သတင်းဆောင်းပါး

ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်

ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၃

ကျနော်က ရဲအုပ် xxx ပါ ။ xxxမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကနေ  ၄ရက် ၃လ ၂၀၂၁ မှာ ကျနော် CDM လုပ်ခဲ့တာပါ ။

ရဲတပ်ဖွဲ့ထဲ မရောက်ခင် ၁၀တန်းကျောင်းသားဘဝအထိ ကျနော် ရည်ရွယ်ခဲ့တာက အင်ဂျင်နီယာလိုင်းပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ၁၀တန်း အောင်တဲ့အခါမှာ အမှတ်မမီှခဲ့တဲ့အတွက် ရိုးရိုးတက္ကသိုလ် တက်တယ်။ တက္ကသိုလ် ပထမနှစ် ဖြေပြီးတဲ့ အချိန်မှာပဲ သူငယ်ချင်း တယောက်က ရဲထဲဝင်ဖို့ဆိုပြီးတော့ သတင်းကြားလို့ သူ့ဆီရောက်သွားတယ်။ အမှန်တော့ သူ့ကို သွားတားတာ။ အဲဒီအချိန်အထိ ရဲထဲဝင်ဖို့ စိတ်မဝင်စားသေးဘူး။ ပြီးတော့ အဲ့ဒီအချိန်မှာလည်း ရဲဆိုရင် သိပ်အမြင်မကြည်ဘူး။ အမြင်မကြည်ဘူးဆိုတာ  ကျန်တဲ့လုပ်တဲ့ ကိုင်တဲ့ အနေအထားတွေ မဟုတ်ပါဘူး၊ အဲဒီလောက်ထိလဲ မသိသေးပါဘူး။ ဒီတိုင်း ရဲ ကို ကြည့်လို့ မရတဲ့အထဲမှာ ပါတာလောက်ပဲ။

သူငယ်ချင်းက ရဲထဲဝင်မှာမို့လို့ သွားတားတော့ သူ့အဖေ က မင်းတို့ နောက် ၅နှစ်ဆို ဘာဖြစ်မလဲ ဆိုတာမျိုးတွေ ပြောတော့ တွေဝေ သွားတယ်။ အဲ့ဒီအချိန်မှာ ခေါ်တာက ထူးထူးခြားခြား ၂၀၀၁ ခုနှစ်မှာ ၁၀တန်းအောင် ဘွဲ့ရတွေကိုပဲ ဦးစားပေး ခေါ်တယ်။ ဘာပါသေးလည်း ဆိုတော့ နောက် လုပ်သက် ၅နှစ်ရရင် ဘွဲ့ရရ မရရ အရာရှိ ဖြေဆိုခွင့် ရှိတယ် ဆိုတော့ နည်းနည်းစဉ်းစားမိသွားတယ်။ ကိုယ်နဲ့ ကျောင်းအတူတူ တက်တဲ့ ကိုယ်နဲ့ အတူတူ ပြိုင်ဘက်လို့ပဲ ပြောရမလား အဲဒီ အပေါင်းအသင်းတွေ တော်တော်များများက အမှတ်ကောင်းပြီး အင်ဂျင်နီယာတို့လို အဆင့်မြင့်တဲ့တာတွေ တက်ခွင့်ရပြီး ကိုယ်ကျတော့ မရခဲ့လို့ စဉ်းစားမိသွားတာ။

အဲဒီမှာ တထိုင်ထဲ ဆုံးဖြတ်ခဲ့တာပေါ့။ ဆုံးဖြတ်ခဲ့ပြီး ရဲထဲကို ဝင်တဲ့ အချိန်မှာ  လက်မှတ်ထိုးခဲ့ရတာမရှိဘူး။ အဲဒီတုန်းက ရဲထဲကိုဝင်တာက အခုနောက်ပိုင်းတွေလောက် စနစ် ကျနမှု မရှိပါဘူး။

အဲ့ဒီတုန်းက အခုနောက်ပိုင်း သင်တန်း နဲ့ မတူဘူး။ ကာလ တခု နဲ့ တခုမှာ ကွာဟ ချက်လေးပေါ့။ ၂၀၀၁ ခုနှစ် က သင်တန်း တက်တဲ့ အခါမှာ လစာက ရာဂဏန်း ပါပဲ ၃၀၀ လား အဲ့လောက်ပဲ ရှိခဲ့တယ်။ ဒါပေမယ့် ဘယ်တော့မှ သင်တန်း လစာ မထုတ်ရဘူး။ အဖြတ်အတောက်တွေပေါ့။ အကုန်လုံး သွားတာ။ အဲဒီမှာမှ ဒီဘက်က သင်တန်းတွေ နဲ့ ဘယ်လို ကွာလာလဲ ဆိုတော့ ထမင်းပေါ့ သင်တန်းသားတွေပဲ ချက်ကြရတာ။ တယောက်တလှည့် ချက်ကြရတယ်။ ထမင်းကို စားချင်သလို စားလို့ မရဘူး။ အခုနောက်ပိုင်းလိုလဲ မဟုတ်ဘူး။ ထမင်းကို တောင်းကြီးထဲမှာ ထည့်လိုက်တယ်၊ တန်းစီရတယ်။ တန်းစီ ပြီးတော့ ကော်ခွက်တွေ နဲ့ ထမင်းယူရတယ်။ စားပွဲခုံမှာ စားပွဲ တန်းလျားတွေ ရှိတယ် စားပွဲတန်းလျားမှာ သွားမစားနိုင်ဘူး ဘာ့ကြောင့် သွားမစားနိုင်လဲ ဆိုတော့ လူက စီ လိုက်တယ်၊ တပ်ခွဲ တခွဲ မှာ ဆို တပ်စု ၄စု ရှိတယ်၊ တစုချင်း အလိုက် ထမင်းဝေတာ ဖြစ်တဲ့ အတွက် တစု ဝေလိုက်တဲ့ အချိန် မှာ လူက ၅၀ လောက်ရှိတဲ့ထဲ ရှေ့က တယောက် ရပြီးသွားပြီဆို နောက်က ထမင်း မလောက်ရင် တန်းစီဖို့ နောက်ဆုံးက ပြန်စီရတော့ ဟိုမှာ သွားထိုင် မစားနိုင်ဘူး။

