သတင်း

 CNA နှင့် ယော PDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ဓါတ်ပုံ – YPDF

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၃

ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) ကို ဒီကနေ့ မတ်လ (၂၁) ရက်နေ့က Victoria Base မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဆိုင်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုခိုင်မာအောင် တရားဝင် လက်မှတ်ရေးထိုးတာ ဖြစ်တယ်လို့ YPDF တပ်ဖွဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဌ ရဲဘော် ယောလေးက ပြောပါတယ်။

“ချင်းနှင့်ယောဟာ နယ်မြေချင်းထိစပ်နေတယ်။ နောက်ပြီး လက်တွေ့အားဖြင့်လည်း ကာကွယ်ရေးကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်နေကြတာ ရှိတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေက စကတည်းက ရှိပါတယ်။ ခုမှပဲ တရားဝင် လက်မှတ်ထိုးဖြစ်တာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် အခုလို လက်မှတ်ရေးထိုးတာဟာ နှစ်ဖက် နိုင်ငံရေးပိုင်း မပါဝင်ပေမယ့်၊ တော်လှန်ရေး အတွေ့အကြုံ ကောင်းရှိတဲ့ တပ်ဖွဲ့၏ စစ်ရေးစီမံခန့်ခွဲမှုကို နာခံယူတာလည်း ဖြစ်သလို၊ စစ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သီးသန့်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“CNA က တော်လှန်ရေး အတွေ့အကြုံကောင်းတွေ ရှိတဲ့အဖွဲ့ဖြစ်တယ်။ ကျွန်တော်တို့က ခုမှ ၂ နှစ်သားပဲ ရှိသေးတယ်။ ဆိုတော့ အတွေ့အကြုံရှိတဲ့ သူတို့ရဲ့ စစ်ရေးစီမံခန့်ခွဲမှုကို နာခံယူတဲ့သဘောပါ။ လက်မှတ်ထိုး တာကတော့ အဓိကအားဖြင့် စစ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပါပဲ။ နိုင်ငံရေးပိုင်းအရတော့ ချင်းလည်း ချင်းအလျောက် ယောလည်း ယောအလျောက် သူ့ဘာသာ ဆောင်ရွက်မှာပါ”လို့ ပြောပါတယ်။

အဲဒီ လက်မှတ်ရေးထိုးတဲ့ နားလည်မှု စာချွန်လွှာ စာချုပ် သက်တမ်းကာလဟာ နွေဦးတော်လှန်ရေး ကာလ ပြီးဆုံးတဲ့ အချိန်ထိ ဖြစ်ပြီး၊ စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေးတို့ အတွက် ချင်းအမျိုးသား တပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား သဘောတူညီချက်ရယူပြီး ပူးပေါင်းဆောင်ရွက်တာလို့လည်း ဆိုပါတယ်။

နားလည်မှု စာချွန်လွှာကိုတော့ ချင်းအမျိုးသားတပ်မတော် (CNA) မှ စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဌာန တာဝန်ရှိသူများ၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌ ရဲဘော် ယောလေးနှင့် တပ်ဖွဲ့တာဝန်ရှိသူများတို့က တက်ရောက်ပြီး လက်မှတ်ရေးထိုးခဲ့ကြတာလို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက  ABSDF (ယောဒေသ)နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပထမဆုံး လက်မှတ်ထိုးခဲ့တာဖြစ်ပြီး NUG ကာကွယ်ရေးဌာန တပ်ဖွဲ့များမပြင် မဟာမိတ်အဖွဲ့များနဲ့ည်း လက်မှတ်မထိုးပေမယ့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

Related Articles

Back to top button