သတင်း

ပါတီ မှတ်ပုံမတင်ဖို့ SNLD ဆုံးဖြတ်  

ဓါတ်ပုံ – SNLD
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၀၊ ၂၀၂၃
 
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
ပါတီမှတ်ပုံမတင်ခြင်းဟာ ဒေသအလိုက် ပါတီဝင်တွေကို သွားရောက် တွေ့ဆုံပြီး သဘောထားရယူနိုင်ဖို့ လုံခြုံရေး ကန့်သတ်ချက် ရှိနေသလို UEC ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ ထုတ်ပြန်ချက် မရှိသေး တာကြောင့်လို့ သူက ပြောပါတယ်။
 
“ပါတီ ဆက်လက်ပြီး မှတ်ပုံမတင်ရတဲ့ အကြောင်းအရင်းကတော့ ကျနော်တို့ပါတီဝင်တွေရှိတဲ့ ကယားပြည်နယ်၊ ကချင် ပြည်နယ် အစရှိတဲ့ ဒေသတွေကို သွားရောက်ပြီး ဆန္ဒသဘောထားကို ရယူဖို့အတွက် လုံခြုံရေး ကန့်သတ်ချက် ကြောင့် မသွားနိုင်ဘူး၊ ပေးထားတဲ့အချိန် ၂ လအတွင်း ဒီကိစ္စတွေ ပြီးပြတ်အောင် လုပ်ရ မယ်ဆိုတော့လည်း ထိထိရောက်ရောက် လုပ်ဖို့ အချိန်က မလုံလောက် ဘူးပေါ့”လို့ ပြောပါတယ်။
 
ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ်ဆိုတာ တိကျရေရာတဲ့ ထုတ်ပြန် ကြေညာထားခြင်းမရှိလို့ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
 
စစ်ကောင်စီက ပြဌာန်းလာတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ သတ်မှတ်ရက်အတွင်း မှတ်ပုံ မတင်ခဲ့ပါက ပါတီမှတ်ပုံတင် အလိုအလျောက်ပျက်ပြယ်မှာ ဖြစ်တယ်လို့ ဆိုထားပေမယ့် SNLD ပါတီအနေဖြင့် ကိုယ့် အခက် အခဲနဲ့ ကိုယ် မှတ်ပုံ မတင်ထား နိုင်တာလွှဲလို့ရှိရင်၊ ပြစ်မှုတစုံတရာ ကျူး လွန်ထားတာ မရှိလို့ ထူးထူး ခြားခြား ထိခိုက်နိုင်စရာ အကြောင်းမရှိဘူးလို့ ပါတီအထွေထွေအတွင်းရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောပါတယ်။
 
ဒါ့အပြင်လဲ ရွေးကောက်ပွဲ တရပ်ကျင်းပတော့မယ်ဆိုရင် နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံပြုလိုသူ stakeholder အကုန်လုံး ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိရမှာဖြစ်ပြီး လုံခြုံမှုရှိစွာ ပြည်သူများကိုယ်တိုင် လွတ်လပ်စွာ မဲပေးနိုင်ခွင့် ရှိရမှာ ဖြစ်သလို ရွေးကောက်ပွဲဟာလည်း ဒီမိုကရေစီအပြောင်းအလဲ အရွေ့တခုဆီကို ဦးတည်ဖို့ အာမခံချက်ပေးနိုင်တဲ့ အခြေအနေမျိုး ကိုက်ညီတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်လို့ SNLD က ရှုမြင်ထားပါတယ်။

Related Articles

Back to top button