ထမင်း ကို ဘယ်လိုပေးလဲဆို ယောက်ချို ဇွန်းနဲ့ ခပ်ပြီး ပေးတယ်။ ကျန်တာကတော့ ပဲဟင်း ပဲဟင်းရေကျဲ နဲ့ ကျွေးတယ်။ ထမင်းက တော်ရုံ တန်ရုံ ထမင်း မစားနိုင်တဲ့ သူတောင်မှ သင်တန်းရဲ့ ပင်ပန်းမှုကြောင့် အဲလောက်နဲ့ မလောက်ဘူး။ ထမင်း ကို ယူ ယူပြီးတော့ မလောက်ရင် ကိုယ့်မှာပါတဲ့ အကြော်အလှော် ပုလင်းလေးတွေကို ချိုင်းကြား ညှပ်ပြီးတော့ နောက်က ပြန်တန်းစီပြီး စားရတာပေါ့။ သူတို့ ကျွေးတဲ့ ပဲဟင်း တခုပဲ နဲ့တော့ ဘယ်လိုမှ စားမရဘူးလေ။

အဲဒီမှာ ကြီးကြပ်တဲ့ ဆရာတွေက တော်တော် ဆိုးပါတယ်။ ဘာတွေက ပြဿနာ တက်လဲ ဆိုတော့  ထမင်းနည်း တာတို့ စပါးလုံး ပါတာတို့ ပြောပြီ ဆိုတာနဲ့ တန်းပြီးတော့ မြေကြီးမှာ ရှိတဲ့ သဲကို ကောက် ယူ ပြီးတော့ ထမင်းထဲကို ပစ်ထည့်လိုက်တာ။ ဒါ ကျနော် တယောက်ထဲ မဟုတ်ဘူး ရှေ့က သင်တန်း တော်တော်များများမှာ ရှိခဲ့တယ်။ ဘယ်တော့လောက်မှာ ပြောင်းလဲသွားနိုင်လဲဆို ကျနော်တို့ ၂၀၀၅/၆ လောက်မှသာ ပြောင်းလဲ လာတဲ့ သဘောရှိတယ်။ ကျနော်ကတော့ မှီခဲ့တယ်ပေါ့။ ရှေ့မှာ ပိုဆိုးတယ် လို့ ပြောကြတယ်။ ထမင်း ဝေနေရင်းနဲ့ ဝေတဲ့ ဆရာက စိတ်မကြည်ဘူးဆို ထမင်းထဲကို သဲပစ်တာကတော့ ကိုယ်တိုင်ကြုံတွေ့ရတာပါ။တချို့ သင်တန်းသားတွေကတော့ တကယ် စည်းကမ်းမရှိဘူး  စည်းကမ်း မရှိတာလဲ ပါပါတယ်။ ထမင်းစားခါနီး အဆောင်တွေ ဘေးတွေမှာ အလေး ဘာညာ သွားထားတာ မိပြီဆို လုပ်တဲ့လူကို မဖော် နိုင်ရင် တပ်စိတ်တစိတလုံး လက်ညှိုးနဲ့ တို့ပြီး သွားရတဲ့ဟာမျိုးတွေရှိတယ်။ အဲဒါမျိုးတွေလည်းအများကြီး ကြုံရတာပေါ့။

သင်တန်း မှာတော့ ပြောမယ် ဆိုရင် အခက်အခဲ ပေါင်းစုံ ပါပဲ ။ သင်တန်းသား အချင်းချင်းမှာတောင်မှ သွေးခွဲတဲ့ ပုံစံမျိုးတွေ အများကြီး ကြုံရတယ်။ တတ်နိုင်တဲ့ သူ ဆို တတ်နိုင်သလို မတတ်နိုင်တဲ့သူဆို မတတ်နိုင်သလို ဒီလိုမျိုးလည်း ဦးစီးတဲ့ ဆရာတွေ၊ တပ်ခွဲမှုးတွေ၊ တပ်စုမှုးတွေကအစ ခွဲခြားတဲ့ဟာမျိုးတွေ အများကြီး ကြုံရတယ်။ ဒါကတော့ သင်တန်းတက်ဖူးတဲ့ သူတိုင်း တော်တော်များများ ကြုံရတဲ့ ကိစ္စပါပဲ ။

ကျနော်က စပြီးဝင်ကတည်းက ရဲတပ်ဖွဲ့ကို ချစ်လို့ မဟုတ်ဘူး။ ဒါပေမဲ့ စောစောက ပြောသလို အရာရှိ ဖြစ်ရမယ်ဆိုတဲ့ ကျနော့် ရဲ့ ရည်ရွယ်ချက်ကို လုံးဝ လက်လျော့ခဲ့ခြင်း မရှိဘူး။ အဲတာကြောင့် ကျနော့် ကာလနဲ့ ယှဉ်မယ်ဆိုရင် အဲဒီတုန်းက သူငယ်ချင်း ၃ယောက် အတူတူ ဝင်တာပေါ့။ ပထမဦးဆုံး အရာရှိ စာမေးပွဲကို အတူတူ ဖြေခဲ့ရတာတောင်မှ ကျနော်ပဲ ပါခဲ့တယ်။ ကျနော့် သူငယ်ချင်း တယောက်ဆို အရာရှိ မဖြစ်ပဲ နောက်ဆုံး ထောင်တွေ ဘာတွေ ကျတာမျိုး ရှိတာပေါ့ ။

သင်တန်း ဆင်းပြီးတော့ ရဲ တပ်ရင်း xxx မှာ တာဝန်ကျပါတယ်။ အဲဒီတုန်းက ပြည် ဘက်မှာ ကုလား ဗမာ အထိကရုဏ်းလေးတွေ ဖြစ်ပေါ်နေတဲ့ အတွက် (မူရင်းပြောကြားချက်ဖြစ်ပါသည်) သင်တန်း တောင်မှ ၆လ မတက်ခဲ့ရပါဘူး ၄လခွဲကျော်ကျော် နဲ့ သင်တန်း ဆင်းပြီးတော့ တပ်ရင်း xxx ကို ရောက် တယ်။

