အတွေးအမြင်

အတွေးအမြင် | လစ်ဘရယ်ဝါဒအတွေးအခေါ်များနှင့် တော်လှန်ရေး

လစ်ဘရယ်ဝါဒအတွေးအခေါ်များနှင့် တော်လှန်ရေး

စည်းနရီ | အတွေးအမြင် 

နွေဦးတော်လှန်ရေးဘာကြောင့်လုပ်သလဲလို့မေးရင် အရင် စုရွေးလွှတ်ကို ဆက်ကိုင်ထားဆဲ လူတချို့ကလွဲရင် အများစုကတော့ ဖက်ဒရယ်ဒီမိုကရေစီ လိုချင်လို့ဆိုပြီး ပြောကြမှာပါပဲ။ ဒီထဲမှာ မြန်မာပညာတတ်လူငယ်တော်တော်များများက လစ်ဘရယ်ဝါဒီလို့ သုံးနှုန်းကြတာတွေ တွေ့ရပါတယ်။ အရင်ဆောင်းပါးတုန်းက တော်လှန်ရေးမှာ နိုင်ငံရေးအတွေးအခေါ်က ဘာလို့အရေးကြီးတယ်ဆိုတာကို ပြောခဲ့တာလေးရှိတော့ အခုဆောင်းပါးမှာ လစ်ဘရယ်ဝါဒ (Liberalism) အကြောင်းကို သူနဲ့ဆက်စပ်တဲ့တော်လှန်ရေးအကြောင်းတွေနဲ့ တွဲစပ်ပြီးပြောချင်ပါတယ်။

ပထမဆုံး လစ်ဘရယ်ဝါဒဆိုတာ ဘာလဲဆိုတာကို အရင်ဆုံးဖွင့်ဆိုဖို့လိုပါလိမ့်မယ်။ လစ်ဘရယ်ဝါဒဟာ မူလဇစ်မြစ်အားဖြင့် ဘုရင်စနစ်ကိုတုန့်ပြန်တွန်းလှန်ရင်း ဖွံ့ဖြိုးလာတဲ့အတွေးအခေါ်တခုပါ။ ၁၈ ရာစု ဉာဏ်အလင်းပွင့်ကာလမှာ လူသားရပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် (Life, Liberty, Property) တွေကို အခြေခံပြီး အစိုးရကို ကန့်သတ်ဖို့ရာ အရေးကြီးတယ်ဆိုတဲ့အမြင်တွေတိုးတက်လာပြီး နောက်ပိုင်း အမေရိကန်တော်လှန်ရေးနဲ့ ပြင်သစ်တော်လှန်ရေးတွေမှာ ဆက်လက်ထွန်းကားခဲ့ပါတယ်။

ဒီခေတ်ကာလမှာတော့ လစ်ဘရယ်ဝါဒဟာ ရှုထောင့်အမျိုးမျိုးကို အခြေခံပြီး နိုင်ငံရေးအတွေးအခေါ်ပုံစံအမျိုးမျိုးဖြစ်တည်နေပါပြီ။ အတွေးအခေါ်တခုချင်းစီမှာလည်း သူ့ယုံကြည်ချက်အသွင်တွေနဲ့သူ တမူထူးခြားနေပါတယ်။ လစ်ဘရယ်ဝါဒအမျိုးအစားတွေထဲက တချို့ကို ဖော်ပြလိုပါတယ်။

ရှေးရိုးလစ်ဘရယ်ဝါဒ (Classical Liberalism) ဆိုတာကတော့ ကနဦးပထမအစဉ်အလာအရ တစ်ဦးချင်းရဲ့အခွင့်အရေးတွေ၊ ကန့်သတ်ထားတဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ ဈေးကွက်ရဲ့လွတ်လပ်မှုတွေကို တည်ထားတဲ့အတွေးအခေါ်ဖြစ်ပါတယ်။

