ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲ
ဒေါနခင် | အတွေးအမြင်
နိုင်ငံရေးလို့ ဆိုလိုက်ရင် နိုင်ငံတော်ဆိုတာကို မဖြစ်မနေထည့်သွင်းစဉ်းစားကြရတာဖြစ်ပါတယ်။ ထို့ပြင် ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေကတော့ နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်ကြမလဲ။ ဘယ်လိုအစိုးရမျိုးကို တည်ဆောက်ကြမလဲ။
လူတစ်ဦးချင်း၊ လူမှုအသိုင်းအဝိုင်းတစ်ခုချင်းမှာရှိတဲ့ အာဏာတွေကို ဘယ်လိုဖြန့်ဝေထားသလဲ။ ဘယ်လို စုစည်း တည်ဆောက်ထားသလဲ။ လူအချင်းချင်း၊ အစုအဖွဲ့အချင်းချင်းကြားမှာ ပွတ်တိုက်မှု၊ ပဋိပက္ခတွေ ဖြစ်ပေါ်လာရင် ဘယ်လိုဖြေရှင်းကြသလဲ။
နိုင်ငံတော်အတွင်း၊ ဒေသတွင်းမှာ ရှိတဲ့ သယံဇာတတွေကို ဘယ်လို မျှဝေသုံးစွဲကြမလဲ။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးနှင့် တာဝန်ဝတ္တရားတွေက ဘာတွေလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေတွေကို ဘယ်လို ရေးဆွဲကြမလဲ။ ဘာစီးပွားရေးစနစ်ကို ကျင့်သုံးကျမလဲ။
အများအကျိုးစီးပွားနဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်ကို ဘယ်လိုမျှခြေထားမလဲ။ အစိုးရတွေ၊ နိုင်ငံရေး ခေါင်း ဆောင်တွေ အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ဘယ်လို အပြန်အလှန်ထိန်းကျောင်းကြမလဲ။ နိုင်ငံရေးနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ဘယ်လို ချိတ်ဆက်ပြဌာန်းကြမလဲ။ စသည်ဖြင့် နိုင်ငံရေးအကြောင်း စဉ်းစားတော့ မယ်ဆိုရင် မဖြစ်မနေဖြေဆိုရမဲ့ အကြောင်းအချင်းအရာတွေ များစွာရှိပါတယ်။
နိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံစံတန်ဖိုးများ
သို့ပေမဲ့ နိုင်ငံတော်တစ်ခုကို တည်ဆောက်မယ်ဆိုရင် ဘာကို စံတန်ဖိုးအနေနဲ့ သတ်မှတ်မလဲဆိုရင်တော့ အခြေခံအကျဆုံးအချက် (၂) ချက်နှင့် ထပ်ဆောင်း (၂) ချက် ရှိပါတယ်။ အခြေခံအကျဆုံးအနေနဲ့ (၁) တည်ငြိမ်တဲ့ လူမှုအဝန်းအဝိုင်းရှိတဲ့ နိုင်ငံတော်ဖြစ်ရေးနဲ့ (၂) ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ ထပ်ဆောင်း (၂) ချက်ကတော့ (၁) လူ့အခွင့်အရေးနဲ့ (၂) နိုင်ငံတကာဆက်ဆံရေး တည်ဆောက်နိုင်မှု ဖြစ်ပါတယ်။ အခြေခံကျတဲ့ စံတန်ဖိုးကို မတည်ဆောက်နိုင်ဘဲ နိုင်ငံတော်ဟာ လည်ပတ်လို့ မရနိုင်ပါဘူး။
တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော် ဖြစ်ပေါ်ဖို့အတွက် မတူကွဲပြားတဲ့ ပြည်သူတွေအားလုံးနဲ့ သဟဇာတဖြစ်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို အခြေတည်ပြီးတော့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို စုစည်းပြီး တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။