တပ်ရင်းမှာ ဘယ်လိုနည်းနဲ့ ငွေရှာလည်း ဆိုတော့ တပ်ရင်း စပြီးတည်တဲ့ အခါမှာ တိုင်းမှုးကပဲ တာဝန်ယူတယ်။ ငွေကြေးကိုကျ  ဒဲ့မပေးဘူး။ ဘယ်လိုလုပ်လိုက်လဲ ဆိုတော့ သက်ဆိုင်ရာ လက်သမားတို့ ပန်းရံတို့ ကန်ထရိုက် သဘောမျိုးကို သူက  ရှာပေးလိုက်တယ်။ တပ်ရင်းမှုးက ပါးတယ်။ ဘယ်လိုပါးလည်းဆိုတော့ လက်သမားတွေ ရောက်လာတယ် လက်သမားကို အလုပ်သမား ခေါ်မလာနဲ့ လူ ဘယ်လောက်လိုလည်း လူ ၁၀ယောက်လိုရင် လူ အယောက် ၂၀ ပေးတယ်။ လူ အယောက် ၂၀ လိုရင် လူ အယောက် ၄၀ ပေးတယ်။ ပထမတော့ ပန်းရံဆိုလဲ ဒီအတိုင်းပဲ။ လူ ၁၀ယောက် လိုရင် လူ ၂၀ယောက် ထည့်လိုက်တာပဲ။ လက်သမားတွေ ပန်းရံ ဆရာတွေက သဘောကျတာပေါ့။ သူတို့ စိတ်ထဲမှာက  ၁၀ယောက်ပဲ လိုတာကို လူ ၂၀ ပေးတယ် ဆိုတော့။ ၁၀ယောက် ခ ပဲ ပြန်ပေးရမယ်လို့ တွက်ထားတာလေ။ တကယ်ရှင်းတဲ့ အခါကျ အဲလို မဟုတ်တော့ဘူး။ တချို့ ပန်းရံဆရာတွေဆို ပိုက်ဆံ ရှင်းတဲ့အခါ ငိုတောင် ငိုတယ်။ တပ်ရင်းက လူက အရမ်းထုတ်နိုင်တော့ လွယ်လွယ်ပဲ လူကို ပို့ဖို့က စာရင်းဇယားနဲ့ ရှင်းလိုက် တော့ ကန်ထရိုက်က မြတ်ဖို့ဆိုတာ မလွယ်တော့ဘူး။ တပ်ရင်းမှာ အဲလိုလုပ်တယ်။

နောက်တခုက ဝါး။ အဆောက်အဦး တခု ဆောက်ပြီဆို တပ်ရင်းမှာ အဓိက ဆောက်သွားတာက အမိုးက သက်ကယ်နဲ့ မိုးတယ်၊ တိုင်တွေက သစ်သား နဲ့ လုပ်တယ်၊ ကျန်တာကျတော့ ဝါး တို့ သစ်တို့နဲ့။ ပြီးပြီဆိုရင် ဌာန ချုပ် ရုံးလို ဟာမျိုး ဗဟိုကင်းလို ဟာမျိုးဆို သဲကျောက် နဲ့ လုပ်တယ်။ အဲဒီမှာ ဘာတွေ လုပ်ကြလည်းဆိုတော့ ဝယ်တာ ဘာမှ မရှိဘူး။ အမိုးနဲ့ ပတ်သက်တဲ့ သက်ကယ် ဆိုရင် ယောင်္ကျားတွေက သက်ကယ် ရိတ်တယ် မိန်းမတွေက သက်ကယ် ပစ်ရတယ်။ ဝါး ဆိုရင် ဝက်ထီးကန် ဘက်မှာ ရှိတဲ့ ဆည်ဘက်ကို သွားပြီး ဝါးကို ခုတ်ရတယ်။ သဲကျတော့ ချောင်းထဲကပဲ လူနဲ့ကျုံးတယ်။ TE ကား ရှိတယ်။ TE ကားကို သုံးလို့ မရဘူး။ မောင်းရမှာကို ကြောက်နေတာ TE ကားကို တခါ မောင်းပြီ ဆို ရေသန့်ဘူးနဲ့ပဲ ဆီကပေးတာကိုး။ TE ကားက နှိုးလိုက်တာနဲ့ ဆီက ကုန်သွားပြီ။ ဘာပဲလုပ်လုပ် ကားကို သုံးခွင့်ပေးတယ်သာပြောတာ ကားနဲ့ မလုပ်ရဘူး။ အကုန်လုံး လူ နဲ့ ကျောက် ဆိုလဲ မြေနီတောင်က ကျောက်ကို ကိုယ်တိုင် ပေါက်တယ်၊ ဇကာချတယ်၊ ရေးဆေးပြီး အဲဒီကျောက်ကို သုံးရတာကိုး။ သစ်ဆိုလဲ ကံမ ဘက်မှာ သစ်ကွင်းမှာ သွားခုတ်တယ်။ ဘာတခုပဲ သူ ကုန် လည်း ဆို ဖောင်မျှောတဲ့ဟာ တခုပဲရှိတယ်။ ဖောင် မျော တဲ့ အချိန်မှာ စိုးရိမ်လို့ ဖောင်မျောတာကို ငှားတာပဲ ရှိတယ်။

ကျန်တဲ့ဟာတွေ မှန်သမျှ ရဲ တပ်ရင်းကို တည်ဆောက် ခဲ့တဲ့ အချိန်မှာ ကုန်ကျစရိတ်က ပြောလောက်အောင် မရှိဘူး။ ပြီးတော့ လျပ်စစ်မီးတိုင်တွေ စိုက်ဖို့တောင်မှ မီးတိုင် ကို ကိုယ်တိုင်လုပ်တာ။ ကွန်ကရစ် လောင်းတာကအစ လူ ရဲ့ အားနဲ့ပဲ။ သူ့အတွက်တော့ ကောင်းတယ် xxxမှာ တပ်မxxxတို့ ကတောင်မှ ရဲ တပ်ရင်းxxx ကို လာပြီး ကြည့်ရတဲ့ အဆင့်ထိ ဖြစ်ခဲ့တာပေါ့။ သူ့အတွက်က အရမ်းကောင်းခဲ့တယ်။ တော်တော်လည်း ဆိုးခဲ့တယ်။ အရာရှိတွေ အစည်းအဝေး လုပ်ရင်တောင်မှ အခန့်မသင့်ရင် တပ်ရင်းမှုးကနေ တပ်ခွဲမှုးတွေကို ရေနွေးပန်းကန်လုံးနဲ့ ပေါက်တဲ့ အဆင့်တွေအထိတောင်ရှိတာကိုး။ ကျန်တဲ့သူတွေကတော့ မစဉ်းစားပါနဲ့ ။