ဆိုရှယ်လစ်ဘရယ်ဝါဒ (Social Liberalism) ကတော့ လူတဦးချင်းစီဟာ လွတ်လပ်ဖို့လိုပေမယ့် ဖိနှိပ်ခံရသူတွေ၊ ဆင်းရဲမွဲတေမှုက ထိခိုက်စေတဲ့သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးလို လူမှုဖူလုံရေးတွေက အရေးကြီးတယ်လို့လည်း ယူဆတာမို့ လူမှုရေးနဲ့ စီးပွားရေး တရားမျှတမှုမှာ အစိုးရရဲ့ပါဝင်မှုဟာ ပိုတက်ကြွဖို့လိုပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုလည်း အလေးပေးစဉ်းစားပါတယ်။

မော်ဒန်လစ်ဘရယ်ဝါဒ (Modern Liberalism) ဟာ အမေရိကန်စီးပွားပျက်ကပ်ကနေ တုန့်ပြန်ထွက်ပေါ်လာတာဖြစ်တဲ့အတွက် စီးပွားရေးတရားမျှတမှုမရှိတာတွေကို အစိုးရက ထိန်းချုပ်ဖို့လိုတယ်လို့ ယူဆတာပိုကြီးပါတယ်။ အမျိုးသားအကျိုးစီးပွားကို ပိုဦးစားပေးတတ်ပါတယ်။

နီယိုလစ်ဘရယ်ဝါဒ (Neoliberalism) ဟာ ရော်နယ်ရေဂင်တို့၊ မာဂရက်သက်ချာတို့လိုခေါင်းဆောင်တွေနဲ့အတူ ဖွံ့ဖြိုးမှုရလာတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ နီယိုလစ်ဘရယ်တွေဟာ အစိုးရကိုကန့်သတ်ပြီး တဦးတယောက်ချင်းစီဟာ ကိုယ့်ကိုယ်ကိုတာဝန်ယူဖို့လိုတယ်လို့ရှုမြင်ပါတယ်။ စီးပွားရေးဆိုင်ရာနဲ့ပတ်သက်ပြီး နီယိုလစ်ဘရယ်တွေဟာ အခွန်လျှော့ဖို့နဲ့ အစိုးရရဲ့ပါဝင်မှုတွေကိုလျှော့ချမယ့်မူဝါဒတွေဘက်က ရပ်တည်ပါတယ်။

တခြားလစ်ဘရယ်ဝါဒပုံစံတွေဖြစ်တဲ့ ပို့စ်မော်ဒန်လစ်ဘရယ်ဝါဒ၊ အော်ဒိုလစ်ဘရယ်ဝါဒ၊ အစိမ်းရောင်လစ်ဘရယ်ဝါဒ၊ လစ်ဘာရီတေးရီးယန်းလစ်ဘရယ်ဝါဒစသည်ဖြင့်လည်းရှိပါတယ်။ လစ်ဘရယ်ဝါဒီလို့ ပြောလာခဲ့ရင် ဘယ်လစ်ဘရယ်လဲဆိုတာ ပြန်မေးဖို့လိုပါတယ်။ တချို့လစ်ဘရယ်ဝါဒတွေဟာ အစိုးရရဲ့ပါဝင်မှုကို လူမှုရေး၊ စီးပွားရေးမျှတမှုအတွက် ချဲ့ထွင်ချင်ပြီး၊ တချို့လစ်ဘရယ်ဝါဒတွေက အစိုးရရဲ့ပါဝင်မှုကို ဖယ်ထုတ်ကန့်သတ်ပါတယ်။ ဒီလိုအလွန်ကွဲပြားတဲ့အယူအဆတွေအတွက် မူဝါဒနဲ့ ရပ်တည်ချက်တွေလည်း မတူညီကြပါဘူး။

