■ တည်ဆဲ ရှမ်းပြည် နယ်နိမိတ် ပဲ့တော့မယ်
မင်းသေ့ | အတွေးအမြင်
လက်ရှိ မြန်မာလူထုဟာ ရှမ်းပြည်နယ်နိမိတ်နဲ့ အသားကျ ရင်းနှီးနေပြီးသားဖြစ်ပါတယ်။ သို့သော်လည်း မရှေးမနှောင်း နှစ်ကာလတွေအတွင်းမှာ တည်ဆဲ ရှမ်းပြည်နယ်နိမိတ်ဟာ — လက်တွေ့ မြေပြင်မှာ တည်ဆဲ မြေပုံနယ်နိမိတ်မျဉ်းအတိုင်း မဖြစ်တော့ဘူးလို့ ပြောနိုင်ပါတော့မယ်။ ဘယ်လို ဖြစ်မှာလဲ။ ဘာ့ကြောင့် ဒီလို ပြောနိုင်တာလဲ။
■ ဘယ်လိုဆိုတဲ့ မေးခွန်းကို ဖြေဖို့၊ အချက် (၂) ချက်ရှိတယ်။
❏ (၁) တအာင်းပလောင်တို့ရဲ့ နိုင်ငံရေးအာဂျင်ဒါနဲ့
❏ (၂) ဝတွေရဲ့ နိုင်ငံရေးအာဂျင်ဒါ ဖြစ်ပါတယ်။
■ တအာင်းပြည်နယ် အာဂျင်ဒါ
TNLA ဦးဆောင်တဲ့ တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ နိုင်ငံရေးအာဂျင်ဒါထဲမှာ တအာင်းပြည်နယ် ပေါ်ပေါက်ရေးက ဦးစားပေး အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန်ရေး စစ်မြေပုံကို ကြည့်ရင် ရှမ်းပြည်နယ် မြောက်ပိုင်း တစ်ခွင်လုံးဟာ တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ ထိန်းချုပ်ဧရိယာ အဖြစ် အပီအပြင် ကျရောက်လာနေတောကို တွေ့ရပါတယ်။ ဒီနေရာမှာ KIA နဲ့ TNLA တို့အကြား စစ်ရေးစိုးမိုးဧရိယာတွေ ထပ်နေတာကို မပြောသေးပါ။ တအာင်းတွေရဲ့ နိုင်ငံရေးအာဂျင်ဒါထဲမှာ ရှမ်းမြောက် ဒေသတစ်ခုလုံး၊ တအာင်းပြည်နယ် ဖြစ်တည်ရေးဟာ တအာင်းတွေရဲ့ အမျိုးသားရေး အာဂျင်ဒါအဖြစ် ထိပ်ဆုံးမှာ ပါဝင်နေတာ တွေ့ရပါတယ်။ ဒီအချက်ဟာ – တည်ဆဲ ရှမ်းပြည်နယ်နိမိတ်မျဉ်းကို အပြောင်းအလဲဖြစ်စေမယ့် အဓိက အကြောင်းရင်း ဖြစ်ပါလိမ့်မယ်။
■ ဝပြည်နယ် ကိစ္စ
အလားတူပဲ၊ UWSA လို့ ခေါ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ သံလွင်မြစ် အရှေ့ခြမ်း တစ်ခုလုံးကို ဝပြည်နယ်အဖြစ် သူ့ဘာသာသူ နယ်နိမိတ် သတ်မှတ်ထားပြီးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ စစ်ရေးအရ အခိုင်အမာ ခြေကုတ်ယူနိုင်တဲ့ ရှမ်းပြည် အရှေ့ပိုင်း သံလွင်မြစ် တစ်ခြမ်းလုံးကို ဝက သူ့ ပြည်နယ်အဖြစ် အပိုင်သတ်မှတ်ထားပုံရတယ်။ ဒါပေမယ့် ဒါဟာ political document ထဲ တရားဝင် ရောက်မလာသေးသလို၊ legal document ထဲမှာလည်း မှတ်တမ်းဝင်သေးတာ မတွေ့ရသေးပါ။ ဒါ့ကြောင့် ဝခေါင်းဆောင်တွေဟာ — ဝပြည်နယ်ဆိုတဲ့ စကားလုံး /ဝေါဟာရကို နိုင်ငံရေးမှတ်တမ်းဝင်ဖြစ်အောင် တဖြည်းဖြည်း ကြိုးပမ်းလာတာ တွေ့ရပါတယ်။ ဒါကို political agenda setting လုပ်တယ်လို့လည်း ပြောနိုင်ပါတယ်။ ပိုပြီး ထင်ရှားတဲ့ သာဓကကတော့ – စစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးနောက် ထုတ်ပြန်ချက် တစ်စောင်ကို ဝခေါင်းဆောင်တွေက — ဝပြည်နယ် ဆိုတဲ့ စကားလုံးကို တမင်တကာ သုံးစွဲ ဖော်ပြတာမျိုး လုပ်လာပါတယ်။ ဒါကို စစ်ကောင်စီက မယုတ်မလွန် သဘောတူတာကိုလည်း တွေ့ရပါတယ်။ ပိုပြီး တိတိကျကျ ပြောလိုက်တာကတော့ – အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ — လက်နက်ကိုင်ခုခံတော်လှန်စစ်ရေးလမ်းစဉ် ဖြစ်ထွန်းလို့၊ လက်နက်အင်အားကြီးတဲ့ လူမျိုးစုတိုင်းရင်းသားအဖွဲ့တွေကို ဘက်အသီးသီးက ကိုယ့်ဘက်ပါအောင် ဆွယ်နေတာကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ အထူးသဖြင့် UWSA လို အဖွဲ့ကြီးကို စစ်ကောင်စီကလည်း သူ့ဘက် တိမ်းညွှတ်အောင် အမြဲ ဆွဲဆောင်နေသလို၊ NUG ကလည်း သူတို့ဘက်ကို ခြေစုံရပ်လာအောင် နိုင်ငံရေးအရ ဆွယ်နေတာကို တွေ့နေရပါတယ်။ ဒါ့ကြောင့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက UWSA ကို ပေးပို့တဲ့ သဝဏ်လွှာမှာ – ဝပြည်နယ်လို့ တိုက်ရိုက် သုံးစွဲပြီး သဝဏ်လွှာ ပေးပို့တာကို တွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဘက်က UWSA ရဲ့ အင်အားကို ဘယ်လောက် မျှော်ကိုးနေသလဲဆိုတာ သိသာထင်ရှားလွန်းနေတယ်။ ဝခေါင်းဆောင်တွေ အလိုရှိတဲ့ စကားလုံးကို — အတင်းကာရော ဇွတ်အတင်း သုံးပေးလိုက်တာ သိသာလွန်းတယ်။ သဝဏ်လွှာမှာ ဝပြည်နယ်ဆိုတဲ့ စကားလုံးဟာ ဒင်းကြည့်ပြည့်နေတာ အထင်အရှားပါပဲ။
ဒါဟာ — လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ၊ ရှမ်းပြည်ရဲ့ တည်ဆဲ နယ်နိမိတ် မြေပုံ အပြောင်းအလဲ စဖြစ်နေပြီဆိုတာကို ညွှန်းဆိုနေပါတယ်။ ၂၀၂၂ ခုနှစ်ကနေ စပြီး – ဝပြည်နယ်ဆိုတဲ့ စကားလုံး / ဝေါဟာရဟာ သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးအဖွဲ့ကြီးတွေအကြား အသုံးအနှုန်း တွင်တွင်ကျယ်ကျယ် စဖြစ်လာပြီ။ ဒါဟာ တစ်ဖက်မှာ ဝပြည်နယ် နယ်နိမိတ် မြေပုံသစ် ဖြစ်ထွန်းခြင်းကို ပြနေသလို၊ တစ်ဖက်မှာလည်း ရှမ်းပြည် မြေပုံဟာ ပဲ့နေပြီဆိုတာကို ပြသနေပါတယ်။
ဒါဟာ အရှိတရားပါ။
ဒါကို ကြိုက်ကြိုက် မကြိုက်ကြိုက် ငြင်းပယ်ဖို့ မလွယ်တော့ပါ။
■ ရှမ်းပြည်တွင်းက စစ်ရေးမြေပုံ
အထူးသဖြင့် နိုင်ငံရေးနဲ့ စစ်ရေးအင်အားမှာ ရှမ်းတွေနဲ့အတူ အပြိုင် အားကောင်းလာတဲ့ တအာင်းနဲ့ ဝတို့ဟာ ရှမ်းပြည် နယ်နိမိတ် အပြောင်းအလဲကို ဖန်တီးစီရင်သူတွေ ဖြစ်နေပါတယ်။ ဝဟာ ရှမ်းတွေထက်တောင် စစ်အင်အားကြီးနေတယ်လို့ ပြောနိုင်ပြီး၊ တအာင်းတွေကလည်း ရှမ်းတပ် နှစ်ဖွဲ့နဲ့ အပြိုင် အင်အားကြီးထွားလာတာကို တွေ့မြင်ရပါတယ်။