ကိုယ်တိုင် ကြုံခဲ့ရတာ ရှိတယ်။ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ဘာလို့ဆို အဓိက ကြုံခဲ့တဲ့ အချိန်က ဖြစ်ပြီးသွားပြီ၊ xxxဘက်မှာ ပွဲလမ်း သဘင် နဲ့ ပတ်သက်လို့ တော်ရုံ မလုပ်ခဲ့ တဲ့အချိန်မှာ အဲဒီကာလမှာပဲ Rဇာနည် တို့ ဆုန်သင်းပါရ်တို့ အကုန်လုံး ပါတဲ့ပွဲဖြစ်တယ်။ ယဉ်ကျေးမှု ရုံထဲမှာ လုပ်တယ်။ ရှေ့မှာရှိတဲ့ ကုလားဗမာ ကိစ္စလေးတွေကလည်း (မူရင်းပြောကြားချက်ဖြစ်ပါသည်)အဲဒီကာလတွေမှာ ကြုံခဲ့ရတာ ရှိတော့ တချို့ဟာတွေက ကျနော်တို့ လုပ်ခဲ့တဲ့ အမှားတွေလည်း ရှိတာပဲ။ တခါတော့ ကြုံခဲ့ရတယ်။ သီချင်းဆိုတဲ့ပွဲမှာ လုံခြုံရေး ယူတဲ့အခါမှာ လက်မှတ်တွေ မလောက်တော့တဲ့အတွက် တဦးကို ၅၀၀ ဆိုပြီး သွင်းတဲ့သူက လုပ်စားလိုက်တဲ့သဘော။ အတွင်းထဲမှာ လူတွေက အရမ်းကို များသွားတယ်။ စင်ပေါ်မှာ ဆိုတဲ့အခါကျ နာမည်ကြီးတဲ့သူတွေက အရင်မလာဘူး။ ကြားဖြတ် အစီအစဉ် လုပ်တဲ့အခါမှာ ပရိသတ်က လက်မခံနိုင်တော့ဘူး။ လက်မခံနိုင်တော့ ရေသန့် ဘူးတွေနဲ့ပေါက် ဘာညာပေါ့။ ပြဿနာက ဘာဖြစ်လာလဲဆို ပရိသတ်တွေကို ရှင်းထုတ်။ ဒါကျနော်တို့ ကိုယ်တိုင်လုပ်ခဲ့ရတာပါ။ လောက်လေးတွေနဲ့ပစ် ပရိသတ်ကို ခေါင်းထောင် လာတာနဲ့ လောက်လေးတွေ နဲ့ပစ်။ ရှေ့မှာ ရှိတယ်ဆို ရိုက်နှက် ဆိုတော့ စတိတ်စင်နဲ့ ဖျာ ၃ချပ်လောက်က လူ တောင် မရှိတော့ဘူး။ အဲဒီရဲ့ ဇာတ်လမ်းကနေ အပြင်မှာပါ ပြဿနာ ထပ်ဖြစ်တော့ ဘုန်းကြီးတွေ ဘာတွေ နဲ့ ဖြစ်သွားတာ။ ဆောင်ရွက်ရတဲ့သူတွေက ဥပဒေဆိုတာ မရှိတော့ဘူး။ အပေါ်က ဒါလုပ်ဆို လက်ရှိ နီးရာ ဓား အဓိက ပုံစံမျိုး သက်ရောက် သွားတာတွေ အများကြီးပဲ။ အဲသလို ပုံစံမျိုးတော့ ကျနော်တို့ ကိုယ်တိုင် ကြုံခဲ့ရတယ် ။

xxxတပ်ရင်းမှာ ၆နှစ် ကြာသွားတယ်။ အာဏာသိမ်းတော့ xxxမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှာ ရဲဦးစီးနဲ့ ရဲအုပ် တာဝန်ကျနေတာပါ။ အဲ့ဒီကာလက မဲကိစ္စတွေရောဆိုတော့ ရုံးမှာနေတာ များတယ်။ အဲဒီနေ့က ၃နာရီလောက်မှာ သူငယ်ချင်း တယောက်က ဖုန်းဆက်တယ်၊ သူငယ်ချင်း နေပြည်တော်မှာ အခြေအနေတွေတော့ ထူးနေပြီတဲ့။ အဲဒီအချိန်မှာ (ကျနော် နေရာတော့ ဇဝေဇဝါဖြစ်နေပြီ ထင်တာကတော့) သမ္မတ အိမ်တော်ဘက်မှာနဲ့ တူတယ် အဝင်အထွက် ဖြစ်နေပြီ လို့ လှမ်းပြောတယ်။ ၃နာရီလောက် ကတည်းက သိတဲ့ အတွက် တချို့ လူတွေကို ပြောတယ်၊ မြို့နယ်မှူးကိုလဲ ပြောလိုက်သေးတယ်၊ သိတာတော့ ၃နာရီ ကျော်ကျော်ထဲက သိတယ်။ သူငယ်ချင်းတွေကိုလဲ ပြောလိုက် သေးတယ်။ သိမ်းတယ်လို့တော့ မဟုတ် ဘူး။ အဲဒီအချိန်မှာ သိမ်းတယ်လို့ သိရတာ မဟုတ်ဘူး။ စစ်တပ်ကနေ ကားတွေနဲ့ လက်နက် အပြည့် အစုံ နဲ့ ရောက်ရှိလာတယ် ဆိုတဲ့ အနေအထား တခုကိုပဲ သိတာ။ ရန်ကုန်တိုင်းမှာ ရှိတဲ့ တိုင်းရုံးမှာ နေတဲ့သူတွေကို ၅နာရီလောက် မှာ ထပ်မေးလိုက်တဲ့ အခါမှာ ရန်ကုန် မြိုကလယ်ခေါင် ဘက်တွေမှာ တင့်ကားတွေ ဘာတွေနဲ့ ရောက်နေတာ သိရတယ်။ သို့လော သို့လောပေါ့၊ ဘာဖြစ်တာလဲ အနေအထားနဲ့ သိရှိခဲ့တယ်။ အာဏာသိမ်းတယ် ဆိုတာ ကြေညာမှပဲတ တကယ် သိရတာ။ လိုင်းတွေ အကုန် ပျက်သွား သေးတယ်၊ လိုင်းပြန်ရချိန် မြဝတီတို့ကနေ ဒုသမ္မတ နဲ့ မင်းအောင်လှိုင်တို့ ကာလုံ ပုံစံမျိုး ခေါ်ပြီးတော့ ကြေညာချက် ထုတ်တဲ့အခါမှာ ပြန်စလိုက်တဲ့ သဘောပါပဲ။ ကာလုံ ခေါ်ပြီး အချက် ၆ချက် နဲ့ ဒုသမ္မတ ကနေ ၄၁၇ အရ ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာ အရေးပေါ် အခြေအနေ ကြေညာပြီး ပေးတယ် ဆိုတာ တွေ့ရတယ်။ 

