ICC အဖွဲ့ဝင်ဖြစ်ရေးတွေ တောင်းဆို နေတာမို့ ဘုရင့်ဘက်တော်ဂိုဏ်းသား ဆီးနိတ် အဖွဲ့ဝင် တွေရဲ့ မဲ ရဘို့ ခက်ပါလိမ့်မယ်။ စစ်တပ်ကမခန့်တဲ့ ဆီးနိတ်အမတ် ၅၀ လုံးဆီက ထောက်ခံမဲရတောင်မှ ခိုင်လုံမဲရဘို့ ၃၃ မဲလိုနေသေးတာပါ။ စစ်တပ်ကခန့်တဲ့ ဆီးနိတ်တာတွေ ပြည်သူ့အသံနားထောင်ပါ ဘာညာပြောနေသော်လည်း စစ်တပ်ဘက်ပဲယိမ်းပါလိမ့်မယ်။
ဒီတော့ Move forward ပါတီက မဲ၇၀ ရထားတဲ့ Bhumjaithai ပါတီကို စည်းရုံးနိုင်ရင်တော့ဖြင့် အစိုးရဖွဲ့နိုင်စရာအကြောင်းရှိပါတယ်သို့သော် ပါတီခေါင်းဆောင် အနုတင်ချန်ဝရာကူးက လည်း ဝန်ကြီးချုပ် မှန်းနိုင်သူဖြစ်နေသလို ဘုရင့်ဘက်တော်သားစစ်စစ် ဖြစ်သူမို့ Move forward နဲ့ လက်တွဲဘို့ မဖြစ်နိုင်လောက်ပါဘူး။
သို့သော်နိုင်ငံရေးက မဖြစ်နိုင်တာဘာမှ မရှိဘူးဆိုတာမို့ Move forward က ချန်ဝရာကူး မကြိုက်တဲ့မူကိုပြင်ဘို့မကြိုးစားဘူး၊ ဝန်ကြီးချုပ်ရာထူးလဲယူပါ ဒါမှမဟုတ် အလှည့်ကျ လုပ်ပါ အစရှိသဖြင့် ညှိုရင်တော့ တမျိုးဖြစ်နိုင်မလား တွေးမိပါတယ်။
လူငယ်တက်သစ်စ ပါတီအနေနဲ့ political establishment နိုင်ငံရေး မှတ်တိုင်စိုက်ထူဘို့က အဓိကအရေးကြီးတာမို့ ဒီလိုရေရှည်ကိုမျှော်ပြီးစဉ်းစားချည်းကပ်ရင်တော့ တမျိုးဖြစ်နိုင်ပါတယ်။ သို့သော် ထိုင်းလူမျိုးတွေကလည်း မနာလိုဝန်တိုစိတ်ကဲတဲ့ ဗီဇစိတ်ကြီးစိုးလာရင်တော့ဖြင့် မဖြစ်နိုင်ဘူးပေါ့။
ဒီနိုင်ငံရေးအပေးအယူမှာ လက်ရှိဝန်ကြီးချုပ်ပရာယွတ်ရဲ့ UTN က သူခွဲထွက်လာတဲ့ ပါတီဟောင်းဖြစ်တဲ့ Palanpracharat ပါတီနဲအတူပူးတွဲပြီး မဟာမိတ်ဖွဲ့လိုစိတ်ရှိမရှိ အပေါ်မှာလည်းမူတည်ပါတယ်။ ဒီလိုမပူးပေါင်းနိုင်ရင် အနုတင်ချန်ဝရာကူးဦးဆောင်မဲ့ ညွှန့်ပေါင်းအဖွဲ့ဟာ ခိုင်လုံမဲရဘို့ လိုအပ်ချက်ကြီးသွားရင် (ဆီးနိတ်က မဲ ၃၆ ထပ်လိုလာမှာမို့)
Move forward နဲ့ ပူးပေါင်းဘို့က ဖြစ်လာနိုင်စရာ ရှိနေပြန်ပါတယ်။

ဒါကတော့ထိုင်းနိုင်ငံရေးကို ကြည့်ပြီး အပေါ်ယံအသိနဲ့ တွေးမိတာပါ။ အပြင်လူတွေမသိနိုင်တဲ့ အတွင်းစည်းနိုင်ငံရေး တွေကလည်းရှိဦးမှာမို့ စိတ်ဝင်တစားနဲ့ ထိုင်းနိုင်ငံရေးအပြောင်းအလဲကို ဆက်ကြည့်ဘို့ပဲရှိပါတယ်။

ထိုင်းမှာလည်း progressive အုပ်စုတွေက မဲအပြတ်အသတ်မနိုင်သေးလို့ ထိုင်းအများစု ဟာ စနစ်ဟောင်းထဲမှာ တဝဲလည်လည်ရှိနေဆဲလို့ပြောရပါမယ်။ နိုင်ငံရေး ရင့်ကျက်မှုရေချိန် ဒီထက် မြင့်တက်လာမှ ဒီမိုကရေစီပီပြင်တဲ့ ထိုင်းနိုင်ငံရေး ဖြစ်လာမယ်လို့ ထင်မြင်မိကြောင်းရေးသားလိုက်ရပါတယ်။

Related Articles

Back to top button