ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၅၊ ၂၀၂၃
ကယား(ကရင်နီ)ပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဟာ အရပ်သား ပြည်သူများ အားပစ်မှတ်ထား၍ စစ်ဖက်-အရပ်ဖက် မခွဲခြားဘဲ၊ စစ်ရှောင် စခန်းများ၊ ကျေးရွာများ၊ ဘာသာရေး ဆိုင်ရာနေရာများအား လေကြောင်းအပါအဝင် လက်နက်ကြီးများကို ဖေဖော်ဝါရီလအတွင်း စုစုပေါင်း (၆)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
အဆိုပါ လက်နက်ကြီးများထိမှန်ပြီး ဖေဖော်ဝါရီလအတွင်း ကလေးသူငယ်များအပါအဝင် အရပ်သား (၈) ဦး သေဆုံးခဲ့ရပြီး (၁၂ ) ဦးထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။
ဒါ့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားနေအိမ် (၉) လုံး၊ ဆေးပေးခန်း (၁)ခန်း၊ ဘာသာရေး အဆောက် အဦး( ၄) လုံး ဖေဖော်ဝါရီလအတွင်းမှာ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNDF ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ဖက်-အရပ်ဖက် မခွဲခြားဘဲ လေကြောင်းအပါအဝင် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုတို့ကို ယခုလအတွင်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာသလို နှစ်ဖက် စစ်ရေး ပဋိပက္ခများ ကျယ်ပြန့် လာနိုင်တာကြောင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)က အရပ်သားလူထု လုံခြုံရေးဆိုင်ရာ အရေးပေါ် အကာအကွယ်ရယူနိုင်ဖို့ ကြိုတင် ပြင်ဆင်ကြရန် အသိပေး တိုက်တွန်းနိုးဆော်ချက်တရပ် ယမန်နေ့ မတ် ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။