ရဲကို ဝါသနာ အရ မရှိခဲ့ဘူး ဆိုပေမယ့် ဝင်ပြီး တောက်လျောက်မှာတော့ အရမ်း ဝါသနာ ပါခဲ့တယ် ။ ဥပဒေ တွေ တော်တော်များများ ကို လေ့လာတယ်။ ကိုယ်နဲ့ ဆက်စပ် နေတဲ့ တရားရုံး လက်စွဲ တို့ ဥပဒေ အရာရှိတို့ အဲ့ဒါတွေကအစ။ ဘာလို့ဆို သူတို့နဲ့ ဆက်ဆံနေတဲ့ အခါမှာ သူတို့ ရဲ့ အားနည်းချက် အားသာချက် လုပ်ထုံးလုပ်နည်းကို သိချင်တဲ့အတွက် အတတ်နိုင်ဆုံး လေ့လာခဲ့တာ ဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၁ရက်နေ့မှာ တီဗီက ကြေညာချက်တွေမှာ စိတ်ထဲမှာ မရှင်းဘူး။ အဲဒါ နဲ့ ကြေညာချက်တွေ ထွက်လာတဲ့အခါမှာ အသေးစိတ် ကြည့်လိုက်တော့ အာဏာ သိမ်းမှုက ၂၀၀၈ နဲ့ ဘယ်လိုမှ မညီဘူးပေါ့။ ဒီနေရာမှာ တခုပြောချင်တာက အဲဒီအချိန်မှာ ၂၀၀၈ ကို ကိုင်စွဲထားရတာ ဖြစ်တဲ့ အတွက် ၂၀၀၈ ကို လက်ခံတဲ့ အနေအထား ပြောနေရတာ ဖြစ်ပါတယ်။ ၂၀၀၈ ကြီးကို စွဲကိုင်တဲ့သဘောကို ပြောနေတာ မဟုတ်ဘူး၊ အဲဒီကာလက ၂၀၀၈ ကို စွဲကိုင် ပြီး ဆောင်ရွက်ရတာဖြစ်တဲ့ အတွက် သူတို့အာဏာသိမ်းတာကလည်း၂၀၀၈ နဲ့ ညီတယ် လို့ ပြောပြီးတော့ သိမ်းတာ၊ ဒါပေမယ့် ကျနော်က အဲဒါကို သေချာ တခုချင်း ပိုင်းခြားကြည့်တဲ့အခါမှာ ၄၁၇ ကြေညာ ရလောက်အောင် အရေးပေါ် အခြေအနေ ဖြစ်နေပြီလား ဆိုတာ နိုင်ငံမှာ မတွေ့ရဘူး။ ဒုသမ္မတက သမ္မတ ရဲ့အနေအထား နဲ့ ဒီလို ကြေညာခွင့် ရှိမရှိ ဆိုတာလည်း ၂၀၀၈ ဖွဲ့စည်းပုံ မှာ ပြတ်သားစွာ ဖော်ပြ ထားခြင်းမရှိဘူး။ ဆိုလိုတာ ဒုသမ္မတ ရဲ့ လုပ်ပိုင်ခွင့်ကို ပြတ်သားစွာ ဖော်ပြထားတာ မရှိဘူး။ အဲဒီတော့ ဒါတွေက ဘယ်လိုနည်းနဲ့မှ မညီတဲ့ အတွက်ကျနော်က အာဏာသိမ်းတာကို လက်မခံနိုင်ဘူး။ ကျနော် နဲ့ ဆက်ဆံ နေတဲ့ တော်တော်များများဆို သိပါတယ်။ မြို့နယ်မှူး တို့ စခန်းမှူး တို့ ဒုမြို့နယ်မှူးတို့က တဖွဲ့ ကျနော်က တချို့တဝက် နဲ့ လက်မခံနိုင်တဲ့အဖွဲ့က တဖွဲ့။  ပြောမယ်ဆို ကျနော် တို့ မြို့နယ်ရုံး ရဲစခန်းမှာ အာဏာသိမ်းမှုကို လက်ခံတဲ့အဖွဲ့က အများစုဖြစ်နေတာပေါ့။ ကျနော် အဲဒီမှာ စာတွေရေးတယ် ။ ၂၀၀၈ ဖွဲ့စည်းပုံ နဲ့ အာဏာသိမ်းတဲ့ ၆ချက်ကို တချက်ချင်းစီကို ကျနော့်ဟာ ကျနော် စာရေးတယ်။ ဘယ်ဟာက ဘယ်လိုကြောင့် မညီတာဆိုတာ၊ ဘယ်လို အကြောင်းအရာတွေဆိုတာ ရေးတယ်။ အဲဒါကိုလဲ ချပြချင်တယ်။ ဒီအောက်မှာလည်း မနေချင်ဘူး။