ဒါဟာ ဘယ်လိုဆိုတဲ့ မေးခွန်းကို ပြောတာဖြစ်ပါတယ်။ စဉ်းစားချက် အနေနဲ့ ပြောချင်တာကတော့ —
လက်ရှိ ရှမ်းပြည်နယ်အတွင်းက စစ်ရေးမြေပုံအရွေ့တွေဟာ – အနာဂတ်ကာလမှာ၊ ရှမ်းပြည်နယ်နိမိတ် အပြောင်းအလဲကို ဖော်ဆောင်မယ့် အလားအလာကို ပြသနေပါတယ်။ ဒါကို ရှမ်းနိုင်ငံရေးခေါင်းဆောင်တွေ ကိုယ်တိုင် သတိထားမိသလို၊ ရှမ်းအမျိုးသားရေးခေါင်းဆောင်တွေလည်း သိနားလည်ကြမယ်လို့ ယူဆပါတယ်။ ရှမ်းတွေ အနေနဲ့ ဒါကို ဟန့်တား ကန့်သတ်ချင်လိုသော်လည်း — အရှိတရားမှာ ဖြစ်တည်နေတဲ့ အင်အားအရွေ့တွေကို မလွန်ဆန်နိုင်ဘူး ထင်ပါတယ်။
အကြောင်းကတော့ –
❏ SSPP နဲ့ RCSS လို ရှမ်း နှစ်ဖွဲ့ဟာ စစ်ရေး အားပြိုင်နေကြတာ။
❏ ရှမ်းနိုင်ငံရေးပါတီ နှစ်ခု သင်းခွဲခံထားရတာ။
❏ ရှမ်းလူထုနိုင်ငံရေး အားနည်းနေတာ။
❏ ရှမ်းပြည်နယ်နိမိတ်အတွင်းမှာ စစ်ရေးအင်အားစုတွေ အပြိုင် အားကောင်းလာနေတာ။
❏ တအာင်းပြည်နယ် ပေါ်ပေါက်ရေးနဲ့
❏ ဝပြည်နယ် တရားဝင် ဖြစ်လာရေး ဆိုင်းပြင်းလာနေတာ။
❏ စစ်ကောင်စီ အင်အား အကျဘက်ရောက်ပြီး၊
❏ အန်ယူဂျီက ဝနဲ့ တအာင်းကို နိုင်ငံရေးအရ ဆွယ်လွန်းနေတာ။
ဒါတွေဟာ — ရှမ်းပြည် နယ်နိမိတ်မျဉ်း အပြောင်းအလဲကို အကြီးအကျယ် ရိုက်ခတ်လာနေတဲ့ အဓိက အကြောင်းရင်းတွေဖြစ်ပါတယ်။ ဒါတောင်မှ — ပအိုဝ်းတွေရဲ့ ပအိုဝ်းပြည်နယ် ပေါ်ပေါက်ရေး နိုင်ငံရေး မျှော်မှန်းချက်ဟာ — သိပ်ပြီး အားကောင်းမောင်းသန် မဖြစ်လာသေးလို့ တော်သေးတယ် ပြောရမယ်။
တကယ်တော့ နယ်နိမိတ်တွေဆိုတာကတော့ — လုပ်ပိုင်ခွင့် အာဏာမျှော်ကိုးသူတို့ အထူး နှစ်ခြိုက်တဲ့ အရာ ဖြစ်ပြီး၊ သာမန် လူထုအတွက်ကတော့ သိပ် အရေးပါလှတယ် မဟုတ်ပါဘူး။ ဒါပေမယ့် ရှမ်းပြည် မြေပုံ အပြောင်းအလဲ ဘယ်လိုပဲ ဖြစ်ဖြစ် ရှမ်းလူ့အဖွဲ့အစည်းရဲ့ လူမှုကိုယ်ခံအား ကျစ်လစ်ခိုင်မာမှုကိုတော့ အမြဲ ဖြည့်တင်းနေရင် — ရှမ်းတွေဟာ တချိန်မှာ နိုင်ငံရေးအတက်ဘက်ကို ပြန်ရောက်လာမှာပါ။ အခုတော့ ရှမ်းနိုင်ငံရေးကို အားနည်းတယ်လို့ မပြောချင်ပေမယ့် အားရဖွယ်ကောင်းလောက်အောင် အားကောင်း မောင်းသန် ဖြစ်မနေဘူးလို့၊ မယုတ်မလွန် ပြောနိုင်တယ်။
ရှမ်းပြည် နယ်နိမိတ်မျဉ်း အပြောင်းအလဲကို ရှမ်းလူမျိုးတွေ ဘယ်လောက် အာရုံစိုက်ကြသလဲ မပြောတတ်ပါ။ ရှမ်းပြည် မြေပုံ အပြောင်းအလဲဟာ — ဘယ်လောက် အရေးကြီးတယ် / အရေးမကြီးဘူးဆိုတာ၊ ရှမ်းနိုင်ငံရေး အဝန်းအဝိုင်းမှာ သိပ်ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတာတော့ မတွေ့ရပါ။
– မင်းသေ့