တည်ငြိမ်အေးချမ်းတဲ့ လူမှုဝန်းကျင်ရှိမှသာလျှင် ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုအဆောက်အအုံ အခြေခံအုတ်မြစ်တွေ ကောင်းမွန်စွာ တည်ဆောက်နိုင်ပြီး အသိပညာကြွယ်ဝတဲ့ လူမှုအသိုင်းအဝန်းကနေ အဆင့်မြင့်စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ပြီး နိုင်ငံတော်၊ နိုင်ငံသားများ ကြွယ်ဝချမ်းသာလာကာ ဆင်းရဲမှု သံသရာစက်ဝိုင်းမှ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။ ဤကား နိုင်ငံတော်တည်ဆောက်ရေးအတွက် မြေပုံကြမ်းတချပ်ပင် ဖြစ်သည်။
မြန်မာနိုင်ငံတော်အနေနဲ့ လက်ရှိအချိန်တွင် တည်ရှိနေတဲ့ မတူကွဲပြားမှုများနှင့် ပဋိပက္ခ၊ပွတ်တိုက်မှုများရဲ့ အဓိပ္ပါယ်၊ အတိမ်အနက်၊ ရှုမြင်လက်ခံပုံ၊ ယူဆပုံနဲ့ပတ်သက်ပြီး လက်ရှိအတူနေထိုင်နေလျက်ရှိတဲ့ လူမျိုးစုအသီးသီး၊ ကိုးကွယ်မှုဓလေ့ထုံးတမ်းအသီးသီးကြား၊ ဒေသအသီးသီးကြား အမျိုးမျိုး ကွဲပြားပါတယ်။ ထိုကွဲပြားမှုကဘဲ လက်ရှိမီးဟုန်းဟုန်းထနေတဲ့ ပြည်တွင်းစစ်အထိကို တွန်းပို့ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲ..?။ အဖြေကတော့ ပြည်သူအားလုံးကို အကျုံးဝင်စေနိုင်တဲ့ အကျိုးများစေမဲ့ နိုင်ငံရေးစနစ်တစ်ခုကို မတည်ဆောက်နိုင်ခြင်းကြောင့်ပင်။
အားလုံးအကျုံးဝင်တဲ့ နိုင်ငံရေးစနစ်ဆိုတာ ဘာလဲ
အားလုံးအကျုံးဝင်တဲ့ နိုင်ငံရေးစနစ်တစ်ခု ဆိုတာ နိုင်ငံတော်အတွင်း နေထိုင်သူတွေအားလုံးအတွက် မတူကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ၊ တသားတည်းအကျိုးများစေတဲ့ နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်ရေးပင် ဖြစ်ပါတယ်။ အားလုံးတောင်းဆိုနေတဲ့အသံများကို ဖြည့်စည်းပေးနိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ခြင်းပင်ဖြစ်သည်။ နေထိုင်သူပြည်သူအားလုံး နိုင်ငံဖြစ်ခြင်းဆိုတဲ့ အမှတ်သညှာနှင့် ထပ်တူကျခြင်းကို ဆိုလိုပါတယ်။
မြန်မာ်နိုင်ငံကို ပြန်ကြည့်မယ်ဆိုရင် အားလုံးအသံကို လွှမ်းခြုံနိုင်သော နိုင်ငံရေးစနစ်တစ်ခု မတည်ဆောက်သေးပေ။ လက်ရှိပြည်သူတွေ တောင်းဆိုနေတဲ့ လူမှုအသိုင်းအဝိုင်းတည်ဆောက်ပုံမတူညီတဲ့ လူမျိုးစုအသီးသီးကြားမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ကို မပေးနိုင်ဘဲ၊ အတင်းအကျပ် ဝင်ရောက်စွက်ဖက်တဲ့ ဗဟိုဦးစီးစနစ်ကို အခြေခံပြီး နာမည်ခံ ပြည်ထောင်စုကို ဖွဲ့စည်းဖို့ အတင်းအကျပ် ကြိုးစားတာကြောင့် ဆိုရမှာ ဖြစ်ပါတယ်။
အားလုံးဆိုလိုတဲ့ အမျိုးသားတန်းတူခွင့်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေမှာ လူမျိုးအခြေပြုပြည်နယ်၊ ဒေသအခြေပြုပြည်နယ်တွေအကြား ကွာခြားချက်မရှိဘဲ တသားတည်း အကျိုးခံစားခွင့်ရရှိတဲ့အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတော်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် တည်ဆောက်ချင်ကြပြီလို့ အသံတည်း ထုတ်လာကြပြီ။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဘယ်လို တည်ဆောက်ကြမလဲ
အမျိုးသားရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာ စတာတွေမှာ နက်နက်ရှိုင်းရှိုင်း ကွဲပြားခြားနားခြင်းအပေါ် အခြေခံပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတစ်ခု တည်ဆောက်ဖို့ဆိုတာ အလွန်တရာ စိန်ခေါ်မှုများတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ထိုသို့သော နိုင်ငံတစ်ခု ဖြစ်ပါတယ်။ သို့ပေမဲ့ မြန်မာနိုင်ံငံဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေတည်ပြီး တည်ငြိမ် အေးချမ်းတဲ့ နိုင်ငံတော်အနေနဲ့ တည်ဆောက်လို့ ရနိုင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ် ရပ်တည်နိုင်တဲ့ အလားအလာအလွန်ကောင်းမွန်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်တော့မယ်ဆိုရင် အရင်းခံစိတ်ရင်းစေတနာမှန်ကန်ဖို့ လိုအပ်ပါတယ်။ အတူနေထိုင်လိုသူတွေနဲ့ နိုင်ငံတော်ဟာ တည်ဆောက်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ ခွဲထွက်ချင်သူတွေကို အတင်းဆွဲထားရုံနဲ့ ပြည်ထောင်စုကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက လက်ရှိယူနစ်တွေ အားလုံး အတူတကွ တန်းတူရည်တူ ပြည်ထောင်စုစိတ်ဓာတ်နဲ့ နေထိုင်လိုကြလားဆိုတာ အခြေခံအကျဆုံးနဲ့ အရေးကြီးအချက်ဖြစ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အတိအကျ ပြဌာန်းပုံဖော်စည်းကျပ်ပေးနိုင်မဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေလိုအပ်ပါတယ်။ ဖက်ဒရယ်ယူနစ် (ပြည်ထောင်/ ပြည်နယ်/ တိုင်းဒေသ) တွေအကြား အာဏာခွဲဝေမှုနှင့် လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အခွင့်ကောက်ခံခွင့်စတဲ့အရေးကြီးတဲ့အကြောင်းအရာတွေကို တိကျစွာ ရေးဆွဲပြဌာန်းဖို့လိုသလို၊ ယူနစ်များအကြားနှင့် ပြည်ထောင်စုနှင့် ဖက်ဒရယ်အကြား အာဏာခွဲဝေမှုနှင့် ပိုင်းခြားမှုကို အတိအကျပြဌာန်းဖွဲ့လိုပါတယ်။
လူနည်းစုအခွင့်အရေးအပါအဝင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့နှင့် ဆိုသော အရေးအရာတွေကို အတိအကျ စည်းမျဉ်းသတ်မှတ်ဖို့လိုအပ်ပါတယ်။ လူမျိုးကြီးတွေက လူမျိုးစုငယ်တွေအပေါ် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်တာတွေအရ ဗိုလ်ကျကြီးစိုးမှုမလုပ်နိုင်ဖို့ စည်းမျဉ်းသတ်မှတ်ထားဖို့လိုပါတယ်။ အရေးအကြီးဆုံးအနေနဲ့ ဖွဲ့စည်းပုံပါ အခြင်းအရာတွေကို လက်တလုံးခြား မရိုးသား၊ လှည့်စားသော နိုင်ငံရေးကစားကွက်တွေ မရှိဖို့ လိုပါတယ်။ ဖွဲ့စည်းပုံရဲ့ လုပ်ပိုင်ခွင့်အာဏာကို တစ်စုတစ်ဖွဲ့က အထက်စီးဆန်ဆန် ဆုပ်ကိုင်မထားဖို့ လိုပါတယ်။
တတိယအဆင့်အနေနဲ့ တရားမျှတပြီး၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲစနစ်ရှိဖို့ လိုပါတယ်။ ဖက်ဒရယ်ယူနစ်အသီးသီးမှာ ရှိကြတဲ့ နိုင်ငံရေးနှင့် လူမှုအသိုင်းအဝိုင်းဝန်းကျင်အားလုံးရဲ့ အသံနှင့် ဆန္ဒကို ယူဆောင်ပေးနိုင်တဲ့ ရွေးကောက်ပွဲစနစ်ဖြစ်ဖို့ လိုပါတယ်။ လွှတ်တော်အတွင်း အသံအားလုံးရောက်ရှိမှသာ နိုင်ငံရေးပဋိပက္ခနှင့် အငြင်းပွားမှုတွေကို လွှတ်တော်အတွင်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