အဲဒီ မှ ပြဿနာ တခုရှိတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့ မတိုင်ခင် ၂၀၂၀ ထဲမှာ ရဲ ထဲ က ထွက်ဖို့ ဆိုပြီး ထွက်စာ တင်ထားတာရှိတယ်။ ရဲ တပ်ဖွဲ့ကို စိတ်နာလို့လည်း မဟုတ်ဘူး။ ကျနော့်ရဲ့ တချို့မိသားစု ကိစ္စလေးတွေ ရှိတဲ့ အတွက် ရဲ ထဲက နေ ထွက်ဖို့ ထွက်စာ တင်ခဲ့တာ။ ဒီနေ့ ဒီအချိန်ထိ ရဲ တပ်ဖွဲ့ နဲ့ ပတ်သက်လို့ မင်နီ မင်ပြာ ဘာပြစ်ချက် မှ မရှိပါဘူး။ ကျနော့် အကြောင်းအရာ နဲ့ ကျနော် ထွက် ဖို့ လုပ်ခဲ့တယ် ။ ဒီဟာက ထွက်ခွင့်ကျမလား ဆိုတာက တပိုင်း။ အဲသလို ရှိနေတော့ ပြည်သူနဲ့ ရပ် တည်ဖို့ကို နောက်ကျခဲ့တယ်။ အဲဒီအချိန်မှာပဲ ဖေဖော်ဝါရီ လထဲမှာပဲ နေပြည်တော်မှာ ရဲအုပ် ကိုခွန်အောင်ကိုကိုတို့က မူးယစ်ကနေ စပြီးတော့ လူထုကြားကို ထွက်ပြီးတော့ အာဏာသိမ်းတာ နဲ့ ပတ်သက်ပြီးတော့ လက်ခံနိုင်စရာမရှိ အနေအထားနဲ့ ပြည်သူနဲ့ ရပ်တည်ခဲ့တယ်ဆိုတာ ကြား မိမှာပေါ့။ နဂိုကတည်းက ထွက်ချင်နေတာ အဲဒီအချိန်မှာ ပိုပြီးတော့ အာဏာသိမ်း မှုကို လက်မခံနိုင်တော့ဘူး။ လက်မခံနိုင်တဲ့ ကာလမှာပဲ နောက်တခု က ဆွဲဆောင်လာတာ ပေါ်လာတယ်။ ထွက်ခွင့်များ ရအုံးမလား ဆိုတာလည်း ရှိနေတယ်။

ကျနော် တို့ ဘက်မှာ ဆန္ဒပြတာတွေ  အများကြီးပေါ့။ xxx လမ်းဆုံမှာဆို အကာ အတားတွေ လုပ်ထားတဲ့ အနေအထားတွေ အများကြီး။ ဒါပေမယ့် ကျနော်တို့က နယ်မြေကို ဆင်းရတာမဟုတ်တဲ့အတွက် ပြီးတော့ ရုံးဦးစီး ဖြစ်တဲ့ အတွက် ရုံးမှာပဲ နေရတာ ဖြစ်တဲ့ အတွက် ကာလတခု အနေနဲ့ မှေးလို့ရတဲ့ ပုံစံလေး  ရှိနေတာပေါ့။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာ။ ဖေဖော်ဝါရီ တလလုံးမှာ ပြည်သူနဲ့ မရပ်နိုင်ခဲ့ဘူး။ ကျနော်က ပြီးခဲ့တဲ့ ၁နှစ်ကျော်လောက်ကတည်းက ရဲအုပ်ကနေ ဒုရဲမှူး စာမေးပွဲ ဖြေထားတာ ရှိတယ်။ မတ်လ ၁ရက်နေ့လောက်မှာ ကျနော့်ကို ဒုရဲမှူး clear ပါတယ်ဆိုပြီး သတင်းရတယ်။ နေပြည်တော် ကနေ သူငယ်ချင်း တယောက်ကနေ လှမ်းပြီး ဒီတခေါက် ထွက်မယ့်ထဲမှာ မင်းပါတယ်လို့ ပြောတယ်။ အဲဒီမှာ ဆုံးဖြတ်ချက်ကို ရဲရဲ ချလိုက်တယ်။ တကယ်လို့သာ ဒုရဲမှူး ဖြစ်ပြီ ဆိုရင် စောစောက တင်ထားတဲ့ ထွက်စာလဲ မရနိုင်သလို ဒီဟာကိုလဲ ဆက်လုပ်နေရရင် ပြည်သူ နဲ့ ကျနော် ထိပ်တိုက် တိုးရတဲ့ ကိစ္စတွေ ပေါ်လာတော့မှာ။ ဒီအောက်မှာလဲ မနေချင်တော့လို့ ပြည်သူ နဲ့ ရပ်တည်ပြီး CDM လုပ်ဖို့ဆုံးဖြတ်ခဲ့တာ။

