“မြေရှားသတ္တု တူးဖော်ခြင်း၏ နောက်ဆက်တွဲ သက်ရောက်မှုများကို မေးမြန်းချက်”
- ကိုရန်နိုင်စိုး
- Director of Myanmar Resource Watch
၁) မြေရှား သတ္တုဆိုတာဘာလဲ၊ မြေရှား သတ္တုကို ဘယ်လိုပုံစံ စတင်ပြီး အသုံးပြုခဲ့ကြတာလဲ။ မြေရှားသတ္တုကို ဘယ်လို နေရာတွေမှာ အသုံးပြုကြတာလဲ။
- မြေရှားကို အခြားသတ္တုများနှင့်ရောပြီး မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများ၏ အချက်အလက်သိုလှောင်ရာ ပစ္စည်း (Hard Drive) များ၊ လျှပ်စစ်ကားများ(EV)၊ တီဗီ (TV) များ စသည့် တန်ဖိုးကြီးပစ္စည်းများ ထုတ်လုပ်ရာတွင် အလွန်အရေးပါသော ကုန်ကြမ်းပစ္စည်းဖြစ်သည်။
- မြေရှားသတ္တုကို စစ်ဘက်ဆိုင်ရာ ပစ္စည်းများအဖြစ် အဝေးထိန်းကိရိယာစနစ်များ ၊ လေဆာ၊ ရေဒါနှင့် အသံပိုင်းဆိုင်ရာ ထောက်လှမ်းရေးစနစ်များနှင့် အီလက်ထရွန်းနစ်အမျိုးမျိုးတို့တွင်လည်း အသုံးပြုသည်။
၂) မြေရှား သတ္တု တူးဖော်မှုက မြန်မာပြည်ရဲ့ ဘယ်လိုဒေသတွေမှာ တူးဖော်နေကြတာလဲ။ မြန်မာပြည်ကို ဘယ်လို ပုံစံနဲ့ စတင်ဝင်ရောက်လာတာလဲ။
- မြေရှားသတ္တုတူးဖော်ထုတ်လုပ်သည့် မူလနေရာမှာ တရုတ်နိုင်ငံဖြစ်ပြီး မြေရှားသတ္တုတူးဖော်မှု၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် တရုတ်အစိုးရသည် ၂၀၁၆ ခုနှစ်မှစတင်၍ နိုင်ငံတွင်းရှိ မြေရှားတူးဖော်မှုများကို ပိတ်သိမ်းခဲ့ရာ ထိုတူးဖော်မှုလုပ်ငန်းများသည် ထိုအချိန်မှစပြီး မြန်မာနိုင်ငံတွင်း သို့ ဝင်ရောက်လာခဲ့သည်။
- လက်ရှိတွင် ကချင်ပြည်နယ် မြောက်ပိုင်း ကချင်အထူးဒေသ ၁ ဖြစ်သော ပန်ဝါမြို့နယ်တွင် တူးဖော်ထုတ် လုပ်နေသည်။
- စတင်ဝင်ရောက်လာစဉ် ကတည်းက တရားမဝင်ဖြစ်သော မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းများကို ဦးသိန်းစိန်နှင့် NLD အစိုးရလက်ထက်တွင်လည်း ဆက်လက်လုပ်ကိုင်နေခဲ့ကြပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်း အဆမတန်များပြားလာခဲ့သည်။
၃) မြေရှား သတ္တု တူးဖော်ခြင်းရဲ့ နောက်ဆက်တွဲ သက်ရောက်မှု တွေက ဘာတွေဖြစ်လာစေလဲ။ လူမှု ပတ်ဝန်းကျင်နှင့် ဒေသ ဖွံ့ဖြိုးမှုဆိုင်ရာအတွက် အကျိုးပြုပါသလား။
- သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ထိုဒေသရှိ ဂေဟစနစ်ကို ပျက်စီးခြင်းတို့ ဖြစ်လာစေသည်။
- အခြားဒေသမှ ရွှေ့ပြောင်းလုပ်သားများနှင့် တရုတ်နိုင်ငံသားများ ရောက်ရှိလာခြင်းကြောင့် မူးယစ်ဆေး နှင့် ရပ်ရွာလုံခြုံရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာခြင်း၊ ဒေသတွင်းနှင့်လုပ်ငန်းခွင်တွင် တရုတ် ငွေကြေးကိုသာ အသုံးပြုသောကြောင့် ငွေကြေးတန်ဖိုးကွာဟချက် ကြီးမားခြင်း၏ နောက်ဆက် တွဲအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်ကာ စားသောက်စရိတ်ကြီးမြင့်ခြင်းနှင့် လူမှုရေးပြဿနာများ ဖြစ်ပေါ် လာခြင်း တွေ့မြင်ရသည်။
- ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းဖြစ်သော ဥယျာဉ်ခြံမြေများနှင့် သစ်တောမြေများကို ဒေသခံတို့၏ အလိုဆန္ဒမပါဘဲ အတင်းအဓမ္မသိမ်းယူပြီး သတ္တုတူးဖော်မှုပြုလုပ်ခြင်းကြောင့် ဒေသခံတို့ သည် ၎င်းတို့၏မြေယာများကို လက်လွတ်ဆုံးရှုံးရပြီး အလုပ်လက်မဲ့ဖြစ်ခြင်း စသည့် အသက် မွေးဝမ်း ကျောင်း ပြဿနာများ ဖြစ်ပေါ်လာသည်။
- မြေရှားသတ္တုတူးဖော်မှုသည် ဒေသဖွံ့ဖြိုးမှုနှင့် လူမှုဖွံ့ဖြိုးမှု အတွက် အကျိုးယုတ်စေသော တူးဖော်မှုသာဖြစ်သည်။
၄) မြေရှား သတ္တု တူးဖော်လုပ်ကိုင်ခြင်းကြောင့် သဘာ၀ ပတ်ဝန်းကျင်ဘယ်လို ပျက်စီးစေသလဲ။ မြေရှားသတ္တု ထွက်ရှိတဲ့ ဒေသတွေကို ဘယ်လိုပြောင်းလဲသွားစေလဲ။
- မြေရှားသတ္တုတူးဖော်ရန်အတွက် တောင်များကို တောင်ကတုံးဖြစ်သည်အထိ ခုတ်ထွင်ရှင်းလင်း ပစ်သောကြောင့် သစ်တောပြုန်းတီးမှုဖြစ်လာသည်။
- မြေရှားထုတ်လုပ်ရာတွင် အသုံးပြုသော အမိုနီယမ်ဆာလဖိတ်နှင့် အခြားဓာတုပစ္စည်းများ ပျော်ဝင်နေသော စွန့်ပစ်ရေများကို ချောင်းများအတွင်း အလွယ်တကူစွန့်ပစ်သောကြောင့် မြေအောက်ရေညစ်ညမ်းပြီး ရေအရင်းအမြစ်ရှားပါးလာခြင်း၊ မြစ်ချောင်း အင်းအိုင်များအတွင်းသို့ စီးဝင်မှုကြောင့် ဒေသခံတို့ သောက်ရေပြဿနာနှင့်ကြုံလာရခြင်း၊ ငါးစသော ရေသယံဇာတများ ရှားပါးသွားခြင်း စသည်တို့ စတင်ကြုံတွေ့နေရပြီဖြစ်သည်။
- တူးဖော်မှုပြုလုပ်ပြီးနောက်တွင်လည်း သတ္တုမိုင်းပိတ်သိမ်းခြင်း လုပ်ငန်းများကို စနစ်တကျမပြုလုပ်ဘဲ အခြားမြေရှားသတ္တု တူးဖော်ရန် နေရာသစ်ကို အလျှင်အမြန် သွားရောက်လုပ်ကိုင်ကြပြီး သတ္တုမိုင်းတွင် အသုံးပြုသော ပလတ်စတစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် အခြားစွန့်ပစ်ပစ္စည်းများကို လက်လွတ်စပယ် စွန့်ပစ်ထားခဲ့ကြခြင်းကြောင့် သဘာဝပတ်ဝန်းကျင်တစ်ခုလုံး ညစ်ညမ်းပြီး တောရိုင်းတိရိစ္တာန်များရှားပါးလာခြင်းနှင့်အတူ ထိုဒေသရှိ ဂေဟစနစ်ကို ပျက်စီးစေသည်။
၅) မြေရှားသတ္တု သဘာ၀အရင်းအမြစ် ကုန်ဆုံးသွားတဲ့ နယ်မြေများဟာ ဘယ်လိုပုံစံပြောင်းလဲ သွားစေသလဲ။
- လက်ရှိတွင် ပန်ဝါမြို့နယ်အတွင်း တူးဖော်ထုတ်လုပ်နေဆဲဖြစ်ပြီး တူးဖော်ပြီးတောင်များနှင့် အနီးပတ်ဝန်း ကျင်တွင် အထက်တွင်ဖော်ပြခဲ့သော သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ညစ်ညမ်းမှု များကြောင့် စွ့န်ပစ် အမှိုက်ပုံများသဖွယ် စတင်မြင်တွေ့နေရပြီဖြစ်သည်။
- သိပ်မကြာခင်အချိန်တွင် မြို့နယ်အလိုက်၊ ဒေသအလိုက် ပြောင်းလဲမှုဆိုးကျိုးများ ဖြစ်ပေါ်လာတော့ မည်ဖြစ်သည်။ မြေရှားသတ္တုတူးဖော်နေသော ပန်ဝါဒေသသည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ် မြစ်ဖျားခံရာ၊ ရေဝေရေလဲဒေသဖြစ်သောကြောင့် ဧရာဝတီမြစ်ရေ အရည်အသွေးသည်လည်း ထိခိုက်ပြောင်းလဲလာမည် ဖြစ်သည်။