သို့မဟုတ်ပါက နိုင်ငံရေးပဋိပက္ခတွေဟာ ပွတ်တိုက်မှု ပိုမိုကြီးမားလာပြီး အကြမ်းဖက်မှုတွေ၊ ပြည်တွင်းစစ်တွေအထိ ရောက်ရှိလာနိုင်ပါတယ်။ ထို့ကြောင့် မတူညီတဲ့ အစုအဖွဲ့တွေအကြား တူညီတဲ့ အာဏာမျှဝေမှု (တနည်း) အာဏာခွဲဝေမှုကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လွှတ်တော်နိုင်ငံရေးကနေ ပိုမိုစုစည်းခိုင်မာတဲ့နိုင်ငံရေးစနစ်၊ ဥပဒေတွေကို ပြဌာန်းနိုင်ဖို့လိုပါတယ်။
နောက်ထပ်အရေးကြီးတဲ့အခြင်းအရာက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်တော့မယ်ဆိုရင် ကွဲပြားတဲ့အစုအဖွဲ့တွေအကြား မတူကွဲပြားမှုကို နားလည်လက်ခံလာအောင်၊ အမြင်ခြင်းဖလှယ်၊ အသိချင်းဖလှယ်နိုင်တဲ့ ဆုံမှတ် (တနည်း) နိုင်ငံံရေးစကားဝိုင်းတွေ ပိုမိုလုပ်ဆောင်ဖို့လိုအပ်ပါတယ်။
နွေဦးတော်လှန်ရေးမတိုင်ခင်မှာ မြန်မာပြည်မသားတွေအနေနဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သကပြီး စိတ်ဝင်စားမှုနည်းသလို၊ အကြောင်းအခြင်းအရာသဘောတရားကိုလည်း နားမလည်ခဲ့ပါဘူး။ ထို့သို့ ထပ်မဖြစ်အောင် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံရေးသမိုင်းကြောင်းအပါအဝင်၊ လူမျိုးရေး၊ ယဉ်ကျေးမှုသမိုင်းကြောင်းတွေကိုပါ သိနားလည်ထားဖို့လိုပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့ ငြိမ်းချိမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေးအပေါ် အရေးထားပြီး ပဋိပက္ခသံသရာစက်ဝန်းကို ရုန်းထွက်နိုင်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီယဉ်ကျေးမှုနှင့် အသားကျဖို့လိုပါတယ်။ ဒီမိုကရေစီယဉ်ကျေးမှုဆိုတာ မတူကွဲပြားတဲ့အမြင်အပေါ် နားလည်နိုင်စွမ်းရှိပြီး အားလုံးလက်ခံနိုင်မဲ့အဖြေကို ရှိနိုင်ခြင်းပင် ဖြစ်သည်။ အချင်းချင်းအကြား လေးစားတန်ဖိုးထားမှု၊ ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ အမြင်ခြင်း မျှဝေမှုတို့ကို အခြေခံပြီး အေးချမ်းသာယာတဲ့ တိုင်းပြည်ကို တည်ဆောင်ရမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနှစ်ချုပ်အနေနဲ့ မအေးချမ်းတဲ့တိုင်းပြည်တစ်ခုဟာ လူမှုရေး၊ စီးပွားရေးအဘက်ဘက်က နိမ့်ကျလာပြီး ကျဆုံးတိုင်းပြည်အဖြစ် အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အချက်အခြာကျတဲ့တိုင်းပြည်ကြီးတစ်ခု ဖြစ်ပေမဲ့ ပြည်တွင်းစစ် သံသရာစက်ဝန်းကနေ လက်ရှိအချိန်အထိ မရုန်းထွက်နိုင်သေးဘဲ၊ စစ်ဒဏ်ကြောင့် ပြည်သူအပါအဝင် မြေပေါ်မြေအောက်သယံဇာတများ အလဟဿဆုံးရှုံးလျက်ရှိပါတယ်။ ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီကို အခြေပြုပြီး ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြပါစေကြောင်း။
ဒေါနခင်