တခုရှိတာက ရဲတပ်ဖွဲ့မှာ ကျနော် တာဝန်ထမ်းဆောင် ခဲ့တဲ့ ကာလတွေမှာ ရဲတပ်ဖွဲ့မှာ ရှိတဲ့ အကြီးအကဲတွေ မိုးကျရွှေကိုယ်တွေကနေ တပ်ဖွဲ့ ဝင်တွေကို အနိုင်ကျင့်မှုတွေ သွေးခွဲမှုတွေ ကြုံခဲ့ရတာတွေ အများကြီး ရှိပါတယ် ။ အလုပ်သင် ပြီး တော့ xxxတိုင်းထဲက  xxxမြို့သစ် မြို့နယ် ရဲတပ်ဖွဲ့ အဲ့ဒီ အောက်မှာ ရှိတဲ့ xxx ရဲစခန်းမှာ တာဝန်ကျတယ် ။ အရင်တုန်းကတော့ ၂ပွင့် စခန်းမှူး ထိုင်တယ်။ ဒါပေမယ့် မြို့နယ်ရုံးက သတင်းပို့ပြီး ဒီရဲစခန်း ကို မသွားခင်မှာပဲ ၂ပွင့် စခန်းမှူးက ပြောင်းဖို့ ရှိတော့ စခန်းမှူး တာဝန် နဲ့ လွှဲပြီး xxx စခန်းကို တာဝန် ကျသလို စခန်းမှူး တာဝန် နဲ့ တာဝန် ထမ်းဆောင် ရတာပေါ့။ အဲဒီမှာ တာဝန် ထမ်းဆောင်တဲ့ အချိန်မှာ အခက် အခဲတွေတော့ အများကြီး ရှိတာပေါ့။ ရှေ့မှာတော့ ခရိုင်မှူးတွေ အများကြီး ရှိခဲ့တယ်။ တိုင်းမှူးကတော့ ဦးဘကြည်ပေါ့။ ပြစ်ချက်တွေ များလွန်းလို့ ပြန်ပြီး ကလက်ဖန် ထိုးပြီး အငြိမ်းစား ပုံစံမျိုး ယူခိုင်းလိုက်တဲ့ ရဲမှုူးကြီး ဘကြည် ပေါ့။ ခရိုင်မှူးကတော့ သူရသွင်ကိုကို။ ကျနော် ထွက်လာစဉ် ကာလကတော့ မူးယစ် ဒုတပ်ဖွဲ့မှူး နဲ့ တူပါတယ်။ တော်တော်ဆိုးတယ်ဗျ ကျနော့်စခန်းမှာ ကျနော်က နယ်ထိန်း ခေါင်းဆောင်လည်း လုပ်တယ် စခန်းမှူးလဲ လုပ်ရတော့ ခရိုင် အစည်းအဝေး တော်တော်များများမှာ တက်ရတယ်။ နယ်ထိန်း နဲ့ပတ်သက်ရင်လည်း တက်ရတယ်။ စခန်းမှူး နဲ့ ပတ်သက်ရင်လဲ တက်ရတယ်။ ခရိုင်မှူးက အကြောင်းမရှိ အကြောင်းရှာပြီး သူ့ဆီကို အရမ်းခေါ်တာ။ တချို့နေရာတွေမှာ အစည်းအဝေး လုပ်တယ် ဆိုတာ လုပ်ငန်းရဲ့ လိုအပ်ချက်တွေ ဆွေးနွေးဖို့တွေ ပြောဆိုဖို့တွေ မှာကြားဖို့တွေ အတွက် လုပ်တာ၊ သူကကျတော့ အစည်းအဝေး လုပ်တာက အဲဒီ ရည်ရွယ်ချက် မဟုတ်ဘူး။ တော်တော်များများ သိကြပါတယ်။ ကျနော် တယောက်ထဲကွက် ဖြစ်ခဲ့တာတော့ မဟုတ်ဘူး။ အစည်းအဝေး လုပ်ပြီဆိုရင် လာရတဲ့သူက ဘာနဲ့ လာရလဲ ဆို စာအိတ် နဲ့ လာရတယ်။ စာအိတ်နဲ့ ဝင်မှသာ အဲဒီ အစည်းအဝေးမှာ အဲဒီလူက အဆင်ပြေမယ်။ အစည်းအဝေး ပြီးသွားရင်လဲ ခွဲတန်း ဆိုတာမျိုးတွေ ပေးရတာလည်းရှိတာပေါ့ တရားဝင်မဟုတ်တဲ့ တရားဝင်တွေ။ နယ်ထိန်းတွေ အစည်းအဝေးခေါ်တယ်၊ သူ့ ရဲ့ ရုံးခန်းမှာတွေ့တယ်၊ တကြိမ်ထဲလည်း မဟုတ်ပါဘူး တွေ့ပြီးရင် ခေါင်းစဉ် ရှာတာပေါ့၊ စာအုပ်တွေ ဘာတွေကိုင်ပြီး စာမေးတဲ့ အဆင့်တွေ ဘာတွေ မေးတယ်။ တဖက်လူက မဖြေနိုင်တော့ဘူးဆိုရင် ကိုယ်ထိုင်တဲ့ ထိုင်ခုံကို မပြီးတော့ ထိုင်ထ အကြိမ်ရေ အတိုင်း လုပ်ခဲ့ရတယ်။ xxxမြို့မ နယ်ထိန်းတို့ တခြား နယ်ထိန်းတွေ ဆိုရင် အသက်အရွယ် က ၅၀ကျော်နေပြီ၊ လုပ်ရတာပဲ။ တချို့ကိုဆိုရင် အားလုံးရဲ့ ရှေ့မှာ တန်းစီ ပြီး လက်ထိပ်ခတ်ပြီးထားတာ။ ကျနော် ဆို မောင်းထုတ်ပါခံရတယ်။ တချို့ဟာတွေ ကျနော် တို့လဲ မသိတာ တွေ ရှိတယ်။ ဒါပေမယ့် အရေးယူ မယ် ဆိုရင် အရေးယူလိုက် အဲ့လိုမျိုး မလုပ်နိုင်ဘူး။

ကျနော့်ကို အရေးယူမယ်ဆို ကြိုက်သလို အရေးယူလိုက်။ နောက်ဆုံး ရိုင်းရိုင်းပြောမယ် ဘယ်လောက်ထိ ဆိုးလဲ ဆို ယောင်္ကျား လိင် အင်္ဂါ အတု နဲ့ ပါးစပ်ထဲ ထိုးတာတွေ ရှိတယ်။ ကာလ အနေနဲ့ ပြောမယ်ဆို ၂၀၁၁ ၊၂၀၁၂ အစပိုင်း လောက်ပေါ့။ သူရသွင်ကိုကို ခရိုင်မှာ လုပ်ခဲ့တဲ့သူတွေ နယ်ထိန်းတွေ တော်တော်များများ သိပါတယ်။ အဲဒီလောက် ထိကို ဆိုးဝါးခဲ့တာ။

သင်တန်းကျောင်းတွေလည်း ရောက်တယ်၊ သင်တန်းကျောင်းမှာ နေလည်းနေခဲ့ ဖူးတယ်။ တပ်ခွဲ မှာနေတယ်။ ကြံ့ခိုင်ရေး တာဝန်ခံ လုပ်တယ်။ တော်တော်လေး စုံပါတယ်။ စာသင်တဲ့အပိုင်းမှာလည်း စာသင်တယ်။ အဲဒီမှာတော့ ကျောင်းအုပ်ကြီးရဲ့ နာမည်တွေ မေ့နေတယ်။ xxxတိုင်းကနေ ကျောင်း ကို ပြောင်းသွားတာ ၂၀၁၂ / ၂၀၁၃ လူကြီးတွေက သင်တန်းသားတွေရဲ့ ငွေကြေးတွေ အပေါ်မှာ မိမိ ကိုယ်ကျိုး အတွက် လုပ်တာတွေ ချည်းပဲ။ တပ်ခွဲမှူးတွေလဲ ဒီအတိုင်းပဲ။ လေ့ကျင့်ရေး အပိုင်း ဒုကျောင်း အုပ် တို့ လေ့ကျင့်ရေး ဌာနမှူးတို့ဆို ဒီအတိုင်းပဲ။ ငွေ ရဖို့ပဲ ကြည့်ကြတာ။ သင်တန်းသားတွေက လစာထုတ်ပြီဆိုရင် လစာကို အကြောင်းအမျိုးမျိုးနဲ့ ဖြတ်တာ။ ကျနော်ဆို လစာ ပေးတဲ့ အချိန် တပ်ခွဲမှာ နေတယ် လစာပေးတဲ့ အချိန်မှာ ဘယ်တော့မှ တပ်ခွဲမှာ မနေဘူး။ ကြည့်ပြီး စိတ်ဆင်းရဲလို့။ လစာတွေ ဖြတ်တယ်၊ တိုင်ပြီဆိုလည်း ပေးကမ်းပြီး ပြီးသွားတာ ချည်းပဲ။ သင်တန်းသားတွေ အပေါ်မှာ လစာ ကို နည်းမျိုးစုံ နဲ့ အကြောင်းအမျိုးမျိုး ပြပြီး ရယူကြတာ ကြီးပါပဲ ။