၆) စစ်တမ်းတွေအရ မြန်မာက တရုတ်ကို မြေရှားသတ္တုလုပ်ငန်း၏သယံဇာတများကို နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၀၀ အထက် ရောင်းချမှုရှိနေပေမယ့် အဲဒီက ထွက်ရှိလာတဲ့ အကျိုးအမြတ် များကလည်း မြေရှား သတ္တု တူးဖော်တဲ့ ကျေးရွာများ ဒေသခံများက ခံစားခွင့်မရှိကြဘူးလို့ သိရတယ်။ ဘာကြောင့် အခုလို ဖြစ်နေရ တာလဲ။
- မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းများကို လက်ဝါးကြီးအုပ် ထိန်းချုပ်နေကြသူများမှာ စစ်တပ်လက်အောက်ခံဖြစ်သော ထိုဒေသရှိ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ဖြစ်သည်။
- ထို့ကြောင့် မြေရှားတူးဖော်မှု၏ အကျိုးအမြတ်များသည် တရုတ်လုပ်ငန်းရှင်များ၊ စစ်တပ်နှင့် ထိုဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းများထံသာ စီးဝင်သွားသည်။
- အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ကောင်းမွန်သောသယံဇာတစီမံခန့်ခွဲမှုစနစ်မရှိခြင်း စစ်ကောင်စီ ကိုယ်တိုင် သည်လည်း နိုင်ငံသယံဇာတများကို ၎င်းတို့အကျိုးစီးပွားအတွက်သာ အသုံးပြု နေခြင်း နှင့် စစ်တပ်သည် ၎င်းတို့၏အကျိုးစီးပွားအတွက် မြေရှားသတ္တုထွက်ရှိရာ ဒေသရှိ လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး၊ စစ်ရေးအပေးအယူပြုလုပ်ထားခြင်းများသည် ဒေသခံတို့အား မြေရှားသတ္တု တူးဖော်မှုမှ ရရှိသော အကျိုးအမြတ်များကို ခံစားခွင့်မရစေသော အဓိကအကြောင်းရင်းများ ဖြစ်သည်။ ထို့အပြင် မြေရှားသတ္တုတူးဖော်မှုမှ အကျိုးအမြတ်များသည် နိုင်ငံတော်၏အခွန်အခအဖြစ် ဝင်ရောက်လာခြင်း မရှိသောကြောင့်လည်း ဒေသခံများသာမက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသည် လည်း အကျိုးအမြတ်ခံစားခွင့်မရကြပေ။
၇) မြေရှား သတ္တုတူးဖော်ခြင်းလုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်တဲ့ အမျိုးသမီး၊ အမျိုးသားများဘ၀တွေက နောက်ဆက်တွဲ သက်ရောက်မှု ဘာတွေဖြစ်စေလဲ။
- ဓာတုပစ္စည်းများကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများမှာ အမိုနီယမ် ဆာလဖိတ် သည် အနံပြင်းသည့်အတွက် အဆုတ်ကို ထိခိုက်စေပြီး မောပန်းခြင်းနှင့် ထိတွေ့မိပါက အရေပြားနှင့် မျက်လုံးကိုယားယံစေခြင်းနှင့် မီးလောင်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
- အလုပ်သက်တမ်းကြာမြင့်လာပါက အဆုတ်ကင်ဆာကိုဖြစ်စေနိုင်ပြီး အမျိုးသမီးများ၏ မျိုးပွားမှု အန္တရာယ်ကိုထိခိုက်စေနိုင်သည်။
- လက်ရှိလုပ်ကိုင်နေစဉ်တွင်လည်း အသက်ရှူရခက်ခဲခြင်း၊ အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်ခြင်း၊ အချို့သည် မူးယစ်ဆေးစွဲခြင်းနှင့် အမျိုးသမီးလုပ်သားအချို့သည် အမျိုးသမီးရောဂါများ ဖြစ်ပေါ်ခြင်းတို့ တွေ့မြင်ရသည်။
