ဓါတ်ပုံ – CJ (ဒေသခံတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတဲ့ ၁၂ ဘီးကား မြင်ရစဉ်။)
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဧပြီလ ၁၉၊ ၂၀၂၃။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယား ကျေးရွာအုပ်စု ဂတ်နွယ် (ပျားအုံ) ရွာ လမ်းခွဲမှာ ယမန်နေ့နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်က နမ့်ယား စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ ကြားဖြတ်တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီ ယဉ်တန်းတွေမှာတော့ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဆိုင်းဖရာကျေးရွာထဲက အမျိုး သမီးနှင့် ကလေး ငယ်များအပါအဝင် အရပ်သား ၅၀ ဦးခန့် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နန့်ယားတပ်စခန်းမှ ယမန်နေ့ နံနက် ၃ နာရီအချိန်က ထွက်ခွာလာခဲ့တာ ဖြစ်ပြီး လူသားဒိုင်းအဖြစ် ဆိုင်းဖရာရွာက အရပ်သားပြည်သူ ၅၀ ဦးခန့်ကို ဖမ်းဆီးကာ ၁၂ ဘီးကား ၂စီး၊ Land cruiser တစ်စီးဖြင့် ဖားကန့်မြို့သို့ တင်ဆောင်ခဲ့တာပါ။
အဲဒီယာဉ်တန်းတွေမှာတော့ ဖမ်းဆီးထားတဲ့ အရပ်သားများနှင့် စစ်သားများကို ရောယောင် သယ်ဆောင်လာတာဖြစ်ပြီး နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့် ဂတ်နွယ် ရွာထိပ် အရောက်မှာတော့ KIA တပ်ဖွဲ့ တို့၏ ကြားဖြတ်တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ကေအိုင်အေ အာဘော် သတင်းရင်းမြစ်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်ခံရတဲ့ ယာဉ်တန်းတွေထဲမှာတော့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်လာခဲ့တာကို KIA တပ်ဖွဲ့တို့က သိရှိခဲ့ပုံမရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ဂတ်နွယ် (ပျားအုံ) ရွာထိပ်နားမှာ တိုက်ခိုက်ခံရတာပါ။ အရပ်သား တစ်ဦးကတော့ အဲဒီမှာ ပွဲချင်းပြီးဆုံးသွားတယ်။ စစ်ကောင်စီက ကားကြီးတွေထဲမှာ ဒေသခံ အရပ်သား ၅၀ ခန့်ကို သူတို့စစ်သားတွေနဲ့ရောနှောပြီး တင်သွားတာ KIA ဘက်ကတော့ စစ်သားတွေကြီးပဲထင်ပြီး ဝင်တိုက်လိုက်လို့ ထိသွားကြတာဖြစ်တယ် လို့ ဆိုင်းဖရာ ဒေသခံတဦးက ကချင်သတင်းဌာန KNG ကိုလည်း ပြောဆိုထားပါတယ်။
KIA တပ်ဖွဲ့တို့ ဖြတ်တိုက်ခဲ့တဲ့ထဲ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး၊ အရာရှိ တစ်ဦး အပါအဝင် ၁၀ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သလို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်လာတဲ့ အရပ်သားပြည်သူ ၁ ဦးလည်း အသက် သေဆုံးခဲ့ရပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိတဲ့ ပြည်သူများကိုတော့ ဆေးကုသခံ ယူနိုင်ဖို့ နီးစပ်ရာ ဆေးပေးခန်းသို့ ပို့ဆောင် ပေးခဲ့ ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူများကိုလည်း KIA တပ်ဖွဲ့က ကားများ စီစဉ်ပေးကာ ပြန်လည် လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က မိုးကောင်း မှ နန့်ယားတပ်စခန်းသို့ အင်အား ဖြည့်တင်းပေးခဲ့တဲ့ တပ်ဖွဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။