ဒီနေ့ခေတ်မှာ လူတဦးချင်းစီရဲ့ အခွင့်အရေးလိုကြောင်း၊ လွတ်လပ်ခွင့်လိုကြောင်း၊ ပညာသင်ခွင့်တွေလိုကြောင်း၊ စတာတွေကိုပြောနေရတာ သိပြီးသားတွေလိုဖြစ်နေပေမယ့် ရှေးခေတ်တွေကတော့ ဒါတွေဟာဘယ်လိုမှ မလွယ်ကူခဲ့ပါဘူး။ အခန့်မသင့်ရင် အသက်သေနိုင်တဲ့အနေအထားတွေ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းလေးတွေဟာ အာဏာရှင်တဦး၊ လူတစုရဲ့ စုစည်းမှုတခုအောက်မှာ လှုပ်ရှားကြသလို အာဏာကို စိန်ခေါ်လာရင်လည်း ကိုယ့်လူပင်ဖြစ်စေ ပြင်းထန်စွာတုန့်ပြန်တတ်တဲ့ ကာလတွေရှိခဲ့ပါတယ်။ ဒီကာလရဲ့ ခါးသီးမှုတွေမှာ လစ်ဘရယ်ဝါဒဟာ အခြေတည်ပေါ်ပေါက်ခဲ့တာပါ။

ကနဦးတော်လှန်ရေးတွေမှာတော့ လစ်ဘရယ်ဝါဒရဲ့ အခြေခံအချက်အလက်တွေဟာအတော်အရေးပါခဲ့ပါတယ်။ ဘုရင်စနစ်တွေ၊ ကျွန်စနစ်တွေကို တော်လှန်တဲ့နေရာမှာ လူတဦးချင်းရဲ့ဘဝ၊ ရပိုင်ခွင့်တွေဟာ ဗဟိုချက်မတွေဖြစ်ခဲ့ပါတယ်။ အမေရိကန်တော် လှန်ရေး၊ ပြင်သစ်တော်လှန်ရေးတွေမှာ လူတဦးချင်းရဲ့ပိုင်ဆိုင်မှု၊ လူသားရပိုင်ခွင့် အခွင့်အရေးတွေ၊ ကိုယ်စားပြုမှုတွေနဲ့ ဖိနှိပ်မှုကို တွန်းလှန်ခွင့်တွေ အများကြီးအခြေပြုခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးဆိုင်ရာအခွင့်အရေးတွေနဲ့လည်း လစ်ဘရယ်ဝါဒဟာ ဆက်စပ်ပါတယ်။ ပြင်သစ်နဲ့ ရုရှားတော်လှန်ရေးတွေမှာ ပဒေသရာဇ်စနစ်ရဲ့ စီးပွားရေးအလွဲသုံးစားလုပ်မှုတွေကို စိန်ခေါ်တဲ့အချက်တွေရှိခဲ့ပါတယ်။

သို့သော်လည်း လစ်ဘရယ်ဝါဒဟာ တော်လှန်ရေးတိုင်းကို အမြဲတမ်းထောက်ခံတာတော့ မဟုတ်ပါဘူး။ လစ်ဘရယ်ဝါဒဟာ တဦးချင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစားရပါတယ်။ နောက်ပြီး တော်လှန်ရေးမှာ လူတွေကိုအတင်းပါဝင်ခိုင်းတာဟာ တဦးချင်းအခွင့်အရေးကို ဖျက်ဆီးရာပိုရောက်ပြီး ဖက်ဆစ်ဝါဒနဲ့ ပိုမိုနီးစပ်တယ်လို့ ရှုမြင်တတ်ပါတယ်။

ပြင်သစ်တော်လှန်ရေးလို တော်လှန်ရေးတွေကို လစ်ဘရယ်သီးသန့်တော်လှန်ရေးလို့ ဆိုလို့မရနိုင်ပါဘူး။ ဒီနေ့ခေတ်လစ်ဘရယ်ဝါဒီအတွက် အကြမ်းဖက်တယ်ဆိုတာ နောက်ဆုံးနည်းလမ်းဖြစ်ပြီး လူမျိုးတုန်းသတ်တာ၊ ဒါမှမဟုတ် တရားလွန်လူ့အခွင့်အရေးချိုးဖောက်တာတွေအတွက်သာ သုံးသင့်တယ်လို့ မြင်ပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးအရ ခုခံလှုပ်ရှားတာတွေကို ပိုယုံကြည်လေ့ရှိပါတယ်။