၈) Myanmar Resource Watch ရဲ့ စစ်တမ်းတွေအရ မြေရှား သတ္တုတူးဖော်ခြင်းလုပ်ငန်းတွေမှာ သွားရောက် လုပ်ကိုင်တဲ့ အမျိုးသမီးများရဲ့ ဘ၀က စိုးရိမ်တုန်လှုံ့စရာ အင်မတန်မြင့်မားတာကို တွေ့ရတယ်။ ဒီလိုအမျိုးသမီး များ၏ ဘ၀တွေ ဆုံးရှုံးမှု မဖြစ်ဖို့ ဘယ်လိုကာကွယ်ဖို့ လိုအပ်မယ်လို့ အကြံပြုချင်လဲ။
- ရှားတူးဖော်မှုလုပ်ငန်းတွင်သာမက အခြားသတ္တုတူးဖော်မှုလုပ်ငန်းများတွင်လည်း ဝင်ရာက်လုပ်ကိုင် နေသော ရွှေ့ပြောင်းအမျိုးသမီးလုပ်သားများ၏ လုပ်ငန်းခွင်ဆိုင်ရာပြဿနာများ၊ လူမှုဘဝများနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုများ အသံများကို နိုင်ငံအနှံ့ရှိ ပြည်သူများသိရှိအောင် ပုဂ္ဂလိက သတင်းမီဒီယာများမှ ပိုမိုရေးသားဖော်ပြရန် လိုအပ်ပါသည်။
- သက်ဆိုင်ရာဒေသအလိုက် အမျိုးသမီးအဖွဲ့များ အားကောင်းလာစေရန်နှင့် ရွှေ့ပြောင်းအမျိုးသမီး လုပ်သားများအတွက် လူမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ INGO နှင့် NGOအဖွဲ့များမှ တွန်းအားပေးဆောင်ရွက်သင့်သည်။
၉) မြေရှားသတ္တု လှုပ်ငန်း မလုပ်သင့်ဘူးလို့ ဒေသတွေက ယူဆတယ်ဆိုရင် ဘယ်လိုမျိုး ဆောင်ရွက်ဖို့ လိုမယ်လို့ အကြံပြုချင်လဲ။
- မြေရှားတူးဖော်မှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏ သဘောထားများကောက်ခံရန်လိုအပ်ပြီး ဒေသခံတို့၏ သဘောတူညီမှုရရှိရန် အထူးလိုအပ်သည်။
- သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ပျက်စီးစေသည့် မြေရှားတူးဖော်မှုများကို ဒေသခံများ လက်မခံသည်မှာ ထင်ရှားသောကြောင့် ဒေသနေပြည်သူများ၏ အသံကိုဂရုစိုက်နားထောင်ပြီး လက်ရှိ တူးဖော်မှုများကို အမြန်ဆုံးရပ်နားစေကာ ပိတ်သိမ်းခြင်းလုပ်ငန်းများကို လည်း စနစ်တကျဆောင်ရွက်စေသင့်သည်။ ယခင်ဒေသတွင်းရှိခဲ့သော စိုက်ပျိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများဖြစ်လာစေရန် အထူးအလေးပေးဆောင်ရွက်သင့်ပါသည်။
၁၀) ဖြည့်စွက်ချက်
- တန်ဖိုးကြီးမြင့်သည်နှင့်အမျှ တူးဖော်ထုတ်လုပ်မှု ဘေးထွက်ဆိုးကျိုးများစွာရှိနေပြီး ဒေသခံနှင့် ပြည်သူတစ်ရပ်လုံး အကျိုးခံစားခွင့်မရရှိသော မြေရှားသတ္တုတူးဖော်မှုများသည် နိုင်ငံအတွက် ကြီးမားသော သယံဇာတလေလွင့်ဆုံးရှုံးမှုဖြစ်သည်။
- လက်ရှိတူးဖော်မှုများကို တားမြစ်ရပ်တန့်နိုင်မည့် နည်းလမ်းများကို အမြန်ဆုံးရှာဖွေရန် လိုအပ်ပါသည်။ မြေရှားသတ္တုတူးဖော်မှုအပါအဝင် နိုင်ငံတွင်းရှိသယံဇာတများအားလုံးကို ရေရှည်တည်တံ့သော စနစ်ကျသည့်နည်းလမ်းများဖြင့်သာ တူးဖော်ထုတ်လုပ်သင့်ပြီး ရရှိလာသော အကျိုးအမြတ်များကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုခြင်းဖြင့် ပြည်သူများ၏ အကျိုးခံစားခွင့်အတွက်သာ ဖြစ်သင့်သည်။