အလုပ်သင်ဘဝနဲ့ xxxမှာ တာဝန် ထမ်းဆောင် ခဲ့တုန်းကဆို တပ်ကနေ ရဲ အပေါ်မှာ အနိုင်ကျင့်ခဲ့တဲ့ ဖြစ်စဉ် တခုရှိတယ်။ ကိုယ်တိုင် ကိုယ်ကျခံခဲ့တဲ့ ကိစ္စပါ။ ဖြစ်စဉ်က ဒီလို။ အဲဒီကာလတုန်းက ၂၀၀၇ လောက် မှာ ဗုံးခွဲ လိုက်တဲ့ကိစ္စ xxx ဘူတာမှာ ဗုံးခွဲလိုက်တဲ့ကိစ္စ။ အဲဒီနောက်ပိုင်းမှာ ရဲစခန်းကနေ ဘူတာဘက်မှာ သတင်းတို့ ဘာတို့ ယူရတာ ရှိတယ်။ ဒုရဲအုပ် တယောက် နဲ့ ကျနော်က အလုပ်သင် ဆိုတော့ သူတို့ လူလိုပြီဆို ပါရတာပေါ့။ တခြားအဆင့် ၂ယောက်နဲ့ ၄ယောက် ဘူတာဘက်ကို ယူနီဖောင်းနဲ့ သွားတဲ့ အချိန်မှာ တပ် ကနေပြီးတော့ အရပ် ဝတ် နဲ့ ဒုတပ်ကြပ် နဲ့ တူပါတယ် ပြဿနာ ရှာတာပေါ့။ လာလို့မရဘူးတွေ ဘာတွေဆိုပြီး ဘူတာရှေ့ မှာမဟုတ်ဘူး တာဝန်အရ လာတာ ယူနီဖောင်း နဲ့ ပေါ့။ အဲဒါနဲ့ ကျနော်တို့ရဲ့ အရာရှိ ဒုရဲအုပ်ကို ပခုံးကိုဆွဲပြီးတော့ ထိုးတာ။ ကျနော်တို့ကလည်း သူ့ကို ပြန်ထိုးပြီး ခေါ်လာခဲ့တာပေါ့ ။ စခန်းကို တပ်ကနေ တပ်ခွဲတခုလုံး နီးနီး လက်နက်တွေ နဲ့ ရောက်လာတယ်။ ရောက်လာပြီး သူ့လူကို ပြန်ခေါ်တယ်။ ဆိုးဆိုးဝါးဝါး မလုပ်ပါဘူး။ ဟိုမှာ တုန်းကတော့ တယောက်နဲ့ တယောက် တချက် နှစ်ချက်ထိုးတာပေါ့။ တယောက်ထဲကပဲ ထိုးတာပါ။ အပြန်အလှန်ပဲ အထဲမှာ ကျတော့ သူ့လူကို ကျနော် တို့က ပြန်တောင်းပန်ရမယ် ဆိုတဲ့ ပုံစံမျိုး။ အဲဒီလိုထိ မကျေနပ်ဘူး။ အခုချက်ခြင်းပဲ တိုက်ပွဲ ဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးတွေ။ စာထဲမှာသာ ညီနောင် ညီနောင် ပြောနေတာ တကယ့် လက်တွေ့ မှာကျ  တပ်က လူတွေက ရဲဆိုရင် အမြဲတမ်း သူတို့ရဲ့ အောက်က ထားတာ။

ဆန္ဒပြမှုတွေမှာ ပတ်သက်လို့ ကုလားဖန်ထိုး ရတာတော့ ရှိတာပေါ့။ ဆန္ဒပြမှုတွေ စပြီး အင်နဲ့ အားနဲ့ ဖြစ်တဲ့ အချိန်မှာ လူထု စိတ်ဝင်စားမှာ စိုးတဲ့ အတွက် အင်အားလျော့ရတာတွေ ရှိတာပေါ့။ xxxလမ်းဆုံမှာ အင်အား ၄ / ၅ ထောင် နဲ့ ဆန္ဒပြတယ်။ ကျနော်တို့က ပြချင်ရင် ရာဂဏာန်း ပြရင် ပြတာပေါ့။ ရဲကပဲ ဖြစ်စေ သက်ဆိုင်ရာ အဖွဲ့အစည်း ကနေ လုပ်တဲ့အခါမျိုးမှာ ကျရင်တော့ လူအင်အား ၅၀ ဆိုရင်လဲ ၃၀၀ / ၄၀၀ ပြရတာပေါ့ ။ ဒီလိုမျိုးတွေက ရုံး staff ကနေ စီစဉ်ပေးရတာ ရှိတာပေါ့ ။

CDM စလုပ်လာပြီး နောက်ထပ် ၇ရက်နေ့လောက်ကစ ပြည်သူ နဲ့ တသားထဲ ရပ်တည်ပြီး တော်လှန်ရေးမှာ ပါခဲ့တာတွေ အများကြီး ရှိပါတယ်။ တချို့ ကိစ္စတွေကတော့ ကိုယ်တိုင် ဆောင်ရွက်ခဲ့ကြတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပျက်သွားတာတွေလဲ အများကြီး ကြုံခဲ့ရတယ်။ တော်လှန်ရေးနဲ့ ပတ်သက်လို့ စထွက်စဉ် အခါကတည်းက ဒီနေ့အထိ တော်လှန်ရေးမှာ အခုချိနထိ ရှိနေတုန်းပါပဲ။     

Related Articles

Back to top button