တဖက်ကလည်း လစ်ဘရယ်ဝါဒဟာ ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းကာလပျံ့နှံ့မှုတွေမှာ ဥရောပနယ်ချဲ့ဝါဒ၊ ကိုလိုနီစနစ်နဲ့ မကြာခဏ တွဲနေခဲ့ပါတယ်။ အင်အားကြီးနိုင်ငံတွေက အင်အားငယ်တဲ့နိုင်ငံတွေကို တိုက်ခိုက်နယ်ချဲ့တဲ့အခါ “မယဉ်ကျေးသူတွေကို ယဉ်ကျေးအောင်လုပ်ရမယ်” ဆိုတာမျိုးတွေ ပြောခဲ့ပါတယ်။ အနောက်ယဉ်ကျေးမှုက ပိုမြင့်တယ်လို့ မြင်အောင်လုပ်ခဲ့ကြပါတယ်။ ခေါင်းပုံဖြတ်မှုနဲ့ ဖိနှိပ်မှုတွေကို အကျိုးအကြောင်းပြတဲ့နေရာမှာ လစ်ဘရယ်ဝါဒရဲ့ ဘာသာစကားကို အများကြီးသုံးစွဲခဲ့ပါတယ်။ အခုဆိုရင်လည်း အမေရိကန်နဲ့ အနောက်ဘက်နိုင်ငံတချို့က အာရှနဲ့ အာဖရိကမှာ ကုန်သွယ်ရေးအသာစီးရဖို့၊ အစိုးရမူဝါဒတွေကိုပုံဖော်ဖို့နဲ့ ဒေါ်လာရဲ့အရေးပါမှုကို ထိန်းထားနိုင်ဖို့ လစ်ဘရယ်ဘာသာစကားကိုသုံးပြီး တခြားနိုင်ငံတွေအပေါ် လွှမ်းမိုးကြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာလည်း ဗမာတွေဟာ တိုင်းရင်းသားနိုင်ငံရေးယူနစ်တွေကို ဆွဲစုပ်ယူပြီး အတွင်းဘက်ကိုလိုနီ (Internal Colony) ပြန်လုပ်ထားပြီးတော့ “မဖွံ့ဖြိုးသေးတဲ့ဒေသတွေ ဖွံ့ဖြိုးရေးအတွက်” လို့ လစ်ဘရယ်စကားကို ဆက်သုံးထားပြီး တမျိုးသားတည်းဝါဒကို ထည့်သွင်းနေတာပါပဲ။ တဘက်ကလည်း စီးပွားရေးအချက်အခြာဒေသတွေကို ဗမာနိုင်ငံရေးသမားတွေ ဆက်ထိန်းထားနိုင်ဖို့ အကြောင်းပြချက်မျိုးစုံရှာကြပါတယ်။ ဗမာပြည်နယ်ဖွဲ့ရင် ပင်လယ်ထွက်ပေါက်ပိတ်မှာ စိုးရိမ်ချက်တွေ ရှိကြတယ်။ လက်ရှိတော်လှန်ရေးမှာလည်း ကချင်မြေရှားတူးဖော်တဲ့အကြောင်းအရာကို ဗမာတွေကဖော်ထုတ်ပြီး အပြစ်တင်ကြပေမယ့် ဗမာတော်လှန်ရေးအင်အားစုတွေက အလယ်ပိုင်းမှာ နေ့စဉ်သိန်းရာချီဝင်တဲ့ သက်နုရေနံထုတ်တာတွေ၊ ရွှေတူးတာနဲ့ သစ်ထုတ်တာတွေကနေ တော်လှန်ရေးရန်ပုံငွေရှာနေတာကို ဘယ်သူမှ ထောက်ပြတာ မရှိပါဘူး။

တကယ်က သိလျက်ဖြစ်စေ၊ မသိလို့ဖြစ်စေ၊ မသိချင်ယောင်ဆောင်တာဖြစ်စေ၊ အတင်းငြင်းပယ်လို့ဖြစ်စေ ကိုလိုနီပြုတဲ့စနစ်အောက်မှာ လစ်ဘရယ်ဝါဒဆိုတာမရှိဘူးလို့ သတိရဖို့လိုပါတယ်။ နောက်ပြီး လစ်ဘရယ်ဒီမိုကရေစီရဲ့ စဉ်းစားချက်အပေါ် ဝေဖန်ခံရတဲ့တချက်က လောကနိဗ္ဗာန်အခြေအနေကိုတည်ပြီး စဉ်းစားထားတဲ့ နိုင်ငံရေးစနစ်ဖြစ်နေတာပါ။ လူတိုင်း တွေးခေါ်ဆုံးဖြတ်မှုအတွက် လုံလောက်အောင်စွမ်းဆောင်ရည်ရှိကြတယ်ဆိုတဲ့အပေါ် အခြေခံသလို၊ လူတွေမသိအောင် လျှို့ဝှက်ထားတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ စုဖွဲ့မှုတွေရဲ့ တည်ရှိမှုကို ဖော့ပေး၊ လစ်လျူရှုထားပေးပါတယ်။ နောက်ပြီးလစ်ဘရယ်ဝါဒဟာ ကိုလိုနီတော်လှန်ရေးတွေနဲ့ ပြည်တွင်းစစ်တွေအပေါ် အမြင်မတူပါဘူး။ မြန်မာနိုင်ငံမှာ နဂိုကရှိတဲ့ တိုင်းရင်းသားခုခံစစ်တွေက ကိုလိုနီတော်လှန်ရေးအသွင်ဆောင်တာတွေရှိပြီး အခုလက်ရှိနွေဦးတော်လှန်ရေးကတော့ စနစ်ပြောင်းတော်လှန်ရေးကနေ ပြည်တွင်းစစ်အသွင်ပြောင်းလာတာပါ။ ဒါတော့ နောက်ကြုံရင်ရေးဖို့မှတ်ထားပါဦးမယ်။

ဒီတပတ်ကတော့ လစ်ဘရယ်ဝါဒနဲ့ တော်လှန်ရေးကိုဆက်စပ်တဲ့ အတွေးတချို့ကို တင်ပြရေးသားလိုက်ခြင်းဖြစ်ပါတယ်။ တခုသတိပြုရမှာက နိုင်ငံရေးဝါဒတွေကို လိုသလိုဆွဲယူအသုံးပြုနေရင်တော့ အာဏာရှင်စနစ်ပါပဲ။ လစ်ဘရယ်စနစ်မှာတောင် လိုတာကိုယူပြီး တမျိုးပြီးတမျိုးပြောင်းနေရင်တော့ အာဏာရှင်စနစ်ပဲ ဖြစ်လာမှာပါ။ ဒါကြောင့် လစ်ဘရယ်လို့ပြောရင် ကိုယ်ဟာဘယ်လိုလစ်ဘရယ်မျိုးလဲ၊ ကိုယ့်အတွေးအယူမှာ အားသာချက်၊ အားနည်းချက်ဘာရှိပြီး တော်လှန်ရေးနဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတာ ကြည့်နိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ နောက်ပိုင်းမှာတော့ တခြားစဉ်းစားချက်တွေနဲ့ တခြားနိုင်ငံရေးအတွေးအခေါ်တွေကို ဆက်စပ်ရေးသားပါဦးမယ်။

Related Articles

Back to top button